NLD, PPP, USDP (၃) ခုလုံး မျှပြီးမဲထည့်ခဲ့တဲ့ နေရွှေသွေးအောင်

Local News

NLD, PPP, USDP (၃) ခုလုံး မျှပြီးမဲထည့်ခဲ့တဲ့ နေရွှေသွေးအောင်

ယခုတစ်ပတ်တင်ဆက်ပေးမယ့် သတင်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD, PPP, USDP (၃) ခုလုံး မျှပြီးမဲထည့်ခဲ့တဲ့ နေရွှေသွေးအောင်အကြောင်းပဲဖြစ်ပါတယ်။ နေရွှေသွေးအောင် ဆိုတာကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့မြေးဆိုတာ အားလုံးသိကြမှာပါ။ ကိုနေရွှေသွေးအောင် ရေးထားတဲ့ စာကို အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါတယ်။

ဒီစာမှာတော့ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်သိရှိနားလည်ခဲ့သမျှသော နိုင်ငံရေးနှင့်လူပုဂ္ဂိုလ်တို့၏အကြောင်းအရာများကို ရှည်ရှည်လျားလျားရေးသားတင်ပြလိုပါတယ်..

ကျွန်တော့်အလှည့်တွင် ပူးပေါင်းဆောင်ရွက်ရေးကိုဦးတည်သော အကျင့်ကောင်းတစ်ခုကိုဖန်တီးလိုပါသည်။ ထို့ကြောင့်ကျွန်တော်၏ ၂၀၂၀ ရွေးကောက်ပွဲအတွက်(မရမ်းကုန်းမဲဆန္ဒနယ်မှ)ရွေးချယ်ခဲ့မှုများကိုတင်ပြလိုပါသည်။

(က) ပြည်သူ့လွှတ်တော် – ဒေါက်တာသက်သက်ခိုင် (PPP ပါတီ)

ရန်ကုန်တစ်တိုင်းလုံးရှိယှဉ်ပြိုင်သောအမတ်လောင်းများအနက် စိတ်ဓာတ်၊ပညာ၊အတွေ့အကြုံ၊ အတွေးအခေါ်အပြည့်ဝဆုံး အမတ်လောင်းတစ်ဦးဟုယုံကြည်ပါသည်။ နိုင်ငံရေးလုပ်သည်ဆိုသည်မှာ ထောင်ကျ၊ ဒုက္ခရောက်၊ မွဲတေ၊ ဆူပူဆန္ဒပြနေမှ နိုင်ငံရေးလုပ်ခြင်းမမည်ပါ။ ထိုကဲ့သို့ပုဂ္ဂိုလ်များလွှတ်တော်အတွင်း၊ အစိုးရအတွင်းရောက်ရှိသွားပါကလည်း အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှုအတွေ့အကြုံမရှိ၍ ဘာမှဖြစ်လာမည်မဟုတ်ပါ။ လင်မယားနှစ်ဦးလုံး ပညာထူးချွန်၍စီးပွားရေးအောင်မြင်သော Background မှလာသူဖြစ်၍ တိုင်းပြည်၏အဓိကမဏ္ဏိုင်ဖြစ်သောစီးပွားရေးတိုးတက်အောင်ဆောင်ရွက်နိုင်ရန်၊ မှန်ကန်တိကျသောစီမံခန့်ခွဲမှုများပြုလုပ်နိုင်ရန်၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းဆောင်ရွက်နိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းရန်၊ အခြေခံလူတန်းစားမှစ၍ လူကုံတန်အသိုင်းအဝိုင်းအထိ ဟန်ချက်ညီညီကိုင်တွယ်နိုင်ရန် မျှော်လင့်နိုင်ပါသည်။

