facebook က မြန်မာ့နိုင်ငံရေးအပေါ် ကြိုးကိုင် ခြယ်လှယ်နေသလား

Local News

၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲနီးလာချိန်တွင် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူများ ရေးသားသည့် Post များ အပိတ်ခံရခြင်း၊ ဖယ်ရှားခံရခြင်းများကို Facebook က ဆက်တိုက်ဆိုသလို ပြုလုပ်လျက်သည်ကို တွေ့ရသည်။

နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် ပြည်လုံးကျွတ်ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ရွေးကောက်ပွဲကို ပျက်စီးရာပျက်စီးကြောင်း ရေးသားခြင်း၊ ဆဲဆိုသည့်အသုံးအနှုန်းများကို ဖော်ပြခြင်းမရှိဘဲ မြန်မာ့နိုင်ငံရေး၏ လတ်တလောအခြေအနေများကို စောင့်ကြည့်သုံးသပ်သူများ၏ ရေးသားချက် Post များကို Facebook က ပစ်မှတ်ထား ဖြုတ်ချလာသည်ဟု ဆိုရမည်ဖြစ်သည်။

“ အခုက ပိုပိုဆိုးလာတယ်။ တချို့က ပြောတယ်။ Facebook ကို Complain တက်ပါလားဆိုပြီး ပြောကြတယ်။ အစ်ကိုကတော့မလုပ်ဘူး” ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

ဒေါက်တာရန်မျိုးသိမ်းမှာ စစ်အစိုးရခေတ်ကတည်းက ပြည်တွင်းသတင်းမီဒီယာများဖြစ်သည့် True News သတင်းဂျာနယ်၊ Flower News သတင်းဂျာနယ်၊ Myanmar Post သတင်းဂျာနယ် အစရှိသည့် သတင်းဂျာနယ်များတွင် နိုင်ငံရေး ဆောင်းပါးများ ဆက်တိုက်ရေးသားလာခဲ့သူတစ်ဦးဖြစ်သည်။ မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အတွေးအမြင် ဆောင်းပါးများရေးသားခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ဝေဖန်သည့်ဆောင်းပါးများကို အစဉ်တစ်စိုက် ရေးသားခဲ့သူဖြစ်ကာ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တွင်လည်း နိုင်ငံရေးဆောင်းပါးများကို ပြည်တွင်းသတင်းဂျာနယ်များနှင့် ပြည်ပအသံလွှင့် သတင်းဌာနများတွင် နိုင်ငံရေးဝေဖန်သုံးသပ်သူတစ်ဦးဖြစ်သည်။

 

ယင်းအပြင် ဒေါက်တာရန်မျိုးသိမ်းမှာ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ၎င်း၏ နိုင်ငံရေးလေ့လာသုံးသပ်ချက်များကို ရေးသားခဲ့ရာမှ ၂၀၁၆ ခုနှစ် ၂၀၁၇ ခုနှစ်မှစ၍ အချို့သောနိုင်ငံရေးအတွေးအမြင်များ ရေးသားထားခြင်းကို ဖြုတ်ချခံရမှုများ ရှိလာခဲ့သည်။

“ အရင်တုန်းကဆို အဲဒီလိုဖြစ်တာ မရှိဘူး။ မှတ်မှတ်ရရဆို ၂၀၁၆ နဲ့ ၂၀၁၇ လောက်မှ စဖြစ်လာတာ။ အရင်တုန်းကလည်းဝေဖန်ထောက်ပြမှုတွေ ရေးတယ်။ ဒါပေမဲ့ အခုလိုအရေးယူတာမရှိဘူး။ ဒီနောက်ပိုင်းကတော့ တော်တော်များများ ထိလာတယ်။ အပြုသဘောနဲ့ ဝေဖန်ထောက်ပြတာကိုတောင် ပိတ်လာတယ်။ အရေးယူလာတယ်” ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

 

အောက်တိုဘာ ၂၀ ရက်တွင် ဒေါက်တာရန်မျိုးသိမ်းမှာ လူမှုကွန်ရက် Facebook ၌ AA အဖွဲ့က ဖမ်းဆီးထားသည့် NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အဖမ်းခံရမှုနှင့် ပတ်သက်ပြီး ရေးသားခဲ့ရာ Facebook က ပြန်လည်ဖြုတ်ချခဲ့သည်။

