ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ယာကူဇာဂိုဏ်း လျှို့ဝှက်ချက်များ

Knowledge

ယာကူဇာဂိုဏ်းနှင့်လျှို့ဝှက်ချက်များ
ယာကူဇာဂိုဏ်းဆိုတာ ယနေ့အချိန်ထိ တည်ရှိနေသေးတဲ့ ငွေကြေးပြည့်စုံချမ်းသာတဲ့ ရာဇဝတ်ဂိုဏ်းကြီးတစ်ခု ဖြစ်ပါတယ်။
ရာဇဝတ်ဂိုဏ်းလို့ ပြောရခြင်းက သူတို့တည်ရှိနေခဲ့တဲ့ သက်တမ်းတလျှောက် လူသတ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ရပ်တည်ခဲ့လို့ပါ။
ဒါပေမယ့် ဟိုးယခင်ကလောက်တော့ သူတို့တတွေ သြဇာအာဏာ မရှိတော့ပါဘူး။ ယာကူဇာဂိုဏ်းရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ လျှို့ဝှက်ချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အီရီဇူမီ
အီရီဇူမီဆိုတာကတော့ Tattoo ထိုးခြင်းပါဘဲ။ ယာကူဇာဂိုဏ်းသားတိုင်း ကျောလုံးပြည့်၊ သို့မဟုတ် ရင်ဘတ်တစ်ခုလုံးမှာ Tattoo တွေ ထိုးရပါတယ်။ Tattoo ထိုးတာက အခုခေတ်လို ခဏလေးနဲ့ ပြီးသွားနိုင်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါ။ဝါး၊ စတီးတို့ကို အသုံးပြုထားတဲ့ စုတ်တံနဲ့ စိမ်ပြေနပြေ အေးအေးဆေးဆေး ရုပ်ပုံတစ်ခုချင်းဆီကို အသေးစိတ်ထိုးတာဖြစ်လို့ လပေါင်းများစွာ ကြာတတ်ပါတယ်။ တခါတလေ တစ်နှစ်လောက် ကြာတတ်ပါတယ်။

(၂) ဂိုဏ်းဝင်အင်အား
ယာကူဇာဂိုဏ်းဆိုပြီး တစ်စုတစည်းတည်း တည်ရှိတာ မဟုတ်ပါဘူး။ သြဇာခံဂိုဏ်းအဖွဲ့တွေကို စုပေါင်းပြီးတော့ ယာကူဇာဂိုဏ်းဆိုပြီး ဂိုဏ်းသားနာမည်ခံယူကြတဲ့ သဘောပါ။ ဥပမာအားဖြင့် ယာမာဂူချီ-ဂူမီဂိုဏ်း၊ ဂိုတိုဂူမီဂိုဏ်း စတဲ့ဂိုဏ်းသားတွေဟာ ယာကူဇာရဲ့ သြဇာအာဏာ အောက်မှာ သွေးသောက်သစ္စာခံရပါတယ်။ ဒီလို ဂိုဏ်တွေးကို အကုန်စုပေါင်းထားပြီး (၂၀၁၇)ခုနှစ်အထိ ဂိုဏ်းအဖွဲ့ခွဲပေါင်း (၂၂)ဂိုဏ်း ရှိပါတယ်။
ဒီအထဲမှာ ရာမာဂူချီ-ဂူမီဂိုဏ်းက အင်အားအကြီးဆုံးပါ။
ယာကူဇာဂိုဏ်းမှာ (၁၉၆၀)ခုနှစ်ကအထိ ဂိုဏ်းအဖွဲ့ဝင် (၁၈၄၁၀၀) ရှိခဲ့ပြီး၊ (၁၉၉၀)မှာတော့ အဖွဲ့ဝင် (၈)သောင်းသာ ရှိပါတော့တယ်။ (၂၀၁၆)ခုနှစ်ရောက်တဲ့အခါ (၃၉၁၀၀)သာ ရှိပါတော့တယ်။
ဒါက ဂျပန်ရဲတပ်ဖွဲ့နဲ့ သမ္မတတွေရဲ့ ကြိုးစားပန်းစား တိုက်ထုတ်မှု၊ ဥပဒေအရ အရေးယူမှုတွေ၊ နောက်ပိုင်း လှုပ်ရှားရပိုခက်ခဲလာတာတွေကြောင့် ဂိုဏ်းဝင်ဦးရေ ကျဆင်းလာခြင်း ဖြစ်ပါတယ်။