ရွှေနန်းတော်လုပ်ငန်းစုအနေဖြင့် အချို့သောပုဂ္ဂိုလ်များကဲ့သို့ လူကြီးများအားအတင်းပေးကမ်းပေါင်းသင်း၍ စီးပွားရေးလုပ်ငန်းများရယူခဲ့ခြင်းမရှိခြင်း၊ အေးအေးဆေးဆေးနေနိုင်သော်လည်း နိုင်ငံအတွက်အမှန်တကယ်တိုးတက်အောင်ဆောင်ရွက်လိုသည့်စိတ်ဖြင့် အပင်ပန်းခံဆောင်ရွက်ခြင်း၊ ဆယ်စုနှစ်တစ်ခုကျော်ပေါင်းသင်းလာသည့်အတွေ့အကြုံအရ စိတ်ထားကောင်းမွန်၍ အများနှင့်လိုက်လျောညီထွေနေနိုင်ခြင်း စသည့်အချက်များကြောင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

– ကျွန်တော်ရွေးချယ်ခဲ့သော အမတ်လောင်း ဒေါက်တာသက်သက်ခိုင်ကို အကြံပြုလိုသည့်တစ်ခုတည်းသောအချက်မှာ ဒေါသဖြစ်စရာများနှင့်ကြုံလာသောအခါ စိတ်အေးအေးထား၍ ညင်ညင်သာသာရင်ဆိုင်ဖြေရှင်းရန်ဖြစ်ပါသည်။

(ခ) အမျိုးသားလွှတ်တော် – ဦးဘမျိုးသိန်း (NLD ပါတီ)

ကျွန်တော့်အနေဖြင့်ရွေးကောက်ပွဲ ၃ ခု (၂၀၁၀ -၂၀၁၅ -၂၀၂၀) ကြုံဖူးပြီး တစ်ခါမှ မြန်မာပြည်၏လူအများစုကြိုက်နှစ်သက်သည့် NLD ပါတီကို ဒါပထမဆုံးအကြိမ်မဲပေးဖူးခြင်းဖြစ်ပါသည်။ အန်တီဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်ကိုဦးဆောင်ရာ၌ ယခုထက်အများကြီးတိုးတက်အောင်ဆောင်ရွက်စေချင်ပါသည်။ ဒီနေရာတွင် အချို့သောသူများသည် ‘မင်းကအဲ့လိုဖြစ်စေချင်ရင် ဟိုဥပဒေကို ဟိုလိုပြင်ခိုင်းလိုက်ပါလား၊ ဒီလူ့ကိုဒီလိုလုပ်ခိုင်းလိုက်ပါလား’ ဟုပြောဆိုတတ်ကြပါသည်။ သတိချပ်ရန်မှာ ထိုသို့အပြစ်တင်တတ်ကြသောပုဂ္ဂိုလ်များ၏ တိုင်းပြည်တာဝန်ထမ်းဆောင်ရန်ရွေးချယ်ထားသောပုဂ္ဂိုလ်မှာ ကျွန်တော်မဟုတ်သလို၊ ထိုပုဂ္ဂိုလ်များ၏ဖြစ်စေချင်သော ဆန္ဒအရပ်ရပ်ကိုဖြည့်ဆည်းရန်တာဝန်ရှိသောသူသည်လည်း ကျွန်တော်မဟုတ်မှန်းသတိပြုစေလိုပါသည်။ ထုပ်ဆီးထိုး၊ဘောလုံးကန်စသည့်စည်းမျဉ်းများကိုပင်ပြောင်းလိုလျှင် အတူဆော့ကစားသူများ၏ခွင့်ပြုချက်ယူရပါသည်။ မိမိတို့အိမ်ရှိခြံစောင့်၊ယာဉ်မောင်းများကိုခိုင်းလိုလျှင်ပင် နားဝင်ချိုအောင်၊နားလည်အောင်ပြောရပါသည်။ နိုင်ငံ့စည်းမျဉ်းဥပဒေများကို ပြင်ဆင်ပြောင်းလဲရန် ကျွန်တော့်မှာပြောဖို့အာဏာမရှိသလို နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များကို ကျွန်တော်တို့သွားပြောသည့်တိုင် သူတို့ဂရုစိုက်မည်မဟုတ်မှန်းသတိချပ်စေလိုပါသည်။ ကျွန်တော်တို့အများဆုံးလုပ်ပေးနိုင်သည်မှာ ဆန္ဒမဲပေးခြင်း၊ အလှူငွေထည့်ခြင်း၊ ညှိုနှိုင်းတွေ့ဆုံရန်ကြိုးစားခြင်းတို့ဖြစ်ပါသည်။

