Hollywood ရုပ်ရှင်ဒါရိုက်တာ စတီဖင် စပီးဘတ် (Steven Spielberg)အကြောင်း

Knowledge

ပရိတ်သတ်ကြီးထဲမှာ ဒါရိုက်တာ စတီဖင် စပီးဘတ်ဆိုတဲ့ နာမည်ကိုကြားဖူးတဲ့ လူတွေများရှိကြသလားဗျ။ တကယ့်ကို လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။ သူ့ကိုမသိရင်တောင် သူရိုက်ကူးခဲ့တဲ့ Jurassic Park တို့၊ JAWS တို့၊ Indiana Jones တို့ကို ကြည့်ဖူးကြမှာပါ။ အခုပြောပြချင်တာက အဲဒီ့လို လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်အောင် သူဘယ်လိုများကြိုးစားခဲ့ရလဲ ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ 

ဒါရိုက်တာ  စတီဖင်စပီးဘတ် အကြောင်းမပြောခင် သူဒါရိုက်တာ စဖြစ်ကာစ ငယ်ငယ်တုန်းက အကြောင်းလေးတစ်ခုအရင်ပြောပြပါ့မယ်။ အဲဒီတုန်းက Joan Crawford (ဂျွန် ကရော့ဖိုဒ့်) ဆိုတဲ့ အင်မတန်နာမည်ကြီးတဲ့ မင်းသမီးကြီးတစ်လက်ရှိခဲ့ဖူးတယ်။ အဲ့မင်းသမီးကြီးက ဒါရိုက်တာပေါက်စ စတီဖင် စပီးဘတ်နဲ့ အလုပ်လုပ်ရမယ်ဆိုတာလဲ သိရော မိတ်ဆက်ပွဲမှာ လုံး၀စကားမပြောခဲ့ပါဘူးတဲ့။ ဒီလိုချာတိတ်ကို ဒါရိုက်တာလုပ်ခိုင်းတဲ့အတွက် အထင်မကြီးဘူးပေါ့လေ။ တကယ်လဲ အလုပ်လုပ်ပြီးရော အဲ့မင်းသမီးကြီးဟာ ဒါရိုက်တာ စတီဖင် စပီးဘတ်ကို စကားမပြောနိုင်ဖြစ်ခဲ့ရပါတယ်။ ဒီတစ်ခါ စကားမပြောနိုင်တာက ဒါရိုက်တာ ပေါက်စလေးကတော်လွန်းလို့ ချီးကျူးစရာ စကားကိုရှာလို့မရခဲ့တာပါတဲ့ဗျား။

စတီဖင် စပီးဘတ်ဟာ ငယ်ငယ်လေးထဲက ရုပ်ရှင်ဝါသနာအိုးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်သင်တန်းကျောင်းမှာ ကျောင်းတတ်ဖို့သွားပြီးလျှောက်တော့ အပယ်ခံရတယ်။ သာမာန်လူဆို အဲ့နေရာမှာတင် လွယ်လွယ်လေး လက်လျှော့လိုက်ပြီ။ ဒါပေမဲ့သူကဘာလုပ်လဲ သိလား။ Hollywood ကိုသွားပြီးလည်ပတ်တဲ့ tour လက်မှတ်တစ်စောင် ဝယ်ပြီး Hollywood ကိုလစ်သွားပါလေရော။ Hollywood လည်းရောက်ရော အိမ်သာဝင်ချင်ယောင်ဆောင်ပြီး tour ကားပေါ်ကို ပြန်မတတ်တော့ပဲ အဆောက်အဦးတစ်ခုရဲ့ နောက်မှာပုန်းပြီး ကျန်ခဲ့သတဲ့။

ပြီးတော့ Hollywood ဝင်းကြီးထဲမှာ လျှောက်သွားနေချိန်မှာ Chuck Silvers ဆိုတဲ့လူကြီးနဲ့တွေ့ပြီး အဲ့လူကြီးက သူ့အတွက် Hollywood မှာ သုံးရက်စာ လည်ပတ်ခွင့်ရအောင် စာတစ်စောင်ရေးပေးခဲ့ပါတယ်။ ချွေးသိပ်တာပေါ့လေ။ အဲ့မှာ ငနဲသားလေးက Hollywood ကို သုံးရက်လောက်ဝင်ထွက်ပြီးရော လေးရက်မြောက်နေမှာ ကျကျနန suite တွေ နတ်ခ်တိုင်တွေ သေချာဝတ်ပြီး သူ့အဖေရဲ့လက်ကိုင်အိတ်ကြီးကို ကိုင်ပြီး အလုပ်တတ်တဲ့စတိုင်လ်နဲ့ ခပ်တည်တည် Hollywood ဝင်းထဲကို ဝင်သွားပါသတဲ့။

အဲ့လိုစတိုင်လ်မျိုးနဲ့ သူဟာ Hollywood မှာ သုံးလတိတိဝင်ထွက်နေပါသတဲ့။ Hollywood ဝင်းထဲကို ရောက်တဲ့အခါမှာလည်း အလကားမနေပါဘူး။ ဟိုလူနဲ့ဝင်ရော ဒီလူနဲ့ဝင်ရောပေါ့။ နာမည်ကြီးမင်းသားတွေနဲ့ရောလိုက် မီးထိုးမှန်ထိုးအဖွဲ့သားတွေနဲ့ရောလိုက် စတူဒီယို အဖွဲ့သားတွေနဲ့ကူလိုက် လုပ်ရင်းနဲ့ ရသမျှ ရုပ်ရှင်ပညာတွေကို လေ့လာနေပါတော့တယ်။

