ဝန်ထမ်းကားပါမစ်ကြောင့် မြန်မာပြည် ကားစျေးကွက် ဘယ်လိုအခြေအနေ ဖြစ်သွားနိုင်သလဲ

Local News

ပါမစ်များသည် မဆလပါတီခေတ်မှ ယနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရခေတ်အထိ အထူးရေပန်းစားခဲ့သည်။ GSM ဖုန်းပါမစ်၊ ငြိမ်းချမ်းရေး ကားပါမစ် အပြင် ယခု NLD အစိုးရ လက်ထက်တွင် ခေတ်စားလာခဲ့သည်မှာ နိုင်ငံ့ဝန်ထမ်း ကားပါမစ်။

နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ် တင်သွင်းဝယ်ယူခွင့် ( ဝန်ထမ်း ကားပါမစ် ) ပေးရသည့် ရည်ရွယ်ချက်မှာ အငြိမ်းစားယူတော့မည့် နိုင်ငံ့ဝန်ထမ်းများကို ပုံမှန်ထက် သက်သာသည့် အနေအထားဖြင့် မော်တော်ယာဉ် ဝယ်စီးနိုင်ရန်ဖြစ်ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရာတွင် ပြည်သူ့ဝန်ထမ်းကောင်း၊ စစ်မှုထမ်းကောင်း၊ ရဲမှုထမ်းကောင်း တံဆိပ်ရရှိထားသော အသက် ၅၇ နှစ်နှင့် အထက် ပင်စင်ယူရန် သုံးနှစ်အလို တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများသည် ယခုပေးအပ်သည့် ကားပါမစ်တွင် အကျုံးဝင်ကြောင်း ဖော်ပြခဲ့သည်။

ယခုပေးအပ်ခဲ့သော ကားပါမစ်သည် အမြဲတန်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး အဆင့်မှ အောက်ဆုံးအဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဖြစ်ပြီး ယခုနှစ်နှစ်ဆန်းပိုင်းတွင် ညွှန်ကြားရေးမှူးနှင့် အထက် နိုင်ငံ့ဝန်ထမ်းများကို ကားပါမစ် ခွင့်ပြူပေးခဲ့ပြီးဖြစ်သည်။

သို့သော် အဆိုပါ ဝန်ထမ်းကားပါမစ်အတွက် အခွန်နှုန်းထား မည်မျှကောက်ခံမည်ကို အတိအကျ မသိရှိရသေးကြောင်း ခန့်မှန်းတွက်ချက်မှုများသာ ရှိသေးကြောင်း ပြောဆိုမှုများ ရှိနေသည်။

United Explorer မော်တော်ယာဉ်ရောင်းဝယ်ရေး၏ ဒါရိုက်တာ ဦးအောင်မိုးလွင်က  “ဘယ်သူတွေ သွင်းခွင့်ရမယ်၊ ဘယ်မော်ဒယ်လ်တွေ သွင်းလို့ရမယ်ဆိုတာတော့ အစိုးရဘက်က ပြောပြီးပြီ။ ဒါပေမဲ့ အဲ့လိုသွင်းလာရင် အခွန်ကို ဘယ်လိုတွက်မယ်ဆိုတာတော့ ရုံးတွင်းစာတွေ အတိအကျ မထွက်သေးဘူး” ဟု ပြောကြားခဲ့သည်။

သို့သော် အဆိုပါ ပါမစ်နှင့် ကားဝယ်သူများအတွက် သာမန်ကားဝယ်သူများထက် အနည်းဆုံး ကျပ်သိန်း သုံးဆယ်မှ သိန်းသုံးရာ၊ သိန်းလေးရာ ဝန်းကျင်အထိ သက်သာနိုင်ခြေရှိကြောင်း ပြည်တွင်းကားစျေးကွက် ကျွမ်းကျင်သူ တချို့မှ ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံတွင် ကားတစ်စီး ဝယ်မည်ဆိုလျှင် ပေးသွင်းရမည့် အခွန်အခ ငါးမျိုးရှိပြီး စတင်ပေးသွင်းရမည့် အခွန်အမျိုးအစားမှာ အကောက်ခွန်၊ ယင်းနောက် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ကြေး (ကညနအခွန်) တို့ ဖြစ်သည်။