(၃) ယူဘစ်ဆူမီ
ယူဘစ်ဆူမီဆိုတာ အဓိပ္ပါယ်ကတော့ လက်ချောင်းတွေကို တိုအောင်ဖြတ်ပစ်ခြင်းလို့ ဆိုပါတယ်။
ဂိုဏ်းဝင်တစ်ဦးဦးဟာ ယာကူဇာဂိုဏ်းကနေ ရှေးယခင်ကတည်းက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖြတ်ပါက လက်သန်းကို ဖြတ်တောက်ခြင်းအပါအဝင်၊ အပြစ်ပေးမှုပေါင်းစုံရှိပါတယ်။
ဒီအထဲမှာ ဓားနဲ့ မိမိကိုယ်ကိုယ် ထိုးသတ်သေစေခြင်း၊ သို့မဟုတ် အဆိပ်သောက်ခိုင်းခြင်းဟာ အမြင့်ဆုံး အပြစ်ပေခြင်းဖြစ်ပါတယ်။

(၄) ဂိုတိုဂူမီခေါင်းဆောင်ရဲ့ အသည်းကိစ္စ
ဂိုတိုဂူမီဂိုဏ်းကို (တာရာမာဆာဂိုတို)-က တည်ထောင်ခဲ့တာပါ။ ယင်းဂိုဏ်းဟာ ယာမာဂူချီဂိုဏ်းပြီးရင် ယာကူဇာဂိုဏ်းထဲမှာ သြဇာအာဏာအကြီးဆုံးဂိုဏ်းဖြစ်ပါတယ်။
ဂိုတိုဟာ အရက်အသောက်လွန်ပြီး အသည်းအစားထိုးဖို့အတွက် အမေရိကန်ကို သွားရောက်ခဲ့ရပါတယ်။ ဒါပေမယ့် အသည်းအလှုရှင် မပေါ်ခဲ့လို့ ဂိုတိုဟာ ဆေးရုံမှာ နံပတ် (၈၀) နဲ့ တန်းစီစောင့်ဆိုင်းနေခဲ့ရပါတယ်။
ဒါပေမယ့် ဂိုတိုဟာ ဆေးရုံကို ဒေါ်လာတစ်သိန်း လာဘ်ထိုးပြီး၊ တန်းစီစောင့်ဆိုင်းခြင်းကို ကျော်ဖြတ်ခဲ့ပါတယ်။ ယင်းနောက် ယာကူဇာဂိုဏ်းသားနှစ်ဦးက သူတို့အသည်းကို လှူမယ်ဆိုပြီး ဆေးရုံမှာ ရောက်ရှိလာခဲ့ပါတယ်။
တစ်ယောက်ချင်းဆီမှာ ဒေါ်လာ တစ်သိန်းဆီ ရရှိခဲ့ပြီး ဂိုတိုရဲ့ အသည်းအစားထိုးမှု အောင်မြင်ခဲ့ပါတယ်။
ဒါပေမယ့် အသည်းလာလှူတဲ့သူနှစ်ယောက်စလုံးကတော့ သေဆုံးသွားခဲ့ပါတယ်၊ ဒီလိုနဲ့ FBI ကပါ ဆေးရုံကို စစ်ဆေးမေးမြန်းမှုတွေ ရှိခဲ့ပြီး၊ ဆေးရုံရဲ့လာဘ်စားမှုဟာ ဘူးပေါ်သလိုပေါ်ခဲ့လို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂိုတိုကတော့ ဂျပန်ကို အေးအေးဆေးဆေး ပြန်လာခဲ့ပါတယ်။
ဂိုတိုဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ထေရဝါဒစာပေတွေကို လိုက်စားပြီး၊
ဘာသာဝင်အဖြစ် လုံးလုံးလျားလျား ခံယူကာ ဘာသာရေးတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
သူဟာ ပိုင်ဆိုင်သမျှကိုလည်း ဘာသာကောင်းကျိုးအတွက် လှူဒါန်းခဲ့ပြီး (၂၀၀ဂ)ခုနှစ်မှာ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ရေးခဲ့ပါတယ်။
စာအုပ်အမည်မှာ
” ခွင့်လွှတ်ကြပါ … ဒါပေမယ့် “ဖြစ်ပါတယ်။
စာအုပ်ဟာ ဂျပန်မှာ ရောင်းရအကောင်းဆုံးဖြစ်ခဲ့ပြီး၊ အခုအချိန်ထိ ဂိုတိုဟာ ဘာသာရေးတွေကိုသာ ဆက်လက်လုပ်ဆောင်နေဆဲလို့ သိရပါတယ်။


