ဒီဇင်ဘာ ၁၃ရက် ည ၈:၃၀ခန့်တွင် အရှေ့ဘက် မိုးကုတ်စက်ဝိုင်းထက် ကြယ်ကြွေခြင်းများကို စမြင်ရမည်

Local News

>>ကြယ်မိုးဘုရင် ကြယ်ကြွေခြင်း ဖြစ်မည်<<<

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက် မှ ၁၇ ရက်အတွင်း

ကြယ်မိုးများ၏ဘုရင် (King of Meteor Shower) လို့ ခေါ်ဆိုရတဲ့

မေထုန်ရာသီ မှ ကြယ်မိုးများ ရွာသွန်းဖြိုးခြင်း (ကြယ်ကြွေခြင်း) ဖြစ်စဉ်ကို

ကျနော်တို့ မြင်တွေ့ကြရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၃-၁၄ မှာတော့ အများဆုံး

ကြွေဆင်းခြင်းများကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကြယ်ကြွေတယ်ဆိုတာ

တကယ်တော့ ရာသီခွင်ထဲက ကြယ်တွေ ပျက်စီးခြင်းမျိုးမဟုတ်ပဲ

အာကာသအတွင်းက ဥက္ကာခဲ အမှုန်အမွှားများနဲ့ ကမ္ဘာ့လေထုတို့

ပွတ်တိုက်မိရာမှ ထွက်ပေါ်လာတဲ့ အလင်းတန်းများသာ ဖြစ်ပါတယ်။

မေထုန်ရာသီကြယ်မိုးကို ဖြစ်စေတဲ့ ဥက္ကာခဲမှုန်များဟာ ကမ္ဘာအနီး

ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ ဥက္ကာပျံ 3200 Phaethon ရဲ့ လမ်းကြောင်းမှာ

ကျကျန်ခဲ့တဲ့ အမှုန်အမွှားများ ဖြစ်ပါတယ် (ပုံ)။ ၁၉၇၄ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တုန်းက

ကမ္ဘာနဲ့ (မိုင်ပေါင်း ၁၀ သန်း) လောက်အထိ နီးကပ်ခဲ့ပြီး

နောက်တကြိမ် နီးကပ်မှာကတော့ ၂၀၉၃ ခုနှစ်မှာ ဖြစ်ပါတယ်။ မိုင်ပေါင်း (၆) သန်းလောက်အထိ

နီးကပ်မှာဖြစ်ပြီး ကမ္ဘာကို ဝင်တိုက်နိုင်ချေတော့ မရှိပါ။

ညကောင်းကင်မှာ ကြယ်ကြွေမယ့်နေရာ (အရပ်မျက်နှာ) ကို

ဖော်ပြတဲ့အခါ ကြယ်တာရာကို နောက်ခံထားပြီး ဖော်ပြကြပါတယ်။

ဆောင်းရာသီစက်ဝန်းထဲမှာပါဝင်တဲ့ မေထုန်ရာသီဟာ ပြိဿရာသီ၊

မောင်ရှင်ဆိုင်းထမ်း ကြယ်စုအနီးမှာရှိလို့ ရှာဖွေရလွယ်ကူပါတယ်။

မေထုန်ရာသီမှာထင်ရှားတဲ့ အမွှာကြယ်ကိုတော့ ပို့လော့ (Pollux) နဲ့ ကတ်စတာ (Castor) လို့ခေါ်ပါတယ်။

ဟိန္ဒူကျမ်းဂမ်လာ မြန်မာရိုးရာနက္ခတ်မှာတော့ ပုန္နဖုသျှူ နက္ခတ်ပေါ့။

ဒီဇင်ဘာ ၁၃ရက် ည ၈:၃၀ လောက်မှာ အရှေ့ဘက် မိုးကုတ်စက်ဝိုင်ထက်က မေထုန်ရာသီမှာ

ကြယ်ကြွေခြင်းများကို စမြင်ရမည်ဖြစ်ပြီး နံနက်မိုးလင်း နေမထွက်မီအချိန်အထိ

အရှေ့မှ အနောက်သို့ ရွေ့လျားမည့် မေထုန်ရာသီအတွင်းမှာ တစ်နာရီကို (၁၂၀) လောက်အထိ

ကြွေဆင်းမယ့် ကြယ်မိုးများစွာကို သာမန်မျက်စိဖြင့် တွေ့မြင်ရနိုင်ပါတယ်။ လကွယ်ရက်မို့

လမင်းရဲ့ အလင်းရောင် အနှောင့်အယှက် မရှိသလို ညကောင်းကင်ကြည်လင်ပြီး

ပြင်ပအလင်းရောင်နည်းတဲ့ နေရာ (တနည်း) မှောင်တဲ့နေရာက ကြည့်ရှုဖို့လိုပါတယ်။

အမှောင်ကို မကြည့်ခင် နာရီဝက်ခန့် လင်းသောအရာ (ဥပမာ- ဓါတ်မီး၊ ဖုန်း) တို့ကို ကြည့်မထားဖို့လည်းလိုပါတယ်။

အနာဂတ် ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Source : သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Leave a Reply