ယင်း Post တွင် AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသည့် NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံ၊ AA အဖွဲ့၏ ထုတ်ပြန်ချက်များနှင့်အတူ ယင်းဖြစ်စဉ်အပေါ် သုံးသပ်ထားသည့် အတွေးအမြင်ကို ရေးသားထားခြင်းဖြစ်သည်။

 

 

ယင်းအတွေးအမြင်တွင် ဖမ်းဆီးခံရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်ပြီး အမြန်ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း၊ တစ်ဖက်နှင့် နားလည်မှုရရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်တို့ကိုသာ ရေးသားခဲ့သော်လည်း Facebook က ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် Facebook ၌ ဒေါက်တာရန်မျိုးသိမ်းက မြန်မာ့နိုင်ငံရေး ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အတွေးအမြင်နှစ်ခု ရေးသားခဲ့သည်။ သို့သော် မိနစ်ပိုင်းအကြာမှာပင် ဖြုတ်ချခံခဲ့ရသည်။

ယင်း Post များမှာ လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပေါ် ထောက်ပြဝေဖန်သည့်အကြောင်း ဖြစ်သည်။

တင်ခဲ့သည့် Post နှစ်ခုတွင် ပါဝင်သည့်အကြောင်းအရာများမှာတိုင် လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲတွင ်ဖြစ်နိုင်သည့်အခြေအနေများ၊ တိုင်းရင်းသားဒေသများတွင်ဖြစ်လာနိုင်သည့် အခြေအနေများ ပါဝင်သည်။

ပထမ Post တွင် ဒေါက်တာရန်မျိုးသိမ်း ရေးသားထားသည့်အကြောင်းမှာ ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်ပါတီ) သည် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲထက် ပိုမိုအနိုင်ရရှိလိမ့်မည်ဟု သုံးသပ်မည်ဆိုလျှင် မျက်နှာလိုမျက်နှာရ သုံးသပ်ချက်၊ ဖော်လံဖားသုံးသပ်ချက်သက်သက်သာ ဖြစ်နိုင်ပြီး ပကတိအခြေအနေနှင့် ကင်းလွတ်နေသဖြင့် အကျိုးထက်အဆိုး ဖြစ်နိုင်ဖွယ်ရှိသည်။ ဒီချုပ်ပါတီခေါင်းဆောင်များ ကိုယ်တိုင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် ပို၍အနိုင်ရမည်၊ အောင်ပွဲခံမည်ဟု အပြည့်အဝယုံကြည်နေမည်ဆိုလျှင်မတော်မတည့်သော အမြင်သုံးသပ်ချက်အဖြစ် မှတ်ယူရမည်ဖြစ်သည်။ သတင်းအချက်အလက်မှန်များကို အချိန်နှင့် တစ်ပြေးညီ မရရှိနိုင်လျှင် အမြင်သုံးသပ်ချက်များ လွဲမှားတတ်သည်မှာ ငြင်းမရသောတရားပင်ဖြစ်သည်။ ပြည်နယ်များတွင် တိုင်းရင်းသားပါတီများ အားကောင်းမောင်းသန်လာသဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာ အတော်များများကို ဒီချုပ်ပါတီအနေဖြင့် လက်လွှတ်ဆုံးရှုံးရနိုင်ဖွယ်ရှိနေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။ ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်ပြင်ပမြို့နယ်များကို သတိကြီးကြီးထား ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု အရှိအရှိအတိုင်း အဖားမပါ၊ မျက်နှာရလိုမှုမပါ သုံးသပ်ရမည်ဖြစ်သည်။ လက်ဆေးပါ။ Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ ကျန်းမာ၊ ဘေးကင်း၊ ချမ်းသာကြပါစေ” ဟု ရေးသားထားသည်။

ယင်း Post အား Community Standard နှင့် မညီဟုဆိုကာ Facebook က ၁၁ ကြိမ်တိတိပိတ်ခဲ့သည်။