(၅) နိုင်ငံရေးတွင် ယာကူဇာရဲ့ သြဇာအာဏာ
ယာကူဇာတွေဟာ သူတို့တတွေ ရေရှည်တည်တံ့ဖို့ အတွက် နိုင်ငံရေးကို ချုပ်ကိုင်နိုင်ခြင်းဟာ အခရာကျတယ်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့ဝင်တွေအတွင်းမှာ ဂိုဏ်းသားတွေ ရောက်ရှိဖို့ (၁၉၅၀)ခုနှစ်နောက်ပိုင်းမှာ ကြိုးစားခဲ့ပါတယ်။
ညာယိမ်းပါတီလို့ခေါ်တဲ့ Liberal Democratic Party (LDP) ပါတီကို ငွေကြေးနဲ့ မဲနိုင်ဖို့ များစွာ ထောက်ကူပေးခဲ့ပြီး LDP ကလည်း အာဏာရခဲ့ပါတယ်။
(၁၉၉၃-၉၄)ခုနှစ်တွေနဲ့ (၂၀၀၉-၁၂)တွေမှာ LDP က ယာကူဇာအထောက်အပံ့နဲ့ အာဏာရရှိခဲ့ပါတယ်။
ယာကူဇာရဲ့ထောက်ပံ့မှုဟာ ဂျပန်နိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖောက်ခြင်းလည်းဖြစ်ပြီး၊ ဥပဒေအရ ကြီးလေးတဲ့ပြစ်ဒဏ် ထိုက်သင့်တဲ့ ပြစ်မှုပါ။
ဒါပေမယ့် လျှို့ဝှက်ချက်တွေကို ဘယ်သူမှာ ဖော်ထုတ်ရဲခြင်းမရှိခဲ့ပါဘူး။ နောက်ပိုင်း ယာကူဇာ သြဇာအာဏာ ကျဆင်းချိန်မှာတော့ ဒီကိစ္စရပ်တွေ ဘူးပေါ်သလို ပေါ်ခဲ့ပါတယ်။

(၆) ယာကူဇာရဲ့ ဝင်ငွေ
ယာကူဇာဂိုဏ်းဟာ ငွေကြေးအလွန်ချမ်းသာတဲ့ ဂိုဏ်းဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးကို ဝင်ရောက် မွှေနှောက်နိုင်ခဲ့တာပါ။ လူကုန်ကူးခြင်းနဲ့ မူးယစ်ဆေးရောင်းဝယ်ခြင်းက သူတို့ရဲ့ အဓိကလုပ်ငန်းဖြစ်ပြီး၊ ဂျပန်ရဲ့နာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့သူတွေဟာ ဂိုဏ်းဝင်တွေနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေကြပါတယ်။
ယာမဂူချီ-ဂူမီဂိုဏ်းတစ်ခုတည်းမှာပင် ဒေါ်လာ (၆.၆)ဘီလီယံပိုင်ဆိုင်ထားပြီး၊ ဒါဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဂိုဏ်းအဖြစ် ရပ်တည်နိုင်စေတဲ့ အချက်ပဲဖြစ်ပါတယ်။