လက်ရှိပြည်တွင်းကားဈေးကွက်အတွင်း ခန့်မှန်းချက်များအရ ဝန်ထမ်း ကားပါမစ်အတွက် အကောက်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း သက်သာမည်ဖြစ်ပြီး ကညနအခွန်မှာ ၁၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းအထိ သက်သာနိုင်ခြေရှိသည်။ ဝင်ငွေခွန်ကို ဝန်ထမ်းလစာ ငွေဖြူဖြင့် ခုနှိမ်မည်ဆိုလျှင် ဝင်ငွေခွန်ဆောင်ရန်ပင်မလိုသည့် အနေအထားဖြစ်သည်။

ယင်းအချက်တို့မှာ သာမန်ကားဝယ်မည့်သူနှင့် ဝန်ထမ်းကားပါမစ်တို့ကြား အဓိကကွာခြားချက်ဖြစ်သည်။

ထိုပါမစ်များကို ဝန်ထမ်းများထံမှ ဝယ်ယူကြမည့်လူများနှင့် ပတ်သတ်၍ မည်ကဲ့သို့ ကန့်သတ်ချက်များရှိမည်ကိုလည်း လောလောဆယ်တွင် မသိရသေးကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းချုပ် (MAMDA) ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

လက်ရှိခွင့်ပြုထားသော ကားပါမစ်သည် ရာထူးအဆင့်အတန်းအလိုက် အင်ဂျင်ပါဝါ (မြင်းကောင်ရေ) ကို ခွဲခြားထားပြီး ထိုအချက်ပေါ်မူတည်ကာ ဝန်ထမ်းကားပါမစ်များအကြားတွင် ကွာခြားချက်များ ရှိလာမည်ဖြစ်သည်။

လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့်ဝန်ထမ်းများ၏ ကားပါမစ်နှင့် သာမန်ကားဝယ်မည့်သူတို့အကြား ကွာခြားမှုသိပ်မရှိသော်လည်း လက်ထောက်ညွှန်ကြားရေးမှူးအထက် အဆင့်များတွင်မူ သက်သာခွင့် ပိုများသွားမည် ဖြစ်သည်။

လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့်ဝန်ထမ်းများသည် အင်ဂျင်ပါဝါ ၁၈၀၀ စီစီ ရှိသည့် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သော SKD စနစ် မော်တော်ယာဉ်နှင့် အရောင်းပြခန်းတွင် ရောင်းချနေသည့် အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့်အောက် မော်တော်ယာဉ်တို့ကို ဝယ်ယူခွင့်ရမည်ဖြစ်သည်။

ဒုတိယညွှန်ကြားရေးမှူးနှင့် အထက်အဆင့်ဝန်ထမ်းများသည် အင်ဂျင်ပါဝါ ၁၈၀၀ စီစီမှ ၃၅၀၀ စီစီအထိ မော်တော်ယာဉ်တို့ကို တင်သွင်းဝယ်ယူခွင့်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကားအရောင်းပြခန်းနှင့် ကားအရောင်းစင်တာဟူ၍ နှစ်မျိုးရှိပြီး အရောင်းပြခန်းတွင် ကားအသစ်များကို ရောင်းချပြီး အရောင်းစင်တာတွင် ကားအဟောင်းများကိုရောင်းချသည်ဟု အလွယ်မှတ်ထားနိုင်သည်။

ယခုဝန်ထမ်းကားပါမစ်သည် အရောင်းပြခန်းမှ ကားများကို ဝယ်ယူခွင့်ပြုခြင်းဖြစ်သည့်အတွက် ကားအသစ်ဟု ဆိုရမည်ဖြစ်ပြီး ပါမစ်ခွင့်ပြုချိန်မှာ နှစ်ကုန်ခါနီးဖြစ်၍ ဝန်ထမ်းများအနေနှင့် လာမည့်နှစ် သတ်မှတ်ချက်ဖြစ်သော ၂၀၁၉ မော်ဒယ်လ်ကားများကိုသာ ဝယ်ယူရတော့မည်ဖြစ်သည်။

