ကနောင်မင်းသားကြီးရဲ့ အုတ်ဂူမှာဘာကြောင့် ရုပ်အလောင်းမရှိတော့တာလဲ။

Knowledge

ကနောင်မင်းသားကြီး၏ရုပ်အလောင်း မရှိတော့တဲ့ အုတ်ဂူ

အိမ်ရှေ့စံကနောင်မင်းရဲ့ အရုပ်လောင်းကို ဘယ်နေရာမှာ မြုတ်နှံထားခဲ့သလဲလို့ မေးရင် ….့ မန္တလေးအရှေ့ပြင်က သူကျဆုံးခဲ့တဲ့နေရာမှာရှိတဲ့ စန္ဒမုနိစေတီတော်ကြီးမှာ မြုတ်နှံ ထားခဲ့တယ်လို့ လူတိုင်းက ပြန်ဖြေကြပါလိမ့်မယ်ထင်တယ် ။ ဟုတ်ပါတယ် ။ အရင်တုန်းက အိမ်ရှေ့စံ ကနောင်မင်း ရဲ့ အရုပ်လောင်းကို အဲဒီစေတီနဲ့ စန္ဒမုနိရုပ်ပွားတော်သီတင်းသုံးရာ ဂန္ဓာကုဋိ အကြားက အုတ်ပြသာဒ်အတွင်း ဂူသွင်းမြုတ်နှံထားခဲ့တာပါ ။ အခုချိန်မှာတော့ အဲဒီနေရာမှာ အုတ်ဂူကမ္ဗည်းကျောက်စာချပ်ကြီးတစ်ခုသာတွေ့ရပြီး အထဲမှာ အိမ်ရှေ့မင်းရဲ့အရုပ်လောင်း မရှိတော့ဘူး ၊ အုတ်ဂူကလည်း ဟောင်းလောင်းပေါက်ကြီး ဖြစ်နေပြီလို့ ပြောရင် …. ဘာဖြစ်လို့ မရှိရတာလဲ …. ၊ ဘယ်သူက တူးယူသွားတာလဲ ….. ၊ အခု ဘယ်နားရောက်နေသလဲ …. စသဖြစ် သိလိုကြလိမ့်မယ်ထင်ပါတယ် ။
အဲဒီလို ဖြစ်ရတာဟာ အရင်ကမန္တလေးတောင်မှာရှိနေတဲ့ ရသေ့ကြီး ဦးခန္တီကြောင့်ပဲလို့ ပြောရမှာပါပဲ.။ 1887 ခုနှစ် သီပေါမင်းပါတော်မူပြီးနောက်ပိုင်း အန္ဒိယကို နယ်နှင်ခံလိုက်ရတဲ့ အိမ်ရှေ့စံကနောင်မင်းရဲ့ သားတော် လင်းပင်မင်းသားနဲ့ မိသားစုဟာ 1912 ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာခွင့်ရခဲ့ပါတယ် ။ ပြန်လာတဲ့ အချိန်မှာ မင်းသားကြီးဟာ အသက် ၅၄ နှစ် ရှိနေပြီ ဖြစ်ပါတယ် ။ ကျန်နေသေးတဲ့ အိမ်ရှေ့စံ အနွယ်တော်များကလည်း ပြည်တော်ပြန်လာတဲ့ လင်းပင်မင်းသားကြီးကို မန္တလေးမှာ လာနေဖို့ ဖိတ်ခေါ်တာနဲ့ မင်းသားကြီးလည်း သွားနေဖြစ်ခဲ့ပါတယ် ။ မန္တလေးကို ရောက်လာတဲ့ မင်းသားကြီးဟာ အသက်ရွယ်အားဖြင့်လည်း ဇရာပိုင်းကို ရောက်လာတာမို့ ဘာသာရေးဘက်ကို ကိုင်းရှိုင်းလားပြီး သမထလမ်းစဉ်တွေကိုပါလိုက်စားလို့ ဖိုးထိုးတာတွေလည်း လုပ်လာခဲ့ပါတယ် ဆိုပါတယ် ။ အဲဒီအချိန်တွေမှာပဲ လင်းပင်မင်းသားကြီးဟာ မန္တလေးတောင်က ရသေ့ကြီး ဦခန္တီနဲ့ ပေါင်းဖက်မိသွားတော့တာပါ ။ မင်းသားကြီးက ရသေ့ကြီးကို အိမ်ရှေ့မင်းထန်းတောကြီး လှူခဲ့သလိုမျိုး ဦးခန္တီကလည်း ရှိရှိသမျှ အဌကထာ ၊ ဋီကာ များကို ကျောက်ထက် အက္ခရာတင်ပြီး စန္ဒာမုနိစေတီအတွင်းမှာ စိုက်ထူပူစော်ခဲ့ပါတယ် ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် လင်းပင်မင်းသားကြီးနဲ့ ရသေ့ကြီးဦးခန္တီတို့ဟာ အတော်လေးကို ရင်းနှီးကျွမ်းတ၀င်ရှိလှတယ်လို့ ဆိုရပါမယ် ။