(၇) ခေါင်းဆောင်တို့ရဲ့ ခေါင်းဆောင်
ယာကူဇာတို့ဟာ ခေါင်းဆောင်နေရာအတွက် အချင်းချင်း သွေးချောင်းစီး စစ်ပွဲ သတ်ပွဲကြီးကျင်းပခဲ့ပါတယ်။
ယာကူဇာဂိုဏ်းမှာ သြဇာအာဏာ အမြင့်ဆုံးဖြစ်ခဲ့တဲ့( Kazuo Taoka )ဟာ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ယာကူဇာဂိုဏ်းဝင်တွေက လက်ခံကြပါတယ်။
(Kazuo Taoka )ဟာ ပင်လယ်တွင်းကျွန်းတစ်ခုပေါ်က ရွာသားတစ်ဦးဖြစ်ပြီး၊ ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ပါတယ်။ ကိုဘီမြို့ကို ရောက်ရှိခဲ့ပြီး၊ (၁၉၂၉)မှာ သင်္ဘောကျင်းမှာ အလုပ်ဆင်းခဲ့ရပါတယ်။ သူဟာ ယာမာဂူချီ-ဂူမီဂိုဏ်းနဲ့ ဆက်သွယ်ခဲ့ပြီး (၁၉၃၆)မှာ သွေးသောက်ဂိုဏ်းဝင် ဖြစ်ခဲ့ပါတယ်။
သူ့နာမည်ပြောင်ကတော့ ကူဘိုဖြစ်ပြီး “ဝက်ဝံကြီး”လို့ အဓိပ္ပါယ်ရပါတယ်။ တိုက်ခိုက်တဲ့အခါမှာ သူ့ရဲ့ သန်မာလှတဲ့ လက်သည်းနဲ့ ရက်စက်မယ့်ပုံပေါ်နေတဲ့ မျက်လုံးတွေကြောင့် ဒီနာမည်ရခဲ့တာပါ။
ယင်းနှစ်မှာပဲ ဂိုဏ်းရဲ့ ထိပ်သီးခေါင်းဆောင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီး၊ အဲဒီနှစ်မှာပင် ဂိုဏ်းဝင်တစ်ဦးကို သတ်မှုအတွက် ရဲက ဖမ်းဆီးခဲ့ပါတယ်။
(၁၉၄၃)ခုနှစ် ထောင်က လွတ်လာတဲ့အချိန်မှာ ယာမာဂူချီ-ဂူမီဂိုဏ်းဟာ ဒုတိယကမ္ဘာစစ်အရှိန်ကြောင့် ပြိုကွဲနေပါတယ်။
(၁၉၄၆)ခုနှစ်မှာ ယာမာဂူချီရဲ့ ဂိုဏ်းခေါင်းဆောင်ဟာ သေဆုံးခဲ့လို့ (Taoka )ကို ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ပါတယ်။
သူဟာ ဂိုဏ်းအင်အားတောင့်တင်းဖို့ သူများနဲ့မတူတဲ့ စွမ်းဆောင်ရည်တွေကို စွမ်းဆောင်နိုင်ခဲ့ပြီး၊ ယာကူဇာဂိုဏ်းအားလုံးရဲ့ အခေါင်အချုပ်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ထိုစဉ်က သူဟာ (၃၃)နှစ်သာ ရှိသေးပြီး (၁၉၆၁)ခုနှစ် ဇူလိုင်လမှာ သေဆုံးခဲ့ပါတယ်။ သေဆုံးချိန်မှာ အသက် (၆၈)နှစ်ပါ။
ယာကူဇာရဲ့ခေါင်းဆောင်ကြီး (Kazuo Taoka) သေဆုံးပြီးကတည်းက ခေါင်းဆောင်နေရာရရှိဖို့ ဂိုဏ်းအချင်းချင်း သတ်ပွဲတွေဆက်တိုက် ကျင်းပခဲ့ပါတယ်။
ဒီလိုနဲ့ ယာကူဇာဂိုဏ်ဟာ တည်ငြိမ်မှုမရှိဘဲ၊ ခေါင်းဆောင်ဖြစ်မယ်လို့ နာမည်ထွက်လာတဲ့ သူတိုင်းကို အချင်းအချင်း လုပ်ကြံ သတ်ဖြတ်ခဲ့ကြပါတယ်။
ထိုစဉ်က (Taoka )ပြီးရင် သြဇာအကြီးဆုံးမှာ Yamamoto ဖြစ်ပါတယ်။ သူဟာ ထောင်ထဲမှာ ရှိနေသေးလို့ ထောင်က ထွက်လာရင် သူ့ကို ခေါင်းဆောင်ရာထူးပေးဖို့ ဂိုဏ်းအဖွဲ့အချင်းချင်း ညှိနှိုင်းခဲ့ပါတယ်။


ဒါပေမယ့် Yamamotoလည်း ထောင်ထဲမှာပင် ထူးဆန်းစွာ သေဆုံးသွားခဲ့ပြီး၊ ခေါင်းဆောင်နေရာ အတွက် ငြိမ်သက်သွားတဲ့ တိုက်ပွဲဟာ ပြန်လည် ဖြစ်ပေါ်ခဲ့ပါတယ်။ သေနတ်နဲ့ပစ်ခတ် တိုက်ခိုက်တာတွေအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုတွေပါ ကျူးလွန်ခဲ့ကြပါတယ်။
လူပေါင်း (၃၉)ဦးသေဆုံးခဲ့ပြီး၊ အင်အား အစစကောင်းမွန်တဲ့ ယာမာဂူချီ-ဂူမီဂိုဏ်းကပဲ တိုက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ (Yoshinori Watanabe )ကို ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
သူ့ကို (မာစတာဂေါ်ရီလာ)လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် (၂၀၁၅)ခုနှစ်မှာ ယာကူဇာဂိုဏ်းကို လူမုန်းများလာတယ်ဆိုပြီး သူ့ကို နှုတ်ထွက်ဖို့ ဂိုဏ်းခေါင်းဆောင်တွေက ဖိအားပေးခဲ့ပါတယ်။
ယင်းနောက် လက်ရှိ(Kenichi Shinoda )က ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ သူကတော့ အခုသက်ရှိထင်ရှားရှိမယ်ဆိုရင် အသက်(၈၁)နှစ်ခန့် ရှိနေပါပြီ။
Credit to Original Post Uploaders

Leave a Reply