ဒုတိယ တင်ခဲ့သည့် Post မှာ “ နိုင်ငံရေး လောဘ၊ ဒေါသ၊ မောဟကင်းကြပါစေ တိုင်းရင်းသားပါတီတွေအနေနဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မိမိတို့ပြည်နယ်တွေမှာ သောင်ပြိုကမ်းပြိုအနိုင်ရဖို့ နိုင်ငံရေးအရ အားကောင်းမောင်းသန် အရှိန်မြှင့် စည်းရုံးလှုပ်ရှားလာတာဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ကို အခွင့်သာစေတယ်လို့ သုံးသပ်မယ်ဆိုရင် တစ်ဖက်သတ်ဆန်လွန်းပါလိမ့်မယ်။ တိုင်းရင်းသားပါတီတွေက သူတို့ဒေသ၊ သူတို့အိမ်မှာ သူတို့အနိုင်ရဖို့ ပြိုင်တာပါ။ သူတို့က အိမ်ရှင်တွေပါ။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ်ဖက်တိုင်းရင်းသားပါတီတွေ၊ လုပ်ဖော်ကိုင်ဖက်တိုင်း ရင်းသားပါတီတွေနဲ့ နိုင်ငံရေးအရ ညှိနှိုင်းပူးပေါင်းဆောင်ရွက်တာတွေကို မလုပ်ဘဲ ခေါင်းမာမာနဲ့ ရပ်တည်ခဲ့တဲ့အတွက် အခုလိုတိုင်းရင်းသားပါတီတွေဘက်က သူနိုင်ကိုယ်နိုင်အပြိုင်ကြဲလာရတာဖြစ်တယ်လို့ နားလည်မိပါတယ်။ တိုင်းရင်းသားပါတီတွေဟာ သူ့ဒေသမှာ သူ့မူနဲ့သူရပ်တည် စည်းရုံးလှုပ်ရှားနေတာဖြစ်သလို သူ့လူထုရဲ့အရေးကို ရှေ့တန်းတင်ဆောင်ရွက်နေတာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ တချို့နိုင်ငံရေး သုံးသပ်သူတွေအနေနဲ့ တိုင်းရင်းသားပါတီတွေကြောင့် ဒီချုပ်နဲ့ ပြည်ခိုင်ဖြိုးနိုင်ငံရေးအားပြိုင်ပွဲမှာ ပြည်ခိုင်ဖြိုးကို အခွင့်သာစေသလို သုံးသပ်တာထက် ဒီချုပ်က တိုင်းရင်းသားပါတီတွေကို မိတ်ဖက်အသွင်၊ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေးအရ မဆက်ဆံခဲ့တာကို အလေးပေး ထောက်ပြသုံးသပ်သင့်တယ်လို့ မြင်ပါတယ်။ ဒီမိုးဒီလေဒီလူတွေနဲ့ ဒီပုံအတိုင်းသွားရင်တော့ တိုင်းရင်းသားအများစုနေထိုင်တဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေက ပိုမိုအနိုင်ရရှိလာနိုင်သလို၊ ဒီချုပ်နဲ့ တိုင်းရင်းသားပါတီအကြား မဲကွဲပြီး၊ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်ရတာဟာ တကယ်တော့ နိုင်ငံရေးလောဘ၊ နိုင်ငံရေးဒေါသနဲ့ နိုင်ငံရေးမောဟတွေ အမှောင်ဖုံးနေတာကြောင့်လို့ပဲ ဆင်ခြင်မိပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေ အပြတ်အသတ်အနိုင်ရရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ လက်ဆေးပါ။ Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ ကျန်းမာ၊ ဘေးကင်း၊ ချမ်းသာကြပါစေ’ ဟု ရေးသားထားသည်။

ယင်း Post ကိုလည်း Community Standard နှင့် မညီဟုဆိုကာ Facebook က ဆက်တိုက်ဖြုတ်ချခဲ့သည်။ မည်သည့်အချိန်တွင် ပြန်တင်တင် အတင်မခံဘဲ ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒေါက်တာရန်မျိုးသိမ်း၏ Post တွင်ရေးသားထားသည့် စာများကို ကူးယူဖော်ပြခဲ့သည့် အကောင့်များ ရှိသော်လည်း ဖြုတ်ချခြင်းမခံခဲ့ရသည်ကို တွေ့ရသည်။

