လှည်းကူးမြို့နယ် ညောင်နှစ်ပင်စခန်းဧရိယာ ၅၅၅ ဧကတွင် အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်မှ အလုပ်အကိုင် အခွင့်အလမ်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်

Local News

လှည်းကူးမြို့နယ် ညောင်နှစ်ပင်စခန်း ဧရိယာ ၅၅၅ ဧကတွင် အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်မှ အလုပ်အကိုင် အခွင့်အလမ်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ဒီဇင်ဘာ ၉ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Land & Housing Corporation (LH) မှ ဆိုးလ်မြို့၊ The-K Hotel Seoul ၌ပြုလုပ်သော LH Global Business Convention ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ Korea Land & Housing Corporation သို့ ပေးအပ်ချီးမြှင့်သည့် အသိအမှတ်ပြု ဆုတံဆိပ်ကို ပြည်ထောင်စုဝန်ကြီးကိုယ်စား တက်ရောက်ချီးမြှင့်ခဲ့သည်။

မြန်မာသံအမတ်ကြီးက ဂုဏ်ပြုမိန့်ခွန်းတွင် မြန်မာနိုင်ငံ၌ ကိုရီးယား-မြန်မာ-စက်မှုဥယျာဉ်မြို့တော် (Korea Myanmar Industrial Complex – KMIC) အပါအဝင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှုများ၊ COVID-19 ဆိုင်ရာ ကန့်သန့်ချက်နှင့် စိန်ခေါ်မှုများကြားမှ မြန်မာနိုင်ငံ၌ KMIC ကို အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်နိုင်လျက် ရှိသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန (မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန) နှင့် Korea Land & Housing Corporation တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၀၀၀၀ ခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်၍ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းအား အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းအပိုင်း (၁) အား မြေအကျယ်ဝန်း ဧက ၃၁၄ ဒသမ ၆၉ ဧကပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းအပိုင်း (၂) အား မြေဧက ၂၄၁ ဒသမ ၁၂ ဧကပေါ်တွင် အကောင်အထည် ဖော်မည်ဖြစ်သည်။

စီမံကိန်းမှာ မြန်မာအစိုးရနှင့် တောင်ကိုရီးယား အစိုးရတို့အကြား သဘောတူညီမှုနဲ့ မြန်မာနိုင်ငံတွင် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး စက်မှုဥယျာဉ်မြို့တော် စီမံကိန်းဖြစ်သည်။

စီမံကိန်းနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တောင်ကိုရီးယားအစိုးရပိုင် LH (Land and Housing) တို့က ၂၀၁၇ ခုနှစ် ဇွန် ၁၆ ရက်မှာ တောင်ကိုရီးယားနိုင်ငံပိုင် ဂျယ်ဂျူးကျွန်းမှာ လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်သည်။

ကိုရီးယား-မြန်မာ စက်မှုမြို့တော် စီမံကိန်းကို ငါးနှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၀ ခန့်ကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမည်ဖြစ်သည်။

ယင်းသို့ဆောင်ရွက်ရာတွင် တောင်ကိုရီးယားနိုင်ငံက ရာခိုင်နှုန်း ၆၀ နှင့် မြန်မာနိုင်ငံဘက်က ရာခိုင်နှုန်း ၄၀ ပါဝင်မည်ဖြစ်သည်။

Leave a Reply