NLD ပါတီဝင်များသတိချပ်ရန်မှာ NLD ပါတီကိုထောက်ခံသူများသည် ဆင်းရဲ၊ချမ်းသာ၊အသက်အရွယ်မရွေး၊ လူမျိုးမရွေး စုံလင်လှပြီး သူတို့သည်ဘယ်တုန်းကမှ NLD ကြောင့်အခွင့်အရေးမရခဲ့သူများဖြစ်ပါသည်။ အခြေအနေမကောင်းလျှင်ထောင်ကျ၊တန်းကျဖြင့် ဘဝအခြေအနေထိခိုက်ခဲ့ရသူများပင်ပါဝင်ပါသည်။ သို့သော်လည်းသူတို့သည် တစ်ချိန် NLD ဦးဆောင်နိုင်ခဲ့လျှင်တိုင်းပြည်ကြီးပွားချမ်းသာလာမည်၊ အာဏာရှင်စနစ်ကိုဖယ်ရှားပြီး မျှတသောလူ့အခွင့်အရေးများရရှိလာမည်၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းလာနိုင်မည်ဟူသော မျှော်လင့်ချက်များဖြင့် NLD အားအစဉ်တစိုက်ထောက်ခံခဲ့ခြင်းဖြစ်ပါသည်။ ယခုအာဏာရရှိချိန်တွင် NLD အနေဖြင့် တိုင်းပြည်တိုးတက်ကြီးပွားရန်ခဏထား အမိန့်များထုတ်ပြန်ရာတွင်ပင်တိကျရှင်းလင်းမှုမရှိခြင်း၊ ရာထူးကြီးကြီးရယူထားသူများ၏ အပြောအဆိုနှင့်ဆောင်ရွက်ချက်များသည် ဖြစ်သင့်ဖြစ်ထိုက်သည်ထက် စိတ်ခံစားမှုအပေါ်မူတည်ဆောင်ရွက်နေသည်ကိုတွေ့ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထုထောက်ခံချက်သည် လက်ဖြားခါလောက်ပါသည်။ ၂၀၁၆ ဒီဇင်ဘာလက Singapore သို့ Visa Free သွားခွင့်ရသည်ကိုပင် ပြည်သူများအနေဖြင့်ချီးကျူးမဆုံး၊ပျော်မဆုံးဖြစ်ခဲ့သည်ကို ကျွန်တော်အမှတ်ရလျက်ရှိပါသည်။ ပြည်သူအများစုထောက်ခံ၍ ကျွန်တော်ကိုယ်တိုင်လည်း ခေါင်းဆောင်ကိုလေးစားမှုရှိသောအားဖြင့် အမျိုးသားလွှတ်တော်အတွက် ဦးဘမျိုးသိန်းကိုရွေးချယ်ပါမည်။

NLD ကိုတစိုက်မတ်မတ်ထောက်ခံအားပေးသူများတွင် အခြေခံလူတန်းစားများစွာပါဝင်မှန်း လမ်းပေါ်ထွက်ကြည့်ရုံဖြင့်သိနိုင်ပါသည်။ သူတို့သည်စားဝတ်နေရေး အဆင်ပြေမလာသည့်တိုင် NLD ကိုမျှော်လင့်တကြီးနှင့်အားကိုးအားထားပြုနေသည်ကို လေးစားဂရုဏာသက်ဖွယ်တွေ့ရှိရပါသည်။ ၎င်းတို့ကိုစာနာထောက်ထားသောအားဖြင့် တိုင်းပြည်သိပ်မချမ်းသာလာသည့်တိုင် ဆန်၊ဆီဈေးများမတက်လာအောင်၊ Public Transportation နှင့် Healthcare များတိုးတက်ကောင်းမွန်အောင်၊ တရားဥပဒေပိုမိုစိုးမိုးမှုရှိအောင် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသည်။