သက္ကရာဇ် ၁၂၂၈ ခုနှစ် မြင်းကွန်း မြင်းခုံတိုင် အရေးခင်းမှာ လုပ်ကြံခံရတဲ့ အိမ်ရှေ့ကိုယ်တော်ကနောင်မင်းသား နဲ့အတူ မလွန်မင်းသား ၊ စကုမင်းသား ၊ ပြင်စည်မင်းသားတို့ ရဲ့ အလောင်းတို့ကို မင်းတုန်းမင်းကြီးက စန္ဒာမုနိစေတီတော်အနီးမှာ ဂူသွင်းပြီး မြုတ်နှံ ထားခဲ့တာ ဖြစ်ပါတယ် ။ နောက်ပိုင်းကျတော့ အဲဒီ အုတ်ဂူတွေ နဲ့ တစ်ဆက်ထည်း စေတီတစ်ဆူ တည်ပြီး အမရပူရက ပင့်ဆောင်လာတဲ့ စန္ဒာမုနိရုပ်ပွားတော် ကိန်း၀တ်ဖို့ ဂန္ဓာကုဋိတိုက်ကို ပါ တည်ဆောက်ခဲ့တာပါ ။ ဒါကြောင့်မို့ အခုလက်ရှိ ကနောင်မင်း အုတ်ဂူ ကမ္ဗည်းကျောက်ပြားနေရာမှာ ရှိခဲ့ဖူးတဲ့ အိမ်ရှေ့မင်းအုတ်ပြသာဒ်ငယ်ဟာ ဘုရား ဂန္ဓာကုဋိတိုက်နဲ့ စေတီအကြား ကျရောက်နေခဲ့ပါတယ် ။ ဒီတော့ ဘုရား ဂန္ဓာကုဋိတိုက် ခေါင်မိုး ရေတံလျှောက်က ကျတဲ့ရေတွေဟာ အိမ်ရှေ့မင်းရဲ့ အုတ်ဂူပေါ် ကျနေခဲ့တော့တာပါ ။ အိမ်ရှေ့မင်းအုတ်ဂူပေါ် အဲဒီလိုမျိုး တံစိတ်မြက်ကရေကျနေတာဟာ နာမ်နှိမ်ထားသလို ဖြစ်နေတာကြောင့် အိမ်ရှေ့မင်းရဲ့ အနွယ်တော်များဟာ မကြီးပွားနိုင် ၊ မထွန်းကားနိုင် ဆိုပြီး ရသေ့ကြီး ဦးခန္တီက လင်းပင်မင်းသားကြီးကို ပြောပြသတဲ့ ။
ရသေ့ကြီး ဦးခန္တီရဲ့စကားကြောင့် လင်းပင်မင်းသားကြီးဟာ သက္ကရာဇ် ၁၂၇၅ ခုနှစ် တန်ခူးလဆန်း ၅ ရက် ညသန်းခေါင်အချိန်မှာ ဦးခင်မောင်ဒွေးကို အဖော်ခေါ်ပြီး ပန်းရန်သမားနှစ်ယောက်နဲ့အတူ စန္ဒာမုနိဘုရားအတွင်းက ကနောင်မင်းရဲ့အုတ်ဂူကို ဖောက်ပါတော့တယ် ။ ဒီလိုလုပ်ဖို့အတွက် ကျန်အနွယ်တော်များကို လုံး၀အသိမပေးဘူးလို့ဆိုပါတယ် ။ ဂူဖောက်ပြီး အိမ်ရှေ့မင်းရဲ့အလောင်းတော်ကို တွေ့တော့ မင်းသားကြီးက ကတ္တီပါအိပ်ထဲ ထည့်ယူပြီး အုတ်ဂူကို မူလ လက်ရာမပျက်စေပဲ ပြန်ပိတ်စေခဲ့တယ် ။ ဒါပေမယ့် လင်းပင်မင်းသားကြီး ထည့်ယူလာတဲ့အရိုးတွေကို ဘယ်နားမှာထပ်ပြီး သဂြိုလ်ခဲ့သလဲဆိုတာကိုတော့ ဘယ်သူမှတိတိကျကျ မသိကြရဘူးတဲ့ ။ အနွယ်တော်များပြောစကားအရ မင်းသားကြီးဟာ အိမ်ရှေ့မင်းရဲ့ အလောင်းကို ဘိတ်သိပ်မြှာက်ပြီး ရတနာပန်းတောင်းနဲ့ ဧရာ၀တီမြစ်ထဲကိုချတယ်ခဲ့တယ်လို့ ပြောသလို ရန်ကုန်မြို့လှိုင်မြစ်ထဲကိုချခဲ့တယ်လို့လည်း ဆိုပြန်သတဲ့ ။ ဘယ်လိုပဲ ဖြင့်ဖြင့် သေချာတာကတော့ အိမ်ရှေ့မင်းရဲ့ ရုပ်အလောင်းကို ရေထဲချခဲ့တယ် ဆိုတာပါပဲ ။
ဒီကိစ္စကိုပိပိရိရိလုပ်ဆောင်ခဲ့ပေမယ့်လည်း ပိုက်ဆံပေးပြီးခိုင်းတဲ့ ပန်းရန်သမား နှစ်ယောက် နှတ်မလုံမှုကြောင့် ဂူဖေါက်တဲ့ကိစ္စကို အင်္ဂလိပ်အစိုးရသိသွားခဲ့တယ်လို့ ဆိုပါတယ် ။ တကယ်တော့ လင်းပင်မင်းသားကြီးဟာ ရသေ့ကြီး ဦးခန္တီရဲ့ အယူဆစကားအရ အိမ်ရှေ့တော် အဆက် တစ်ခုလုံးကောင်းစားဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာသာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အုတ်ဂူဖောက်ဖို့ လုံး၀အသိမပေးခံရတဲ့ ကျန်အိမ်ရှေ့ အနွယ်တော်တစ်စုက မကြေမနပ်နဲ့ အင်္ဂလိပ်အစိုးရထံ တိုင်ကြားကြောင်း 22 . 5 . 1913 နေ့ထုတ် မန္တလေးတိုင်း သတင်းစာမှာ ပါလာပါတော့တယ် ။ မန္တလေး အရေးပိုင်ကလည်း မင်းသားကြီးကို ခေါ်ပြီး … “ ခင်ဗျားတို့ ဘာလုပ်ကြတာလဲ ၊ အင်္ဂလိပ် အစိုးရပြုတ်အောင် ဆေးဝါးစီရင်ဖို့ လုပ်တာလား” ဆိုပြီး ကြီမ်းမောင်းပြောဆိုသတဲ့ ။ အဲဒီမှာ မင်းသားကြီးနဲ့ အတူလိုက်ပါလာတဲ့ ဦးခင်မောင်ဒွေးက … “သူ့အဖေ အလောင်းကို သူ့သားက ပြန်ဖော်တာ ဘာတတ်နိုင်မှာလဲ” …. လို့ ခပ်ပြတ်ပြတ်ပြောပစ်ခဲ့ပြီး ပြန်လာခဲ့တယ်လို့ ဆိုပါတယ် ။ ဒီကိစ္စက အဲဒီမှာတင်မပြီးသွားပါဘူး ။ အိမ်ရှေ့မင်းအလောင်း တူးဖော်မှုကို အစိုးရက ပြဿနာ အမျိုးမျိုးရှာပြီး ပြည်တော်ပြန်ခွင့်ရထားတဲ့ လင်းပင်မင်းသားကြီးကို 1915 ခုနှစ်မှာ ဒုတိယအကြီမ် ပြည်နှင်ဒါဏ်အဖြစ် အိန္ဒိယကိုပြန်ပို့လိုက်တော့တာပါ ။ လင်းပင်သားကြီးဟာ နောက်ထပ် အိန္ဒိယမှာ ၆ နှစ် ထပ်မံနေထိုင်ခဲ့ရပြီး 1921 ခုနှစ်မှာမှ ရန်ကုန်မြို့မှာ ကောင်းမွန်စွာ နေထိုင်ပါမည့်အကြောင်းကတိက၀တ်တွေပြုပြီးမှ ပြန်လာခွင့်ရခဲ့တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် မန္တလေးကိုတော့ သွားရောက်ခွင့် ပိတ်ပင်ခံထားရဆဲပါပဲ။
Crd: ( ရန်နောင်စိုး )

Leave a Reply