ရွေးကောက်ပွဲနီးလာချိန်တွင် နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ အတွေးအမြင်များကိုသာမက Facebook ပေါ်တွင် နိုင်ငံရေးပါတီအချို့၏ လုပ်ဆောင်ချက်များကိုလည်း ကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

ပြည်သူ့ပါတီ PPP က အွန်လိုင်းတွင် အပတ်စဉ်ပြုလုပ်သည့် Pannel Discussion များ၊ မဲဆန္ဒရှင်ပြည်သူများနှင့် Facebook Live မှတစ်ဆင့် ဆွေးနွေးခြင်းများတွင် အစိုးရအား ဝေဖန်သည့်စကားများကို သုံးစွဲမိပါက ဖြတ်ချခြင်း၊ ဖြုတ်ချခြင်းများ ခံရကြောင်း ယင်းပါတီမှ ကမာရွတ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုနေယံဦးက ပြောကြားသည်။

ဦးနေယံဦးမှာ IT ပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုမီက ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များကို ဖော်ထုတ်ရေးသားခဲ့သူလည်းဖြစ်သည်။

ယင်းသို့ ဖော်ထုတ်ရေးသားခြင်းကြောင့် Facebook က ၎င်း၏ Post များကို သတ်မှတ်စည်းကမ်းချက်များနှင့် မညီဟုဆိုကာ ဖြုတ်ချခံရခြင်းများကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။

“ အစောပိုင်းတုန်းက ကျွန်တော့်ရဲ့ Life တွေဘာတွေ တင်တာပေါ့။ အဲဒီတုန်းက အဖြုတ်ချခံရတယ် ဆိုတာမရှိဘူး။ မှတ်မှတ်ရရ ကျွန်တော့်ကို Facebook ကစလုပ်တာကတော့ ၂၀၁၉ မှာ ပြည်ထောင်စု ရာထူးဝန်အကြောင်းကို ဝေဖန်ရေးသားတယ်။ သူတို့ရဲ့ အရှုပ်တော်ပုံတွေကို ဖြေချတယ်။ ဒီလိုတွေ စလုပ်တော့ Post တွေဖြုတ်ချခံရတာ၊ ပစ်မှတ်ထားခံရတာတွေ ဖြစ်လာတာ” ဟု ကိုနေယံဦးက ပြောကြားသည်။

နိုင်ငံရေးသမားအဖြစ် PP ပါတီက ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာအပြီးတွင် အွန်လိုင်းမှ မဲဆွယ်ခြင်းများ ပြုလုပ်ရာတွင်လည်း ကန့်သတ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဦးနေယံဦးက ပြောကြားသည်။

“ အခုပိုဆိုးတယ်။ အတိုက်အခံ နိုင်ငံရေးသမားဖြစ်လာတော့ အခုလည်းကြုံနေရတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ကြုံရသလို ရွေးကောက်ပွဲကာလမှာလည်း ကြုံနေရတယ်” ဟု ဦးနေယံဦးက ပြောကြားသည်။

