ဗြိတိန်နိုင်ငံတွင်း ဗီဇပြောင်း ကိုဗစ်ရောဂါ ကူးစက်နေသောကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားက ဗြိတိန်နှင့်လေကြောင်းခရီးစဉ်များကို ပိတ်ပင်

Local News

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ် တစ်မျိုးကြောင့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မထိန်းချုပ်နိုင် ဖြစ်နေသည်ဟု ထုတ်ပြန်ခဲ့သောကြောင့် ကမ္ဘာတစ်ဝန်းရှိနိုင်ငံအများအပြားက ဗြိတိန်မှခရီးသည်များနှင့် လေကြောင်းခရီးစဉ်များကို စတင်ပိတ်ပင်ခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်အချိန်မှစ၍ ၄၈ နာရီကြာ ဗြိတိန်မှခရီးစဉ်အားလုံးကို ပိတ်ထားပြီး ယင်းပိတ်ပင်မှုတွင် ကုန်းလမ်း၊ ရေကြောင်းနှင့်လေကြောင်းတို့မှ ကုန်ပစ္စည်းတင်ပို့မှုနှင့် ဆက်နွှယ်သည့် ခရီးစဉ်အားလုံး ပါဝင်သည်ဟု ပြင်သစ်နိုင်ငံက ထုတ်ပြန်ခဲ့သည်။

ဂျာမနီနိုင်ငံကလည်း ဒီဇင်ဘာ ၂၀ ရက်မှစ၍ ၃၁ ရက်နေ့အထိ ဗြိတိန်နှင့်ဆက်နွှယ်သည့် လေကြောင်းခရီးစဉ် အားလုံးကို ပိတ်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဂျန်းစ်စပန်းက အေအာဒီသတင်းဌာနကို ပြောကြားခဲ့သည်။

ကုန်တင်လေကြောင်းခရီးစဉ်များကို ခြွင်းချက်အဖြစ် သတ်မှတ်ထားပြီး ခရီးသွားလာမှုများ တားမြစ်ပိတ်ပင်ချက်များကို ဇန်နဝါရီလအထိ တိုးချဲ့သွားရန်လုပ်ဆောင်နေသည်ဟု အစိုးရသတင်းအရင်းအမြစ်တစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

အီတလီ ကျန်းမာရေးဝန်ကြီး ရောဘတ်တိုစပရန်ဇာကလည်း ဗြိတိန်မှ လေကြောင်းခရီးစဉ်များကို ပိတ်ဆို့မိန့်ထုတ်ပြန်ခဲ့ပြီး မကြာသေးမီက ဗြိတိန်ကို သွားရောက်ခဲ့သူများအားလုံး ဗိုင်းရပ်စ်ကူး စက်ခံရခြင်းရှိ၊မရှိ စစ်ဆေးရမည်ဟု ထုတ်ပြန်ခဲ့သည်။ မကြာသေးမီက ဗြိတိန်မှပြန်လာသည့် အီတလီနိုင်ငံသားတစ်ဦးတွင် ဗိုင်းရပ်စ်မျိုးဗီဇသစ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အိုင်ယာလန်နိုင်ငံကလည်း ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်အချိန်မှစ၍ ၄၈နာရီကြာ ဗြိတိန်နိုင်ငံမှ ဆိုက်ရောက်လာမည့် လေကြောင်းခရီးစဉ်များအားလုံးကို ပိတ်ပင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဗြိတိန်လေကြောင်းခရီးစဉ်အားလုံးကို ၇၂ နာရီကြာ ပိတ်ပင်သွားမည်ဟု ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ဗြိတိန်မှရောက်ရှိလာသူအားလုံး ဒုတိယအကြိမ် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးရမည်ဖြစ်ပြီး တင်းကျပ်သည့် အသွားအလာ ကန့်သတ်နေထိုင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။

နယ်သာလန်နိုင်ငံတွင် ဗိုင်းရပ်စ်မျိုးဗီဇသစ် ကူးစက်ခံရသူတစ်ဦး တွေ့ရှိခဲ့သည့်အတွက် ဇန်နဝါရီလ ၁ ရက်အထိ လေကြောင်း ခရီးစဉ်များကို တားမြစ်ပိတ်ပင်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

ဘယ်ဂျီယံဝန်ကြီးချုပ် အလက်ဇန်းဒါးဒီခရူးကလည်း ဗြိတိန်မှ လေကြောင်းနှင့် ရထားခရီးစဉ်များအားလုံးကို ဒီဇင်ဘာ ၂၀ မှစ၍ ၂၄ နာရီကြာ ဆိုင်းငံ့သွားမည်ဟုဆိုသည်။

သြစတြီးယားနှင့် ဆွီဒင်နိုင်ငံတို့က ဗြိတိန်မှလေကြောင်းခရီးစဉ်များကို ပိတ်ပင်သွားရန် စဉ်းစားသုံးသပ်နေပြီး ဆွစ်ဇာလန်နိုင်ငံကမူ ဗြိတိန်နှင့် တောင်အာဖရိကမှ လေကြောင်းခရီးစဉ်များကို ပိတ်ပင်ခဲ့သည်။

ဘော်တစ်ဒေသရှိ အက်စတိုးနီးယား၊ လက်ဗီးယားနှင့် လစ်သူရေးနီးယားတို့အပြင် ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ရိုမေးနီးယား၊ တူရကီ၊အီရန်၊အစ္စရေး၊ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် အယ်ဆာဗေးဒိုးနိုင်ငံတို့သည်လည်း ဗြိတိန်နိုင်ငံမှ လေကြောင်းခရီးစဉ်များအားလုံးကို ပိတ်ပင်ထားခဲ့ကြသည်။

Leave a Reply