– NLD အနေဖြင့်ယခုတစ်ခေါက်အနိုင်ရရှိပါက ပိုမိုကောင်းမွန်သော လူပုဂ္ဂိုလ်များရွေးချယ်ပါ၊ တိုင်းပြည်စီးပွားရေးကိုဦးစားပေးအောင်မြင်အောင်လုပ်ပါရန် တိုက်တွန်းအပ်ပါသည်။

(ဂ) တိုင်းဒေသကြီးလွှတ်တော် – ဒေါက်တာပွင့်ဆန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကျွန်တော်တို့၏လူကြီးများတည်ထောင်ခဲ့သောမိခင်ပါတီအဖြစ် ရင်ထဲအစဉ်အမြဲတည်ရှိနေမည်ဖြစ်ပါသည်။ ပြည်ခိုင်ဖြိုး၏အားသားချက်မှာ ၎င်းတို့၏အကြီးပိုင်းပါတီဝင်များသည် တိုင်းပြည်အုပ်ချုပ်ရေးပိုင်း၌ အမှန်တကယ်တိုးတက်ကောင်းမွန်အောင်စွမ်းဆောင်နိုင်သူများဖြစ်ကြြပ်ီး သူတို့အားလုံးမှာလည်းအောက်ခြေကစတင်၍ အဆင့်ဆင့်သောတာဝန်တို့ကို အသက်နှင့်ရင်း၍ထမ်းဆောင်ခဲ့ရသည်ဖြစ်ပါသည်။ အားနည်းချက်မှာနေရာရသွားပါက ‘လောဘနှင့်မာနများ’ ကြီးသွားကြခြင်းပင်ဖြစ်ပါသည်။ ဒီအချက်ကိုလူတိုင်းတွင်တွေ့ရသည်မှန်သော်လည်း ပြည်ခိုင်ဖြိုးနှင့်တပ်ဘက်ကပုဂ္ဂိုလ်များသည် နှစ်ရှည်လများအုပ်ချုပ်ရေးပိုင်းတွင်ပါဝင်နေသည့်အတွက် ပိုထင်ရှားခြင်းနှင့် အချိန်ကြာသွားသည့်အခါ ၎င်းတို့နှင့်၎င်းတို့ပတ်ဝန်းကျင်၏အပြုအမူ၊အတွေးအခေါ်များသည် အာဏာရှင်ဆန်မှန်းမသိဆန်လာခြင်း၊ မြောက်ပင့်သွေးထိုးမှုများအပေါ်ခံနိုင်ရည်မရှိခြင်း စသည်တို့ကြောင့် အရည်အချင်းရှိသော်လည်း လူသိပ်မချစ်ရသည့်အနေအထားဖြစ်နေပါသည်။

ကျွန်တော်တွေ့ဖူးသော ပုဂ္ဂိုလ်များအနက် သမ္မတဟောင်းဦးသိန်းစိန်သည် မာန်မာနအနည်းဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်းရေးသားခဲ့ဖူးပါသည်။ လက်ရှိတာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်များအနက်လည်း ဦးမြတ်ဟိန်း၊ ဦးမြင့်စိုး၊ ဦးဝေလွင်၊ ဦးသက်နိုင်ဝင်း၊ ဦးအောင်သန်းထွဋ်၊ ဦးလှထွန်း၊ ဦးခင်ရီ၊ ဦးသောင်းအေး၊ ဦးဝဏ္ဏမောင်လွင်၊ ဦးလှမင်း အစရှိသူများသည် နာမည်ပျက်မရှိဘဲ အရည်အချင်းပြည့်ဝသူများဖြစ်ပါသည်။ ယခင်တပ်မတော်အစိုးရမှ အရာရှိကြီးများဖြစ်ကြသည့် ဦးမြင့်ဆွေ၊ ဦးသိန်းဆွေ၊ ဦးအောင်ကြည်အစရှိသည့်ပုဂ္ဂိုလ်များသည်လည်း ယခုအစိုးရအတွက် အကောင်းဆုံးတာဝန်ထမ်းဆောင်နေသည်ကိုတွေ့မြင်ရမှာဖြစ်ပါသည်။

