တင်သားကြီးစေရန် စီလီကွန် ထိုးရာမှ ပိုးဝင်သွားသောကြောင့် အလှပြင်ဆိုင် ဝန်ထမ်းအမျိုးသမီး (၃)ဦးကို အမှုဖွင့်

Local News

တာမွေမြို့နယ်တွင် အမျိုးသမီးတစ်ဦးသည် တင်ပါးကြီးစေရန်အတွက် စီလိီကွန် ထိုးရာမှ ပိုးဝင်သွားသောကြောင့် ဆိုင်ဝန်ထမ်း အမျိုးသမီး (၃) ဦးအား အမှုဖွင့်ထားကြောင်း ဇန်နဝါရီလ (၆)ရက်နေ့တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ တရားလိုအမျိုးသမီးသည် နိုဝင်ဘာ (၈)ရက်နေ့တွင် လူမှုကွန်ယက်မှ အလှပြင်ဆိုင် page တစ်ခုကို တွေ့သဖြင့် Messenger မှတစ်ဆင့် တင်ပါးကြီးစေရန် စီလီကွန်ထိုးပေးသည့် ဝန်ဆောင်မှုအား မေးမြန်းခဲ့ကြောင်း ၎င်း page မှ ငွေကျပ် ၁၂သိန်းဖြင့် ဝန်ဆောင်မှုပေးကြောင်း အကြောင်းပြန်ခဲ့သဖြင့် ထိုဝန်ဆောင်မှုအား ဝယ်ယူခဲ့သည်။ ဆေးထိုးရန်အတွက် လိပ်စာကိုမေးမြန်းရာ တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည် ဟု ဆိုသည်။

ထို့ကြောင့် နိုဝင်ဘာ (၉) ရက်နေ့တွင် တာမွေမြို့နယ်ရှိ အဆိုပါ အလှပြင်ဆိုင်သို့သွားရောက်ခဲ့ကြောင်း အလှပြင်ဆိုင်တွင် အမည်မသိအမျိုးသမီး (၃) ဦးကိုတွေ့ရှိပြီး ထိုသုံးဦးမှ စီလီကွန်ထိုးမည့် ကိစ္စနှင့်ပတ်သတ်၍ ရှောင်ရန်ဆောင်ရန်များကို ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ဆေးထိုးနှံပြီးနောက် ငွေကျပ် ၁၂ သိန်းပေးချေ၍ ပြန်လာခဲ့ကြောင်း ဖြေကြားခဲ့သည်။

ဆေးထိုးပြီးနောက် ၂ ရက်အကြာတွင် တိုင်ကြားသူသည် အလွန်အမင်း ဖျားနာခဲ့ကြောင်း၊ ဆေးထိုးထားသည့် နေရာတွင် ပိုးဝင်ကာ ပြည်များတည်ခဲ့ကြောင်း ဆေးထိုးထားသည့်နေရာတွင်လဲ ဖူးရောင်လာကပြီး အလွန်အမင်းနာကျင်လာသောကြောင့် ဒဂုံအရှေ့မြို့နယ်ရှိ ဆေးခန်းသို့သွားရောက် ပြသခဲ့ရသည်။

အဆိုပါဆေးခန်းမှတဆင့် အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးသို့ ဆေးကုသရန် လွှဲပြောင်းသဖြင့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးသို့သွားရောက်ပြသခဲ့ပြီးဆေးရုံကြီးတွင် တစ်ပတ်ခန့် ဆေးကုသမှုခံယူခဲ့ရကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ ဆေးထိုးပေးခဲ့သည့် အလှပြင်ဆိုင် တွင်အလုပ်လုပ်ကိုင်ခဲ့ကြသော အမည်မသိ အမျိုးသမီး ၃ ဦးကိုဆက်သွယ်ခဲ့သော်လည်း ၎င်းတို့မှ တာဝန်မယူနိုင်ကြောင်း ပြောကြားခဲ့သောကြောင့်  အန္တရာယ်ဖြစ်စေသော ဆေးဝါးများကို လိမ်လည်ပြီး စီလီကွန်ထိုးပေးခဲ့ကြသော ၎င်းတို့ (၃) ဦးအား အရေးယူပေးပါရန် ဇန်နဝါရီလ ၃ရက်နေ့ ညနေ ၅နာရီ မိနစ်တွင် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင့် သိရှိရသည်။

အဆိုပါအမှုအား တာမွေမြို့နယ် မြို့မရဲစခန်း (ပ) ၁၁/၂၀၂၁  မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ- ၅၈ ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Leave a Reply