ဖားကန့်မြို့အဝင် လမ်းချဲ့ရာတွင် ကျောက်စိမ်းကြောပေါ်သဖြင့် ရေမဆေးကျောက်ရှာသူ များပြား

Local News

ကချင်ပြည်နယ် ဖားကန့်မြို့အဝင် မော်ဝမ်းရပ်ကွက် အပေါ်လမ်းနှင့် ဆေးရုံသွားလမ်းထောင့် ဒေသအခေါ် ကြက်တစ်ကောက်ကုန်း၌ မြို့နယ်စည်ပင်သာယာရေးကော်ကမတီက လမ်းကျဉ်းမြောင်းဟုဆိုကာ ဘက်ဖိုးများဖြင့် လမ်းကမ်းပါးယံများ ဖြိုချပြီး လမ်းချဲ့ရာတွင် မြေမှန်ကျောက်စိမ်းကြော ပေါ်လာသဖြင့် ရေမဆေးကျောက်ရှာဖွေသူ အများအပြား လာရောက်၍ ကျောက်လာရှာကြကြောင်း သတင်းရရှိသည်။

ရေမဆေးကျောက်စိမ်း လာရောက်ရှာဖွေသူများအား မေးမြန်းရာ မြေမှန်ကျောက်စိမ်းကြော ပေါ်နေသည်မှာ နိုဝင်ဘာ ၂၃ ရက် နေ့လယ်က စတင်ပေါ်ခဲ့ပြီးနောက် ဘက်ဖိုးဖြင့် ကမ်းပါးယံများ ဖြိုချရာတွင် ကျောက်စိမ်းအရိုင်းတုံးများ ပေါ်လာခဲ့ကြောင်း ၊ အဆိုပါသတင်းရရှိသဖြင့် ရေမဆေးကျောက်ရှာသူ အများအပြား လာရောက်ရှာဖွေကြကြောင်း၊ စျေးကောင်းရ မရ မသိရသော်လည်း ကျောက်လာဝယ်သူ၊ ရေမဆေးကျောက်ရှာသူများ လာရောက် ရောင်းဝယ်ကြကြောင်း ပြောကြားသည်။

“ဘက်ဖိုး နှစ်စီး၊ ကားက ရှစ်စီးနဲ့ ဆေးရုံသွားလမ်း ချဲ့တာပါ။ ကျောက်ကြောကတော့ ပေါ်လာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျောက်လာရှာသူတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ကန့်သတ် ရှာခိုင်းပါတယ်။ ကုမ္ပဏီတွေက ကျောက်မတူးရတော့ သူတို့လည်း အလုပ်မရှိတော့ လာရှာကြတာထင်ပါတယ်။ ကျောက်တော့ ရတော့ ရကြတယ်နဲ့ တူပါတယ်”ဟု ဖားကန့်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အေးက ပြောကြားသည်။

ဖားကန့်ဒေသည် ကျောက်စိမ်းထွက်ရှိရာ ရတနာမှော်ဒေသ ဖြစ်သော်လည်း ကိုဗစ်- ၁၉ ကမ္ဘာ့ကူးစက်ရောဂါကြောင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ နားထားလျက်ရှိပြီး နှစ်စဉ် အောက်တိုဘာလမှ စတင်ကာ ဇွန်လအထိ ရှစ်လအချိန်သည် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ လုပ်ဆောင်သော ကာလဖြစ်ပြီး ထိုအချိန်များ၌ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဖားကန့်ဒေသသို့ ရေမဆေးကျောက် လာရောက်ရှာဖွေသူ သုံးသိန်းခန့် တက်ရောက်ခဲ့ကြောင်း သိရသည်

Leave a Reply