ဒေါက်တာပွင့်ဆန်းသည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်တွင် စီးပွား/ကူးသန်းဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မှန်မှန်ကန်ကန်နှင့်အကျိုးရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်ဟု ယုံကြည်ပါသည်။ ဒီလို အရည်အချင်း၊ အတွေ့အကြုံနှင့် စိတ်စေတနာကောင်းသူများကို ကျွန်တော်တို့ကနေရာပေးရွေးချယ်ရမည်ဖြစ်ပါသည်။

– ပြည်ခိုင်ဖြိုးကိုတိုက်တွန်းလိုသည်မှာ လုပ်ရည်ကိုင်ရည်နှင့်အုပ်ချုပ်ရေးအတွေ့အကြုံအပြည့်အဝဆုံးပါတီဖြစ်ပါလျက်နှင့် လူထု၏ယုံကြည်မှုနည်းနေခြင်းကို ပြင်ဆင်ရန်လိုအပ်ပါသည်။ အထိရောက်ဆုံးနှင့်အမြန်ဆုံးနည်းလမ်းတစ်ခုမှာ ပြည်သူလူထုအများစုထောက်ခံမှုရရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။

လူတိုင်းသည် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်အောင်ဖော်ဆောင်ရမည်ဟုကြွေးကြော်လျက်ရှိသော်လည်း လက်တွေ့တွင်မူ ‘အမြင်မတူ တို့ရန်သူ’ အဆင့်မှမတက်သေးမှန်း၊ ကျူပင်ခုတ် ကျူငုတ်မကျန်စိတ်များမကုန်သေးမှန်း Facebook ၌ကြည့်လိုက်လျှင်ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ဒီစရိုက်ဆိုးကို ကျွန်တော်တို့မျိုးဆက်အထိမသယ်လာလိုသည့်အတွက် ကျွန်တော်ကြိုက်နှစ်သက်သော လူပုဂ္ဂိုလ်၊ပါတီများကို စုပေါင်း၍ရွေးချယ်ဆန္ဒပြုအပ်ပါသည်။
____________________

ကျွန်တော်တစ်ဦးတည်းအနေဖြင့် လိမ်လိမ်မာမာနေလျှင် ဒီတစ်သက်တော့ထမင်းငတ်ရန်မရှိပါ။ သို့သော် ကျွန်တော်တို့မြန်မာပြည်၏ စီးပွားရေးအခြေအနေ၊ ပညာရေး၊ ကျန်းမာရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေများကို ယခုထက်များစွာတိုးတက်ပြောင်းလဲလိုပါသည်။