“ နံပါတ် (၁) က ဘာလဲဆိုတော့ ရွေးကောက်ပွဲစစချင်းနေ့မှပဲ ကျွန်တော့်ရဲ့ Campaign Page မှာ ဘာမှတင်လို့မရဘူး။ စာလည်းတင်မရသလို ပုံလည်းတင်လို့မရဘူး။ ဗီဒီယိုလည်း တင်မရဘူး။ ဘာမှလုပ်လို့ မရတော့ဘူး။ Campaign Page တင်ဖြစ်တာလားဆိုတော့ မဟုတ်ဘူး။ ပြည်ထောင်စုရာထူးဝန်ကိုရေးတဲ့ Page တစ်ခုရှိတယ်။ အဲဒါကိုလည်း Facebook က ပေးမပြတော့ဘူး။ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ ကိုဗစ်ကြောင့် မြေပြင်မှာ မဲဆွယ်လို့ မရတဲ့အချိန် အွန်လိုင်းကနေမဲဆွယ် ဖို့လုပ်တဲ့အချိန်မှာ စာတွေပုံတွေ တင်လို့မရတော့ဘူးဆိုတော့ ကျွန်တော်တို့ ဘယ်လိုမဲဆွယ်ဖို့လုပ်ရတော့မလဲ။ ဒုတိယတစ်ခုက ကျွန်တော်တို့က အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အွန်လိုင်းမှာ Pannel Discussion လုပ်တယ်။ မဲဆန္ဒရှင်တွေနဲ့ Facebook Live လုပ်တယ်။ ဆိုတော့ အဲဒီမှာနှစ်ကြိမ်ကြုံရတယ်။ ပထမလုပ်နေတာအကောင်း၊ အစိုးရကိုစဝေဖန်တာနဲ့ Facebook က ကျွန်တော်တို့ Live ကိုဖြုတ်ချတာပဲ။ မှတ်မှတ်ရရ နှစ်ခါကြုံတယ်။ ဘာကြောင့် အကြောင်းပြလဲဆိုတော့ ကျွန်တော်တို့ Live မှာပြောဆိုနေတဲ့ အကြောင်းအရာတွေက BBC Burmese က Copy Right ငြိလို့တဲ့။ BBC က Report ထုလို့ဖြုတ်ချရပါတယ်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ တကယ်တမ်းက BBC ကလည်း Report မထုဘူး။ အဲဒီကိုလည်း မေးပြီးသွားပြီ။ နောက်တစ်ခုက ကျွန်တော်တို့ကလည်း Live ပြောနေတာဗျာ။ ဓာတ်ပုံတွေ၊ စာသားတွေ၊ ဗီဒီယိုတွေလည်း လုံးဝမသုံးဘူး။ ကျွန်တော်တို့က အခုလိုဖုန်းပြောနေသလို ပြောနေတာ။ Copy Right က ဘာမှပါစရာအကြောင်းကို မရှိဘူး။ အဲဒါတစ်ကြိမ်တောင် မဟုတ်ဘူး နှစ်ကြိမ်တောင်ဖြစ်တာ။ နောက်ဆုံးတစ်ကြိမ်က တော်တော်များများလည်း ကြုံမှာပါ။ Boost လုပ်လို့မရတဲ့ကိစ္စပေါ့။ ကျွန်တော်ဆိုရင် အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ပုံ။ ကျွန်တော့်ဆီမှာ တော်တော်များများက မြန်မာဝတ်စုံနဲ့ ရိုက်ထားတာက သိပ်မရှိဘူး။ ကိုဗစ်ဖြစ်သွားတော့ ဓာတ်ပုံဆိုင်တွေ ပိတ်သွားတော့ သွားမရိုက်ဖြစ်လိုက်ဘူး။ အဲဒီအနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ပုံကို Facebook မှာ Boost လုပ်တယ်။ လုပ်လို့မရဘူး။ ဘာကြောင့်ဆိုတော့ ကျွန်တော့်ပုံက လိင်အသားပေးတဲ့ပုံစံကို ဖော်ပြနေလို့တဲ့။ ကျွန်တော်က နက္ကတိုင်နဲ့ လုံလုံခြုံခြုံဝတ်ထားတဲ့ဟာကို ဘယ်လိုလုပ် လိင်အသားပေးတဲ့ ပုံဖြစ်မှာလဲဗျာ” ဟု ကိုနေယံဦးက ပြောကြားသည်။

