စင်ကာပူက Pfizer နှင့် BioNTech ၏ COVID-19 ကာကွယ်ဆေးကို အသုံးပြုခွင့်ပေး

Local News

Pfizer နှင့် BioNTech တို့ ပူးပေါင်းထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို စင်ကာပူက အသုံးပြုခွင့်ပေးခဲ့ပြီး ကာကွယ်ဆေးပထမအသုတ်ကို ဒီဇင်ဘာလကုန်မတိုင်မီ ရရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

Pfizer ၏ကာကွယ်ဆေးကို နိုင်ငံတွင်း၌ အသုံးပြုခွင့်ပေးသည့် ဗြိတိန်၊ အမေရိကန်တို့ပါဝင်သော နိုင်ငံအနည်းငယ်ထဲတွင် စင်ကာပူလည်း အပါအဝင်ဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် တတိယသုံးလပတ် နောက်ဆုံးထား၍ လူဦးရေ ၅.၇ သန်းအတွက် COVID-19 ကာကွယ်ဆေး အလုံအလောက်ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက ရုပ်သံမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ၊ ခုခံအားစနစ် ကျဆင်းနေသူများ၊ ရောဂါအခံရှိသူများစသော ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ မြင့်မားသောသူများကို ဦးစားပေး၍ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။

COVID-19 ကာကွယ်ဆေးထိုးနှံမှုကို မဖြစ်မနေလုပ်ဆောင်ခိုင်းခြင်းမဟုတ်ဘဲ မိမိတို့၏ဆန္ဒအလျောက် ထိုးနှံခွင့်ရှိကြောင်း၊ သို့သော် ကာကွယ်ဆေးထိုးနှံကြရန် ပြည်သူများအား တိုက်တွန်းလိုကြောင်း လီက ပြောကြားခဲ့သည်။

“ လူတိုင်း COVID-19 ကာကွယ်ဆေးထိုးနှံကြဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်။ သင်ကာကွယ်ဆေးထိုးနှံရင် သင့်ကိုယ်သင်ရော အခြားသူတွေကိုရော အထူးသဖြင့် သင်ချစ်ခင်ရသူတွေကိုပါ ကာကွယ်ပေးပြီးသား ဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်း၌ ရောဂါပိုးကူးစက်မှု မဖြစ်ပွားသည်မှာ သီတင်းပတ်များစွာရှိနေခြင်းနှင့်အတူ စင်ကာပူတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်း သိသိသာသာကျဆင်းသွားသည်ဖြစ်၍ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးစီမံချက်များကို ဒီဇင်ဘာ ၂၈ ရက်မှစ၍ ဖြေလျှော့ပေးသွားမည်ဟု လီက ထုတ်ပြန်ကြေညာခဲ့သည်။

နေအိမ်ပြင်ပတွင် လူစုဝေးခြင်းနှင့် နေအိမ်တွင် ဧည့်သည်လက်ခံခြင်းကို လူ ငါးဦးအထိသာ ခွင့်ပြုပေးထားခြင်းဖြစ်သော်လည်း ဒီဇင်ဘာ ၂၈ ရက်နောက်ပိုင်းမှစ၍ လူရှစ်ဦးအထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

ထို့ပြင် စျေးဝယ်ကုန်တိုက်များ၊ ဘာသာရေးဆိုင်ရာ နေရာများ၊ ပြတိုက်များသို့ ဝင်ရောက်ခွင့်ပြုသည့် လူအရေအတွက်ကိုလည်း ထပ်တိုးသတ်မှတ်ပေးသွားမည်ဖြစ်သည်။

စင်ကာပူနိုင်ငံသည် ကနဦးတွင် ဗိုင်းရပ်စ်ကူးစက်မှုခြေရာခံခြင်းကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်ခြင်းဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားခဲ့သော်လည်း ဝင်ငွေနိမ့် ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် အလုပ်သမားဆောင်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက နိုင်ငံတွင်း၌ တစ်စိတ်တစ်ပိုင်း Lockdown ချခဲ့ရသည်။

စီးပွားရေးလုပ်ငန်းများနှင့် စာသင်ကျောင်းများကို ဇွန်လတွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း ဝန်ကြီးချုပ်လီ၏ ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်ကြေညာချက်သည် လပေါင်းများစွာအတွင်း ပိတ်ပင်ကန့်သတ်ချက် အများဆုံးကို ဖြေလျှော့ပေးမှုဖြစ်သည်။

သို့ရာတွင် ကူးစက်မှုအခြေအနေမှာ တည်ငြိမ်ခြင်းမရှိသောကြောင့် ပြည်သူများအနေဖြင့် သတိဖြင့် နေထိုင်ကြရန် လီက တိုက်တွန်းခဲ့သည်။

ပြည်ပခရီးသွားဝင်ရောက်မှုကို ပိတ်ပင်ထားဆဲဖြစ်သော စင်ကာပူနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၈,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၉ ဦးရှိသည်။

Leave a Reply