ထိုသို့မဟုတ်လျှင် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သော SKD စနစ် ကားများကို ဝယ်ယူရမည်ဖြစ်သည်။ သို့သော် SKD စနစ်ကားများမှာ နဂိုကတည်းကပင် တခြားသောကားများထက် အခွန်အခလျှော့ပေါ့ခွင့်အများအပြား ရထားပြီးသားဖြစ်ရာ ဝန်ထမ်းပါမစ်နှင့် ကွာခြားမှု မဆိုစလောက် အနည်းအကျဉ်းသာ ရှိပေမည်။

ယခုနှစ် ဩဂုတ်လအတွင်း အကောက်ခွန်နှင့် ကနညမှတ်ပုံတင်ကြေးတို့ကို လျှော့ချပေးထားပြီးဖြစ်သည်။

ထိုစဉ်က အခွန်အခနှုန်းထားလျှော့ချမှုကြောင့် ပြည်ပမှ ကားအစီးလိုက်တင်သွင်းသော (CBU စနစ်) ကားများ၏ ဈေးနှုန်းများကျဆင်းခဲ့ပြီး ပြည်တွင်းရှိ SKD စနစ် ကားများနှင့် ဈေးနှုန်းခြင်း ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာသည်။

ယခုတစ်ဖန် ဝန်ထမ်းကားပါမစ်သည်လည်း SKD စနစ် ကားများ၏ အခွန်အခသက်သာခွင့်နှင့် မတိမ်းမယိမ်းဖြစ်ရာ SKD စနစ် ကားလုပ်ငန်းများအတွက် နောက်ထပ်ထိုးနှက်ချက် တစ်ခုပင်။

“အခုဝန်ထမ်းကားပါမစ်ကလည်း ဒီ SKD သမားတွေကို ပေးထားတဲ့အခွင့်အရေးနဲ့ မတိမ်းမယိမ်းဖြစ်နေတဲ့အခါ ကျတော့ ရောင်းအားနည်းသွားနိုင်တာကို ထောက်ပြပြောကြတယ်”ဟု United Explorer မော်တော်ယာဉ်ရောင်းဝယ်ရေး၏ ဒါရိုက်တာ ဦးအောင်မိုးလွင်က ဆိုသည်။

ယခုခွင့်ပြုလိုက်သော ဝန်ထမ်းကားပါမစ်တွင် အကျုံးဝင်သော နိုင်ငံ့ဝန်ထမ်းဦးရေမှာ သုံးသောင်းနှင့် လေးသောင်းကြား ရှိနိုင်ကြောင်း ကားဈေးကွက်မှ အတွေ့အကြုံရင့်လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကားပါမစ်တွင် အကျုံးဝင်သည့် ပြည်သူ့ဝန်ထမ်းဦးရေ တစ်သောင်းတစ်ထောင် ဝန်းကျင်၊ အခြားသော စစ်မှုထမ်း၊ ရဲမှုထမ်း စသည့် နိုင်ငံ့ဝန်ထမ်းဦးရေမှာလည်း ထိုအရေအတွက်ဝန်းကျင်ပင်ဖြစ်ရာ ယခုနှစ် ဝန်ထမ်းကားပါမစ်အရေအတွက်မှာ နှစ်သောင်းဝန်းကျင်ခန့်ရှိမည်ဖြစ်သည်။

ပြည်တွင်းတွင် ကားရောင်းချမှု အခြေအနေမှာ လက်ရှိတွင် တစ်နှစ် ကားအစီးရေ နှစ်သောင်းခန့်ရှိပြီး ဝန်ထမ်းကားပါမစ်ကြောင့် ကားဈေးကွက်အတွင်း ထိခိုက်မှုတချို့ရှိနိုင်ကြောင်း ဒေါက်တာ စိုးထွန်းက သုံးသပ်သည်။

“အဓိကထိခိုက်နိုင်တာကတော့ ပြည်တွင်းမှာ SKD စနစ်နဲ့လာထုတ်တဲ့ လုပ်ငန်းတွေပေါ့။ ဈေးကွက်မှာ တကယ်ဝယ်နိုင်တဲ့အားနဲ့ ပါမစ်ထွက်လာလို့ ရောင်းမယ့်အားက ပိုများနေရင်တော့ ဒီ SKD ဈေးကွက်တစ်ခုတော့ ထိခိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ဝန်ထမ်းကားပါမစ်ဂယက်ကြောင့် စတင်လှုပ်ခတ်လာသည့် နောက်ထပ်ဈေးကွက်တစ်ခုမှာ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း လုပ်ငန်းအများစု ရပ်တန့်ထားရသည့်အတွက် ဒေါ်လာဝယ်လိုအား ကျဆင်းကာ ငွေလဲနှုန်းကျဆင်းလျက်ရှိရာမှ ဝန်ထမ်းကားပါမစ်ကြောင့် ငွေလဲနှုန်းအနည်းငယ် လှုပ်ခတ်လာပြီဖြစ်သည်။