မြန်မာ့ရွေးကောက်ပွဲကာလတွင် အမုန်းတရားများ၊ လူမျိုးရေး၊ ဘာသာရေးများကို ခုတုံးလုပ်ပြီး အမုန်းတရားပြန့်ပွားစေမည့်အကြောင်းများကို တားဆီးနေကြောင်း Facebook မှ တာဝန်ရှိသူတစ်ဦးက မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အောက်တိုဘာလလယ်ပိုင်းက မေးမြန်းခဲ့သည့်အကြောင်းအရာများမှာ လတ်တလောတွင် နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ Post များ၊ အတွေးအမြင်များကို ဖြုတ်ချခြင်း၊ ရွေးကောက်ပွဲနီးလာချိန်တွင် နိုင်ငံရေးလေ့လာသူများ၏ Post များကို မည်သည့်အတွက်ကြောင့် ဖြုတ်ချခဲ့ပါသလဲ။ မည်သည့် စံသတ်မှတ်ချက်များကြောင့်  ဖြုတ်ချခဲ့ခြင်းဖြစ်ပါသလဲနှင့် ဖြုတ်ချခံရသည့် Psot များ အတွင် အမုန်းတရားကြီးထွားစေခြင်း၊ ဆဲဆိုခြင်းများ မပါသော်လည်း မည်သည့်အတွက်ကြောင့် ဖြုတ်ချထားပါသလဲ စသည့် မေးခွန်းများဖြစ်ပြီး E-mail မှ တစ်ဆင့် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Facebook က ပြန်လည်ဖြေကြားရာတွင် နိုဝင်ဘာ ၂၂ ရက်အထိ မဲဆန္ဒရှင်များကို တားဆီးနှောင့်ယှက်သည့် အတည်ပြုစစ်ဆေးနိုင်သည့် သတင်းအချက်အလက်အမှားများ၊ အတည်ပြုစစ်ဆေးရန် ခက်ခဲသည့် ကောလာဟလများ သို့မဟုတ် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ သမာသမတ်ရှိရှိ ဆောင်ရွက်မှုကိုပျက်ပြားစေသည့် အကြောင်းအရာမှန်သမျှကို ဖယ်ရှားနေသည်ဟုဆိုသည်။

“ ကျွန်တော်တို့မှ အမုန်းစကား၊ အကြမ်းဖက်မှုနှင့် လှုံ့ဆော်မှုတွေနဲ့ ပက်သက်ပြီးအရေးယူဖို့ တိကျပြတ်သားတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် ဘယ်နေရာက အကြောင်းအရာဖြစ်ဖြစ် ဒီသတ်မှတ်ချက်တွေကို ချိုးဖောက်ထားတယ်လို့ သတိပြုမိတာနဲ့ ဖယ်ရှားပါတယ်။ အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားတာအပြင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကာလအတွင်း အကြမ်းဖက်မှု ဒါမှမဟုတ် မုန်းတီးမှုတွေဖြစ်အောင် လှုံ့ဆော်တဲ့ အကြောင်းအရာတွေ၊ တစ်မုဟုတ်ချင်း ပျံံ့နှံ့သွားနိုင်တဲ့ ဖြစ်စဉ်တွေကိုလျှော့ချဖို့ Facebook ကနေ နည်းပညာ ထုတ်ကုန်တွေကို မိတ်ဆက်ပေးထားပါတယ်” ဟု Facebook မှ တာဝန်ရှိသူက ပြောကြားသည်။

ထို့ပြင် လူမျိုးရေးနှင့် ဘာသာရေးအရ ယုံကြည်မှုများကို ခုတုံးလုပ်ပြီး တိုက်ခိုက်သည့် အကြောင်းအရာများကိုလည်း ဖယ်ရှားနေကြောင်း Facebook က ဆိုသည်။

ရွှေ့ပြောင်းအခြေချ နေထိုင်သူ အုပ်စုနှင့် ဘင်္ဂါလီကဲ့လို့ နိုင်ငံသားအခွင့်အရေး မရှိသည့်အုပ်စုများကို            “ကျူးကျော်ဝင်ရောက်သူတွေ” ၊ “တရားမဝင်နေထိုင်သူတွေ” စသည့် အသုံးအနှုန်းများနှင့်ထိုကဲ့သို့ အဓိပ္ပာယ်မျိုးနှင့် နီးစပ်သည့် စကားလုံးများကို အသုံးချပြီး  တိုက်ခိုက်သည့် အကြောင်းအရာများကိုလည်း ဖယ်ရှားနေသည်ဟု ဆိုသည်။

