အင်ဒိုနီးရှားတွင် ခရီးသည်တင် လေယာဉ်တစ်စီး ပျံတတ်ပြီး လေးမိနစ် အတွင်းမှာပင် ပြတ်ကျပြီး ခရီးသည် ၆၂ ဦး ပျောက်ဆုံးလျက်ရှိ။

Local News

အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသည် ၆၂ ဦး လိုက်ပါတဲ့ ခရီးသည် ဘိုးရင်း တင်လေယာဉ်ဟာ ပျံတက်ပြီး အချိန်တိုအတွင်းမှာပဲ ပျက်ကျသွားခဲ့ပြီးနောက် ဂျာဗားပင်လယ်အတွင်းမှာ လေယာဉ်ကို တွေ့ရှိရပြီလို့ ကယ်ဆယ်ရေးသမားတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။  

စနေနေ့က အခု လေယာဉ်ပျက်ကျမှုကို အင်ဒိုနီးရှားရေတပ်က ဦးဆောင်ပြီး ရေငုပ်သမားတွေနဲ့အတူ ရှာဖွေရေး လုပ်ဆောင်ခဲ့ရာ နောက်နေ့ တနင်္ဂနွေနေ့မှာ ပျက်ကျလေယာဉ်ရဲ့ နေရာကို အခုလို တွေ့ရှိတာ ဖြစ်ပါတယ်။ 

ဆရိဝိဂျယ လေကြောင်းလိုင်း (Sriwijaya Air) ပိုင် SJ182 လေယာဉ်ဆီကနေ အချက်ပြမှုကို စစ်ရေယာဉ်တစ်စင်းက ထောက်လှမ်းတွေ့ရှိပြီးနောက် ရေငုပ်သမားတွေက ပင်လယ်ကြမ်းပြင် ၂၃ မီတာ (၇၅ ပေ) မှာ လေယာဉ်ရဲ့ အပိုင်းအစအချို့ကို တွေ့ရှိရတာ ဖြစ်တယ်လို့ အင်ဒိုနီးရှား စစ်ဦးစီးချုပ် ဟာဒီဂျာဟာဂျန်တိုကို ကိုးကားပြီး သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။  

ထောက်လှမ်းမိတဲ့ အချက်ပြမှုဟာ ပျက်ကျပြီး ရေနစ်မြုပ်သွားတဲ့ လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း Black Box ဆီက ဖြစ်သလား ဆိုတာကိုတော့ ဝန်ကြီးဌာနက သတ်မှတ်ပြောဆိုတာတော့ မရှိပါဘူး။     

အဲဒီ ဘိုးရင်း ၇၃၇၅၀၀ လေယာဉ်ဟာ ဂျကာတာမြို့တော် ဆိုကာနိုဟတ်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပျံတက်ပြီး လေးမိနစ်အတွင်းမှာပဲ အဆက်အသွယ် ပြတ်တောက်ပြီး ရေထဲ ထိုးဆင်းကျသွားခဲ့တာပါ။ လေယာဉ်ပေါ် လိုက်ပါလာသူ ၆၂ ဦးမှာ ကလေးငယ် ၁၀ ဦး ပါဝင်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဘူဒီကာဘာဆူမာဒီက သတင်းထောက်တွေကို ပြောပါတယ်။  

ပျံသန်းရေးရေဒါ ၂၄ ရဲ့ အချက်အလက်အရ လေယာဉ်ဟာ မီတာ ၃၃၅၀ (ပေ ၁၁၀၀၀) အထိ ပျံတက်သွားပြီး ပေ ၂၅၀ အထိ ထိုးဆင်းကျချိန်မှာ လေကြောင်းထိန်းချုပ်ရေး စင်တာနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာလို့ သိရပါတယ်။  

အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ထောင်ပေါင်းများစွာသော ကျွန်းစုတွေကို ဆက်သွယ်ကူးလူးရာမှာ လေကြောင်းလိုင်းကို အလွန်အမင်း မှီခိုနေရတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း လူအသေအဆုံးများတဲ့ လေယာဉ်ပျက်ကျမှုတွေနဲ့ ကြုံတွေ့လာရပါတယ်။  

အင်ဒိုနီးရှားရဲ့ လေကြောင်းလိုင်း သမိုင်းမှာ အဆိုးဝါးဆုံးအဖြစ် ၁၉၉၇ ခုနှစ်က လေယာဉ်ပျက်ကျမှုမှာ လူပေါင်း ၂၃၄ ဦးအထိ သေဆုံးခဲ့ရပါတယ်။   

Leave a Reply