ဝန်ထမ်းကားပါမစ်အရေအတွက် ခန့်မှန်းခြေ နှစ်သောင်း၊ ကားတစ်စီး ပျမ်းမျှခန့်မှန်းခြေ အမေရိကန်ဒေါ်လာ နှစ်သောင်းဖြင့် တွက်မည်ဆိုလျှင် အမေရိကန်ဒေါ်လာ သန်းလေးရာခန့် ရှိသည်။

“ဒီဝန်ထမ်းပါမစ်ကြောင့် ဒေါ်လာဈေးတော့ တက်လာတာပေါ့” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

ဒီမိုကရေစီ အရပ်သားအစိုးရလက်ထက် ဝန်ထမ်းကားပါမစ်တွင် နောက်ထပ် ထူးခြားချက်မှာ နောင်လာမည့်နှစ်များတွင်လည်း အဆိုပါပါမစ်ကို ဆက်လက်ခွင့်ပြုသွားဦးမည်ဖြစ်သည်။

ဝန်ထမ်းကားပါမစ်ကို ရောင်းချခွင့် မပြုဟုဆိုထားသော်လည်း အမှန်တကယ် ကားဝယ်စီးနိုင်မည့် ဝန်ထမ်းဦးရေမှာလည်း အများအပြားမဟုတ်ပေ။

“အကြမ်းဖျင်း ဦးရေတစ်ဝက်လောက်ကတော့ ငွေသွင်းနိုင်လောက်တယ်၊ ငွေမသွင်းနိုင်သူတွေကိုလည်း အစိုးရက ချေးငွေဘာညာမျိုးနဲ့ စဉ်းစားပေးထားတယ်လို့ ကြားသိရတယ်” ဟု United Explorer မော်တော်ယာဉ် ရောင်းဝယ်ရေး၏ ဒါရိုက်တာ ဦးအောင်မိုးလွင်က ဆိုသည်။

သို့သော် မြန်မာနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းများသာမက သာမန်ပြည်သူများပါ အဓိကလိုအပ်နေသည်မှာ နေရေး ဖြစ်သည်။ ကျောတစ်ခင်းစာ ကိုယ်ပိုင်နေရာမရှိသည့် အိမ်ထောင်စုပေါင်းများစွာ ရှိနေဆဲ။

“တကယ်တမ်း ဝန်ထမ်းအငယ်တွေ လိုအပ်နေတာ ကားထက်စာရင် နေဖို့အတွက် ပိုလိုတယ်လို့ မြင်ပါတယ်။ ဒါကို လုပ်ပေးနိုင်ရင်တော့ ပိုကောင်းမယ်ထင်တယ်” ဟု ဒေါက်တာစိုးထွန်းက မှတ်ချက်ပေးသည်။

ကျပ်သိန်းရာနှင့်ချီတန်သော ကားများကို အခွန်အခသက်သာစွာဖြင့် ဝန်ထမ်းများဝယ်ယူနိုင်ရန် ဝန်ထမ်းကားပါမစ် ထုတ်ပေးသည်ဆိုသော်လည်း ရာထူးအဆင့်ငယ်သော ဝန်ထမ်းများအတွက် ကိုယ်တိုင်ဝယ်စီးခြင်းထက် ပါမစ်ရောင်းစားခြင်းကိုသာ ရွေးချယ်ကြရမည်ဖြစ်သည်။

“ဘယ်ရာထူးအဆင့်ဆင့်ပဲဖြစ်ဖြစ် ကားတန်ဖိုးပမာဏနဲ့တွက်ရင်တော့ ဝယ်စီးဖို့ဆိုတာ မလွယ်ဘူး” ဟု မြန်မာ နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

Leave a Reply