ထို့ပြင် Facebook ၏ အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်း မူဝါဒအောက်တွင် သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများ အပါအဝင် မြန်မာနိုင်ငံရှိ အနိုင်ကျင့်တိုက်ခိုက်ခံရလွယ်နိုင်သည့် ထင်ပေါ်ကျော်ကြားသူများကို အပြည့်အဝကာကွယ်ပေးနိုင်ရန် တိုးချဲ့ပြင်ဆင်ပေးထားကြောင်း Facebook က ထုတ်ပြန်ထားသည်။

Facebook ၏ တရားဝင်ထုတ်ပြန်ချက်အရ အမုန်းစကားနှင့်ပတ်သက်သည့် အကြောင်းအရာ သုံးသိန်းနီးပါးကို ၂၀၂၀ ပြည့် နှစ်ဒုတိယသုံးလပတ်အတွင်း ဖယ်ရှားခဲ့သည်။

ယင်းသို့ဖယ်ရှားရာတွင် မြန်မာဘာသာ အပါအဝင် ဘာသာစကားပေါင်း ၄၅ မျိုးနှင့် ရေးသားထားသည့် အမုန်းစကားများကို အသုံးပြုသူများ မတွေ့ခင် ကြိုတင်စစ်ဆေးဖယ်ထုတ်နိုင်ရန် လူသားဉာဏ်ရည်တု AI နည်းပညာကိုလည်း အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု Facebook က ထုတ်ပြန်ထားသည်။

သို့သော် လတ်တလောတွင် နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ စာများ၊ နိုင်ငံရေးပါတီအချို့ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးမှုများကို Community Standard နှင့် မညီဟုဆိုကာ Facebook မှ ဖြုတ်ချရာတွင် အငြင်းပွားဖွယ်ဖြစ်သည့် အခြေအနေများ ရှိသည်။

ဆဲဆိုသည့်စကားလုံးများ၊ ရုန့်ရင်းကြမ်းတမ်းသည့်စကားလုံးများကို Community Standard နှင့်   မညီဟုဆိုကာ ဖြုတ်ချခဲ့သည့်ဖြစ်စဉ်များမှာပင် အငြင်းပွားစရာအခြေအနေများ ရှိသည်။ အာဏာရပါတီကို ထောက်ခံအားပေးသူများက ရုန့်ရင်းကြမ်းတမ်းသည့်စကားလုံးများသုံးစွဲ၍ ရေးသားခြင်းများရှိနေသည်ကိုမူ ဖြုတ်ချခံရမှုမရှိသော်လည်း အစိုးရကို ဝေဖန်ထောက်ပြသည့်စကားလုံးများ ပါဝင်လာပါက ဖြုတ်ချခြင်းများ၊ လူမှုကွန်ရက်တွင် ပြသခြင်းများကို လျှော့ချသည့်ဖြစ်စဉ်များကို Facebook က ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

ဖြုတ်ချခံရသည့် Post များတွင် လူတစ်ဦးတစ်ယောက် နစ်နာစေမည့် ရုန့်ရင်းကြမ်းတမ်းသည့်စကားလုံးများ၊ ဆဲဆိုခြင်းများ မပါဝင်သော်လည်း ဖြုတ်ချခံရခြင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်တားဆီးရာ ရောက်နေသည့်အခြေအနေလည်းဖြစ်သည်။

လက်ရှိအစိုးရက Facebook နှင့် အခြားဆိုရှယ်မီဒီယာများကို ဥပဒေနှင့်အညီ စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် Social Media Monitoring Team (SMMT) ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၇) က သဘောတူခွင့်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီ ၇ ရက်တွင် ယင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ၎င်းတို့အတွက် လိုအပ်သော နည်းပညာနှင့် စက်ပစ္စည်းများ ဝယ်ယူရန် ကျပ် ၆၄၆၂ သန်းကို နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ သုံးစွဲခွင့်ပြုထားသည်။

