အမေရိကန်သံရုံးပံ့ပိုးထားသည့် ဂီတပွဲတော်တွင် တပ်ချုပ်သမီးပိုင်ကုမ္ပဏီပါဝင်မှု ဝေဖန်ခံရ

Local News

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူထားသော်လည်း ယင်းတို့ ပါဝင်ထောက်ပံ့ပေးထားသည့် မြန်မာဂီတပွဲတော်အစီအစဉ်တွင်မူ တပ်ချုပ်သမီးပိုင်ကုမ္ပဏီက မိတ်ဖက်မီဒီယာအဖြစ် ပါဝင်နေခြင်းကို မြန်မာလူမှုကွန်ရက်အသုံးပြုသူများက ပြင်းပြင်းထန်ထန် ဝေဖန်နေသည်

အမေရိကန်အစိုးရ ပါဝင်ထောက်ပံ့ပေးထားသည့် ၂၀၂၀ ခုနှစ် မြန်မာဂီတပွဲတော်တွင် အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူခြင်းခံထားရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သူပိုင်ဆိုင်သည့် ဖျော်ဖြေရေးကုမ္ပဏီက မီဒီယာမိတ်ဖက်အဖြစ် ပါဝင်နေမှုအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ 

ယင်းဂီတပွဲတော်ကို အမေရိကန်အစိုးရနှင့် ထိုင်ဝမ်အခြေစိုက် The Hung Kuo Group တို့က ထောက်ပံ့ထားပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန် ပူးတွဲတည်ထောင်ထားသည့် 7th Sense Creation ဖျော်ဖြေရေးကုမ္ပဏီက မီဒီယာမိတ်ဖက်အဖြစ် ပံ့ပိုးပေးထားခြင်း ဖြစ်သည်။ 

လူငယ်များကို မြေတောင်မြှောက်ပေးရန် ရည်ရွယ်ချက်ဖြင့် နယူးယောက်မြို့အခြေစိုက် 88 International အမည်ရှိ အဖွဲ့အစည်း၏ အစီအစဉ်ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ညနေပိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကို တပ်ချုပ်သမီးပိုင် 7th Sense Creation ၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီဇင်ဘာ ၁၅ တွင် ကြေညာခဲ့သည်။

အမေရိကန်သံရုံးစာမျက်နှာတွင် ဂီတပွဲတော်အကြောင်း ထုတ်ပြန်ကြေညာပြီးနောက် လူမှုကွန်ရက်အသုံးပြုသူများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ရာ ပွဲတော်အကြောင်းကြော်ငြာပိုစတာကို ပြင်ဆင်ခဲ့သည့်နည်းတူ Myanmar Music Festival ၏ လူမှုကွန်ရက်စာမျက်နှာတွင်သာ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း အမေရိကန်သံရုံးက ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ 

“အခြေအနေကို သတိထားမိတာနဲ့ ပွဲတာဝန်ယူစီစဉ်တဲ့ မိတ်ဖက်အဖွဲ့အစည်းထံ ဒီအကြောင်းကို ဆက်သွယ်ပြောပြခဲ့ပါတယ်” ဟု ဂီတပွဲတော်တွင် တပ်ချုပ်သမီးပိုင် ဖျော်ဖြေရေးကုမ္ပဏီက မိတ်ဖက်မီဒီယာအဖြစ် ပါဝင်နေခြင်းအပေါ် အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူ Aryani Manring က Myanmar Now ကို ပြောသည်။ 

7th Sense ကို မီဒီယာမိတ်ဖက်အဖြစ် ရွေးချယ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပါဝင်ခြင်းမရှိသည့်အပြင် ဂီတပွဲတော်ကို အဓိကပံ့ပိုးသူလည်း မဟုတ်ကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ပတ်သက်၍ ၎င်းတို့၏ မူဝါဒပြောင်းလဲမှုမရှိကြောင်းလည်း ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူနည်းစု ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဥပဒေမဲ့ရှင်းလင်းဖယ်ရှားမှုများ အပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များကြောင့်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော်  ထိပ်တန်းခေါင်းဆောင်လေးဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုက ၂၀၁၉ ဇူလိုင်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ 

မိသားစုဝင်များပါ ပိတ်ဆို့ဒဏ်ခတ်ခံရသည့် ထိပ်တန်းတပ်မတော်ခေါင်းဆောင်လေးဦးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်သန်းဦးနှင့် ဗိုလ်ချုပ်အောင်အောင်တို့ဖြစ်သည်။

တပ်ခေါင်းဆောင်များအပေါ် ပိတ်ဆို့အရေးယူသော်လည်း အမေရိကန်သံရုံးကိုယ်တိုင်က တပ်ချုပ်သမီးပိုင်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ‘စံနှုန်းနှစ်ခုထားခြင်း’ ဖြစ်သည်ဟုလည်း လူမှုကွန်ရက်အသုံးပြုသူများက ဝေဖန်ထားသည်။ 

“7th Sense နှင့် ပူးပေါင်းတင်ဆက်ခြင်းဟာ ကြောင်သူတော်အလုပ်ပဲ” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက သံရုံးစာမျက်နှာတွင် ဝေဖန်ခဲ့သည်။ 

7th Sense ကုမ္ပဏီကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်၊ ဦးဝေမင်းမောင်၊ VeVe အချိုရည် ထုတ်လုပ်သည့် Green Circle ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင် (ခေါ်) ဦးနိုင်ဖြိုးကျော်၊ အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သားဖြစ်သူ ဦးစံကိုကိုတင့်ဆန်းတို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။ 

၂၀၁၇ တွင် စတင်တည်ထောင်ခဲ့သည့် အဆိုပါဖျော်ဖြေရေးကုမ္ပဏီသည် ရုပ်ရှင်နှင့်အနုပညာဖျော်ဖြေရေးကဏ္ဍတွင် နှစ်စဉ် ခန့်မှန်းခြေ ကျပ်သိန်းပေါင်း သောင်းချီကာ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး လက်ရှိဖျော်ဖြေရေးနယ်ပယ်တွင် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်နေပြီဖြစ်သည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သမီးနှင့် ချွေးမဖြစ်သူတို့ ပိုင်ဆိုင်သည့် ဖျော်ဖြေရေးကုမ္ပဏီများအကြောင်းကို Myanmar Now က ၂၀၁၉ တွင် စုံစမ်းရေးသားခဲ့ပြီးဖြစ်သည်။

ဂီတပွဲတော်တွင် တပ်ချုပ်သမီးပိုင် ကုမ္ပဏီပါဝင်နေခြင်းအပေါ် “7th Sense အစား အခြားမီဒီယာတစ်ခုကို ရွေးချယ်ဖို့ တောင်းဆိုချင်ပါတယ်။ လူ့အခွင့်အရေးအပေါ် ထိခိုက်နစ်နာစေနိုင်သည်များကို ကြိုတင်စိစစ်ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းက လူမှုရေးပိတ်ဆို့မှု လုပ်မှာဖြစ်တယ်ဆိုတဲ့အကြောင်း ကျူးလွန်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ သိစေချင်လို့ပါ” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။

Leave a Reply