တချို့ရက်တွေဆိုရင် အိမ်တောင်မပြန်ပဲ Hollywood က အလုပ်ခန်းတွေမှာ အိပ်တယ်။ မနတ်ကျရင် အိမ်ကယူလာတဲ့ ဝတ်စုံတစ်စုံကိုဝတ်ပြီး အလုပ်ဝင်လုပ်တယ်။ 

နောက်ဆုံးမှာတော့ သူရဲ့ကြိုးစားမှုကို Chuck Silvers ကြီးအသိအမှတ်ပြုရပါတော့တယ်။ သူဟာ စတီဖင်ရဲ့ နည်းပြဖြစ်လာခဲ့သလို စတီဖင်ကိုလဲ အခုလိုခိုးကြောင်ခိုးဝှက် ဝင်ထွက်မနေပဲ ရုပ်ရှင်ကားကောင်းတစ်ကား ကိုယ့်ဖာသာကိုယ်ရိုက်ပြီး ပြန်လာပြဖို့ပြောလိုက်တယ်။

Steven Spielberg ဆိုတဲ့ချာတိတ်ကလည်း အသက် ၁၂ နှစ်လောက်ကတည်းက ရုပ်ရှင်အတိုလေးတွေကြိုးစားရိုက်လာတဲ့သူပဲ။လအတော်ကြာတဲ့အခါမှာ Steven Spielberg ကိုယ်တိုင်ဇာတ်ညွှန်းရေးကာ Amblin’ ဆိုတဲ့ စကားမပြောပဲ မင်းသားမင်းသမီးလူငယ်နှစ်ယောက် သရုပ်ဆောင်ထားတဲ့ ၂၆ မိနစ်စာကားတိုလေးကိုရိုက်ပြီးပြန်လာတယ်။

 အဲ့ဒီ ၂၆ မိနစ်တာ စကားမပြောတဲ့ဇာတ်လမ်းတိုလေးကိုကြည့်ပြီး Chuck Silvers တစ်ယောက်မျက်ရည်တောင်ကျတယ်။

အဲ့ဒီ ၁၉၆၀ ကျော်ခေတ်က ဘယ်ရုပ်ရှင်အဖွဲ့သားမှမပါပဲ ဒီလိုဇာတ်လမ်းတိုလေးကို ချာတိတ်တစ်ယောက်က ရိုက်နိုင်၊ အသံသွင်းနိုင်၊ စာတန်းထိုးနိုင်ခဲ့တာတွေးသာကြည့်တော့။အခုခေတ်လို ဟန်းဖုန်းကင်မရာဆိုတာဝေလာဝေး။ ဓာတ်ပုံကင်မရာတောင် အတော်ချမ်းသာသူမှကိုင်နိုင်တာ။ 

Chuck Silvers ဟာ အဲ့ရုပ်ရှင်ကိုလဲ ကြည့်ပြီးရောစားပွဲပေါ်ကဖုန်းကောက်လှည့်ပြီး Universal စတူဒီယို ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးဒုဥက္ကဌ Sidney Sheinberg ကို ချက်ချင်းလာခဲ့ဖို့လှမ်းခေါ်လိုက်တယ်။ Sidney Sheinberg က အရမ်းအလုပ်ရှုပ်နေတာ။ ရုပ်ရှင်တွေတည်းဖြတ်နေတာ ညသန်းခေါင်ကျော်တောင်ပြီးမယ့်ပုံမရှိဘူး။Chuck Silvers က Sidney Sheinberg ကို အဲ့ဒီရုပ်ရှင်အပုံကြီးထားပြီး ချက်ချင်းလာဖို့ ပြောလိုက်တယ်။

Sidney Sheinberg က သေလောက်အောင်အရေးကြီးလို့လားလို့ပြန်မေးတယ်။ Chuck Silvers က အေး .. ဟုတ်တယ်ချက်ခြင်းလာခဲ့လို့ပြောလိုက်တယ်။

Sidney Sheinberg တစ်ယောက် ၂၆ မိနစ်စာ စကားမပြောတဲ့ရုပ်ရှင် Amblin’ ကိုကြည့်ပြီးတဲ့အခါမှာ Steven Spielberg ဆိုတဲ့ချာတိတ်ကို ချက်ချင်းတွေ့ချင်တယ်ဖြစ်ပါလေရော။Universal စတူဒီယိုရဲ့ Sidney Sheinberg ဟာ အသက် ၂၀ မပြည့်တပြည့် Steven Spielberg နဲ့ ခုနှစ်နှစ်ကန်ထရိုက်စာချုပ် ချက်ချင်း on the spot ချုပ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ စတီဗင်ဟာ အင်မတန်ကို အပြောကျယ်လှတဲ့ Hollywood လောကမှာ နေရာတစ်နေရာစပြီးရလာခဲ့ပါတော့တယ်။

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်..

Leave a Reply