ဇော်ဝင်းထွဋ် ပါဝင်ဖျော်ဖြေမယ့် ဆေးပေါင်းခတဲ့ည ရှိုးပွဲကို အွန်လိုင်းကနေ အခမဲ့ကြည့်ရှုကြမယ်

Local News

တန်ဆောင်တိုင် အချိန်အခါမှာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ “ဆေးပေါင်းခတဲ့ည” ဂီတဖျော်ဖြေပွဲကိုတော့ ယခုနှစ်မှာတော့ အွန်လိုင်းကနေ ဖျော်ဖြေ တင်ဆက်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ တန်ဆောင်မုန်းလပြည့်ည၊ နိုဝင်ဘာ ၂၉ ရက်နေ့ညမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“ရေငတ်တုန်း ရေတွင်းထဲကျ မဟုတ်တော့ပါဘူး။ ပွဲငတ်တုန်း ပွဲခင်းထဲကျပါပြီ။ တန်ဆောင်တိုင်လပြည့်ည၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျနော်တို့ရဲ့ ဂိုဏ်းချုပ်ကြီး ဇော်ဝင်းထွဋ်နဲ့ Emperor Band တို့ရဲ့ “ဆေးပေါင်းခတဲ့ည” ဆိုတဲ့ အစဉ်အလာ မပျက်တဲ့ ပွဲကြီး သယ်ဆောင်လာပါပြီ။ ရင်ဂိုနဲ့ the Velocity တို့က ပါဝင်အားဖြည့် သီဆိုဖျော်ဖြေဦးမှာပါ” လို့ 50 TV Live ရဲ့ Facebook Page မှာ ကြေညာထားပါတယ်။

ဒီဖျော်ဖြေပွဲကိုတော့ အဆိုတော် ဇော်ဝင်းထွဋ်၊ ရင်ဂိုတို့နဲ့အတူ The Velocity အဖွဲ့တို့က ပါဝင်အားဖြည့် သီဆို ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

“ဆေးပေါင်းခတဲ့ည” ပွဲကိုတော့ 50 TV Live Application မှာ အခမဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး အသေးစိတ် အချက်များကို ထပ်မံ ကြေညာသွားမယ်လို့ သိရပါတယ်။

“ပြောချင်တာက ကြည့်ဖို့ လက်မှတ်ဝယ်စရာ မလိုဘူး။ ပွိုင့်တွေ ဝယ်ထားပြီး အမှတ်တရ လက်ဆောင်အနေနဲ့ Live Show ကျင်းပနေစဉ်မှာ ပေးလို့ရမယ်၊ ဒါပါပဲ” လို့ 50 TV Live က ဆိုပါတယ်။

ဒီပွဲကြီးကိုတော့ စင်ကာပူအခြေစိုက် 50 Media Tv PTE LTD က ဦးစီးပြီး Media Partner အဖြစ် DM-4 နဲ့ The Radio တို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။ “ဆေးပေါင်းခတဲ့ည” ဂီတဖျော်ဖြေပွဲကိုတော့ နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်ညများမှာ ပြုလုပ်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်းများစွာရှိနေပြီ ဖြစ်ပါတယ်။

Leave a Reply