မန္တလေး ခရိုင်တွင် ပြုလုပ်မည့် Stay at Home အစီအစဉ်၌ ထုတ်ပြန်ချက်များ မလိုက်နာပါက လူမှုရေး ပြစ်ဒဏ် နှင့် ငွေဒဏ်များ ချမှတ် အရေးယူမည်

Local News

မန္တလေး ခရိုင် (၇ မြို့နယ်) ၌ Stay at Home နှစ်ပတ်ကြာ  ပြုလုပ်မည့် အစီအစဉ်တွင် ထုတ်ပြန်ချက်များကို မလိုက်နာပါက လူမှုရေး ပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ အရေးယူရန် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီဇင်ဘာ ၄ ရက် လွှတ်တော် အစည်းဝေးအပြီးတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်ထိ Stay at Home ပြုလုပ်မည်ဖြစ်ပြီး လိုက်နာရန်စည်းကမ်းချက်များကို မန္တလေးတိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ တိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က  “မေတ္တာရပ်ခံတာပါ။ အတတ်နိုင်ဆုံး ၁၈ ရက်နေ့ထိ Stay at Home နေပေးပါ။ ခရစ်စ္စမတ်တို့၊ New Year တို့လည်း ရှိသေးတော့လေ။  လာမှာပေါ့လေ။ Punishment ကတော့ လာမယ်။ Social Punishment ကတော့ ကျွန်တော်တို့ခုထက်ထိ မပြတ်ဘူးပေါ့လေ။ဘယ်လိုလုပ်မလဲဆိုတာကတော့  တက်လာတဲ့အခြေနေပေါ် မူတည်တာပေါ့။ ဒဏ်ငွေကတော့့ တပ်မှာ အရင်တုန်းကလည်း တပ်တာရှိတယ်’’ ဟု အရေးယူရန် လတ်တလောစီစဉ်ထားမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ၄င်းအနေဖြင့် လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် အရေးယူရန် စဉ်းစားခဲ့ကြောင်း၊ ဥပမာ  Quatantine Center များတွင် လုပ်အားပေးစေခိုင်းခြင်း စသည့်ပြစ်ဒဏ်မျိုးပေးရန် တိုင်ပင် ဆွေးနွေးဆဲဖြစ်ကြောင်း၊ ငွေဒဏ် ဆောင်စေခြင်းကိုမူ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မန္တလေးခရိုင် (၇ မြို့နယ်)တွင် COVID-19 ရောဂါ ကူးစက်ကူးပြန့်ပွားမှုနှင့် သေဆုံးမှု မြင့်တက်လာသည့်အတွက် မဖြစ်မနေ စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ပြီး အသိပေးကြေညာချက် ၁၇ ချက်ပါဝင်ခဲ့သည်။

ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်း ကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ် တစ်ကိုယ်ရေးသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများ၊ ဆိပ်ကမ်းပို့ကုန်သွင်းကုန်သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ် ရေယာဉ်လုပ်ငန်းများ၊ ကုန်တွင်းကုန်သေတ္တာ စခန်းနှင့် ကုန်းတွင်းဆိပ်များ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်း၊ ကြိုဖုန်းနှင့်မိုဘိုင်း တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ တာဝါနှင့်ဖိုက်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို လုပ်ကိုင်ခွင့်မပြုကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ပြုသည့်လုပ်ငန်းများတွင် မပါဝင်သည့်အဖွဲ့စည်းများ၊ ကုမ္ပဏီများအနေဖြင့် နေအိမ်မှနေ၍သာ လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး မြို့နယ်အလိုက်ရှိ စျေးများကို မနက်၆နာရီမှ နေ့လယ်၁၂နာရီထိသာ ဖွင့်လှစ်ပေးမည်ဖြစ်ကာ မြို့နယ်ကျော်၍ စျေးဝယ်ခြင်းမပြုရန်၊ တစ်အိမ်လျှင်တစ်ယောက်နှုန်း စျေးဝယ်ရန်ဝင်ထွက်ခွင့်ကဒ်ဖြင့်သာ ထွက်ရမည်ဖြစ်ကြောင်း၊ ကမ်းနားလမ်းနှင့်ကုန်စိမ်းလက်ကားစျေးကိုလည်း နေ့စဉ် နံနက် ၄နာရီမှ နံနက်၆နာရီထိ တစ်ကြိမ်နှင့် နေ့လယ် ၁၁နာရီမှ ၈နာရီထိ တစ်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကာ ကုန်စည်ဒိုင်များ၊ပွဲရုံများမှကုန်ပစ္စည်းများ လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် ဝင်ထွက်ခွင့်ကဒ်များကို နီးစပ်ရာစျေးစည်ပင်ဌာနတွင် ထုတ်ယူရမည်ဖြစ်သည်။

ဆက်လက်ပြီး ဆေးခန်းသွားရန်နှင့်အရေးပေါ်ကိစ္စရပ်များ၊ Delivery စနစ်ဖြင့်စားသောက်ဖွယ်ရာ ပို့ဆောင်သူများအတွက်လည်း စည်းကမ်းသတ်မှတ်ချက်နှင့်အညီသွားလာရန်ထုတ်ပြန်ထားသလို မန္တလေးမြို့သို့ ညအိပ်လာရောက်သူများသည်လည်း ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးဌာန၏ထောက်ခံချက်ပါရမည်ဖြစ်ကြောင်း၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များမှအပ ကျန်မော်တော်ယာဉ်များ ညအိပ်ရပ်နားခြင်းမပြုရနှင့် ကျုံးဘေးတွင် အပန်းဖြေအနားယူခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ရ စသည်တို့ ပါဝင်သည်။

အထက်ပါညွှန်ကြားချက်များကို ဒီဇင်ဘာ ၅ ရက်မှ ၁၈ရက်ထိ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေးခရိုင်(ရမြို့နယ်) တွင် လူဦးရေတစ်ထောင်လျှင် အတည်ပြုလူနာ ၄ဦးခန့် ဖြစ်ပွားနေသဖြင့် ကုသရေးစင်တာ၊ဆေးရုံများ ထပ်မံတိုးချဲ့ရန်ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားနှုန်းလျော့ကျစေခြင်းအတွက် ယခုကဲ့သို့ Stay at Home အစီစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Leave a Reply