ဗိုင်းရပ်စ်ကူးစက်မှုစံချိန်တင်မြင့်တက်ခဲ့သည့် တောင်ကိုရီးယား၌ အမြင့်ဆုံးအဆင့် ကန့်သတ်ရန် သမ္မတမွန်းဂျေအင်း သတိပေး  

International News

တောင်ကိုရီးယားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်းကို ရင်ဆိုင်နေရစဉ်မှာ တစ်နေ့တာစံချိန်တင်ကူးစက်မှု နှစ်ရက်မြောက်ဖြစ်လာပြီးနောက် ကိုဗစ်-၁၉ ကန့်သတ်ချက်များ အမြင့်ဆုံးအဆင့်သို့ သတ်မှတ်ဖွယ်ရှိကြောင်း သမ္မတ မွန်းဂျေအင်းက တနင်္ဂနွေနေ့က သတိပေးပြောကြားခဲ့သည်။

ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ တန်ပြန်စီမံရေးရုံးချုပ်၌ ကျင်းပသည့်အစည်းအဝေး၌ သမ္မတမွန်းက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေး အစွမ်းကုန်ကြိုးစားအားထုတ်ရန်နှင့် သတိရှိရှိနေကြရန် တိုက်တွန်းခဲ့သည်။

တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်း အဆင့် ၅ ဆင့် သတ်မှတ်ထားပြီး ဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်ပါက ကန့်သတ်ချက် အဆင့် ၃ သို့ တိုးမြှင့်သတ်မှတ်မည်ဟု မွန်းကပြောသည်။

လူဦးရေ ၅၂ သန်း၏ထက်ဝက်ခန့်နေထိုင်သည့် ဆိုးလ်မြို့တော်တွင် ယခုအချိန်၌ ကန့်သတ်ချက်အဆင့် ၂.၅ သတ်မှတ်ထားသည်။ လူ ၅၀ အထက်စုဝေးခြင်းကို တားမြစ်ထားပြီး စားသောက်ဆိုင်များကို ည ၉ နာရီနောက်ပိုင်း ပါဆယ်စနစ်သာ ခွင့်ပြုထားသည်။

တောင်ကိုရီးယားတွင် စနေ့နေ့က ရောဂါကူးစက်သူ ၉၅၀ ဦးနှင့် တနင်္ဂနွေနေ့က ၁ ၀၃၀ ဦးတွေ့ရှိခဲ့ကာ နိုင်ငံအတွင်းရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၂ ၇၆၆ ဦးနှင့် ၅၈၀ ဦးသေဆုံးထားသည်။

အစိုးရက လာမည့်သီတင်းပတ်များတွင် ကုတင်ဆေးရုံ ၁၀ ၀၀၀ ခန့် ထပ်မံဖြည့်တင်းရန် စီစဉ်ထားသည်။ နိုင်ငံတစ်ဝန်းရှိ ဝန်ပိနေသောဆေးရုံများကို အကူအညီဖြစ်စေရန် ကိုဗစ်လူနာများအားစောင့်ရှောက်ပေးမည့် သူနာပြုအချို့ကိုလည်း တစ်လလျှင် ဝမ်သုံးသန်း (အမေရိကန်ဒေါ်လာ ၂ ၇၈၄) ကို ယာယီအပိုဆောင်းငွေ ပေးအပ်သွားမည်ဖြစ်သည်။

“လာမယ့် ရက် ၂၀ အတွင်းမှာ နေ့စဉ်ကူးစက်မှု ၁ ၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သုံးပတ်အတွင်းကို ကုတင် ၁၀ ၀၀၀ လောက် ဖြည့်ဆည်းသွားမှာပါ” ဟု ကျန်းမာရေးဝန်ကြီး Park Neung-hoo က ပြောသည်။

တောင်ကိုရီးယားတွင် ဇန်နဝါရီလက ပထမဆုံးရောဂါကူးစက်မှုတွေ့ရှိပြီးနောက် လော့ဒေါင်းချမှတ်ခဲ့ခြင်းမရှိဘဲ ရောဂါစမ်းသပ်စစ်ဆေးခြင်းနှင့် ကူးစက်မှုခြေရာခံခြင်းတို့ကို အားထားလုပ်ဆောင်ခဲ့ကာ ဗိုင်းရပ်စ်ထိန်းချုပ်ရာတွင် ကနဦးအောင်မြင်မှုများရရှိခဲ့သည့်အတွက် နိုင်ငံအများက ချီးကျူးခဲ့သည်။

သမ္မတမွန်းက ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်အတွက် အရေးပေါ် ဆော်ဩစည်းရုံးရန်  ရဲများ၊ စစ်ဘက်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဆရာဝန်များကို စနေနေ့က  တိုက်တွန်းမှာကြားခဲ့သည်။

Leave a Reply