ကျွန်တော်ရန်ကုန်မြို့မှာနေပါသည်။ ကောင်းကောင်း၊မကောင်းကောင်း အများပြည်သူကိုဖြန့်ဝေတဲ့ ဂျိုးဖြူရေကိုပဲသုံးရပါတယ်။ မှန်မှန်၊မမှန်မှန် EPC ကလျှပ်စစ်နဲ့ပဲ ရှင်သန်ရပါတယ်။ သန့်သန့်၊မသန့်သန့်အင်းယားကန်ကလာတဲ့လေကိုပဲရှုရှိုက်ရသလို အိမ်ကထွက်ရင်လည်း ကားကျပ်ကျပ်၊မကျပ် ပြည်လမ်းနဲ့ကမ္ဘာအေးကပဲမောင်းရပါတယ်။ ဒါ့အပြင် နေ့စဉ်ဓူဝဆက်ဆံရတဲ့လူပုဂ္ဂိုလ်၊ဝန်ထမ်းများရဲ့ ကောင်းကျိုး၊ဆိုးဒဏ်ကိုအများနည်းတူပဲကြုံဘူးသလို အောက်ခြေဝန်ထမ်းများနဲ့စစ်သည်လေးများရဲ့ဘဝများအစ မြန်မာနိုင်ငံအသိုင်းအဝိုင်းစုံရဲ့ပြုမူလှုပ်ရှားပုံများအထိ တွေ့မြင်ကြုံတွေ့ဘူးပါတယ်။ ပြောချင်တဲ့လိုရင်းက မြန်မာပြည်ရဲ့ကောင်းမွေ၊ဆိုးမွေမှန်သမျှ မြန်မာပြည်ထဲမှာနေရတဲ့လူအားလုံးအပေါ် အနည်းနဲ့အများအကျိုးသက်ရောက်မှုရှိပါတယ်။ တတ်နိုင်လို့သီးသန့်ကြီးအိမ်ထဲမှာနေရင်တောင် ဘယ်သူမှတော့အိမ်ထဲမှာတစ်သက်လုံးကြီးမနေနိုင်ပါဘူး။ အချိန်တန်ရင် အပြင်ထွက်သွားလာဆက်ဆံရတဲ့အတွက် မြန်မာလူမျိုးများရဲ့စိတ်ဓာတ်ရင့်ကျက်တိုးတက်လာမှုနဲ့ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကို ကျွန်တော့်အနေနဲ့ အများနည်းတူအလွန်ပဲမျှော်လင့်တောင့်တမိပါတယ်။

မနက်ဖန်မှာကျင်းပတော့မယ့်ရွေးကောက်ပွဲမှာ ပြည်သူများဟာမိမိတို့ကြိုက်နှစ်သက်ရာပုဂ္ဂိုလ်ကို ရွေးချယ်ဆန္ဒပြုကြမှာဖြစ်ပြီး ရွေးချယ်ခံပုဂ္ဂိုလ်များကလည်း မိမိတို့ကျရာတာဝန်ကို ‘Blame Game’ မလုပ်ဘဲ ကျေပွန်အောင်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။

၎င်းတို့၏အဆိုအရ မိမိဘဝအပျက်ခံ၍ပင် ထောင်ကျခံနိုင်သည်ဆိုလျှင်၊ မိမိသားမယားပင်ပစ်ပြီး အသက်စွန့်ရှေ့တန်းထွက်နိုင်သည်ဆိုလျှင်၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် အောင်မြင်အောင်အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြမည်ဆိုလျှင် တစ်ဘက်နှင့်တစ်ဘက်ရင်းနှီးပြီးသား မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်အများစုပါဝင်ယှဉ်ပြိုင်ကြမည့် ဤရွေးကောက်ပွဲတွင် မည်သူနိုင်နိုင် ပြည်သူလူထု၏အဆုံးအဖြတ်ကိုကျေနပ်စွာခံယူပါ၊ မည်သူနိုင်နိုင် ကန့်လန့်မတိုက်ဘဲ အနိုင်ရသူကလည်း ကျန်သောသူများကိုလက်တွဲခေါ်ယူပါ၊ ရှုံးနိမ့်သူများကလည်း စိတ်မပျက်ဘဲ ကျရာကဏ္ဍမှပါဝင်ကူညီခြင်းဖြင့် ညီညွတ်သောအလေ့အကျင့်ကောင်းများဖန်တီး၍ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံတော်သစ်ဆီသို့ အတူတကွလျှောက်လှမ်းကြပါဟု မေတ္တာရပ်ခံဆန္ဒပြုရင်း ကျွန်တော့်၏စာကိုလည်း ဤနေရာတွင် နိဂုံးချုပ်အဆုံးသတ်အပ်ပါသည်။

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

မှီငြမ်း – Nay Shwe Thway Aung

Leave a Reply