ယင်းသို့ အခြေအနေရှိခြင်းကြောင့် အာဏာရပါတီအနေဖြင့် ရွေးကောက်ပွဲတွင် မိမိပါတီအလေးသာစေမည့် ဆုံးဖြတ်ချက်များကို Facebook သို့ပို့ကာ ဖြုတ်ချစေခြင်းများ ပြုလုပ်နေသည်ဆိုသည့် ဝေဖန်မှုများလည်း ရှိနေသည်ကို တွေ့ရသည်။

ဒီမိုကရေစီစနစ်တွင် နိုင်ငံသူ၊ နိုင်ငံသားများ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်၊ လွတ်လပ်စွာရေးသား ပိုင်ခွင့်များမှာ မရှိမဖြစ်အရာများလည်းဖြစ်ရာ လူတန်းစား ခွဲခြားခြင်း၊ ဆဲဆိုခြင်း၊ ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးများ မသုံးစွဲသော်လည်း Facebook ၏ ပိတ်ပင်တားဆီးမှုများမှာ ဆက်တိုက်ထွက်ပေါ်လျက်ရှိရာ လက်ရှိအစိုးရနှင့် ၎င်းတို့အကြား မည်သည့်သဘောတူညီချက်များရှိနေသည်ကို မေးခွန်းထုတ်ရမည့်အခြေအနေလည်းဖြစ်သည်။

ရွေးကောက်ပွဲအတွက်သာမက အခြားသောအချိန်များတွင်လည်း သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံဖန်တီးမှုများကို ပိတ်ပင်တားဆီးသည့်အခြေအနေများမှာ လက်ခံနိုင်သော်လည်း နိုင်ငံသားများ၏ လွတ်လပ်စွာ ပြောဆိုဆွေးနွေးပိုင်ခွင့်အပေါ် ပိတ်ပင်မှုမှာ မဖြစ်သင့်သည့်အခြေအနေဖြစ်ရာ Facebook Team အနေဖြင့် တာဝန်ယူဖြေရှင်းရမည်လည်းဖြစ်သည်။

ယင်းအပြင် COVID-19 ကြောင့် နိုင်ငံရေးပါတီများ၏မဲဆွယ်စည်းရုံးမှုများ၊ ပညာရှင်များ၏ လွတ်လပ်စွာ တွေးခေါ်စည်းရုံးမှုများကို ပိတ်ပင်တားဆီးမှုများရှိနေပါက မဲပေးရွေးချယ်မည့် မဲဆန္ဒရှင်များအတွက် လုံလောက်သည့်စဉ်းစားတွေးခေါ်မှုများကို ကန့်သတ်ရာရောက်သည့်အပြင် မြန်မာ့ရွေးကောက်ပွဲကို Facebook က ဝင်ရောက်စွက်ဖက်ရာရောက်နေသည်ဟု ဆိုရမည်ဖြစ်သည်။

“ မမှန်သတင်းတွေ ဖော်ပြမယ်၊ အမုန်းစကားတွေဖော်ပြမယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ ဖော်ပြမယ်။ အဲဒီလိုနည်းလမ်းနဲ့ ဝေဖန်တယ်၊ သုံးသပ်တယ်ဆိုတာကို အရေးယူ ပိတ်ပင်တယ်ဆိုတာကတော့ ကြောင်းကျိုးဆီလျော်မှုရှိနိုင်တယ်။ သို့သော်လည်းပဲ အခုလိုသတင်းမှန်ဖော်ပြတာကိုပဲဖြစ်ဖြစ်၊ သတင်းမှန်ကို အခြေပြုပြီး ကိုယ့်ရဲ့သုံးသပ်ချက်ကို ဖော်ပြတာပဲဖြစ်ဖြစ် ဒါမျိုးကို သူ့ရဲ့လူမှုစည်းမျဉ်းနဲ့ မညီဘူးဆိုပြီးတော့ အရေးယူတာမျိုးကိုတော့ ပြန်သုံးသပ်ဖို့လိုအပ်တယ်။ ဘယ်သူ့ကိုမဆို ဒီလိုအရေးယူမယ်ဆိုရင် တရားမျှတမှုကို ဦးတည်တဲ့၊ ဘက်မလိုက်တဲ့၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကွန်ရက်တစ်ခုရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်နိုင်တယ်လို့မြင်တယ်” ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

Leave a Reply