အီဂျစ်မှာ နှစ်ပေါင်း ၃,၀၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းခေါင်းတလားများ တွေ့ရှိ

Local News

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ တောင်ဘက် Saqqara ရှိ ထင်ရှားတဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ နယ်မြေကနေ ရှာဖွေတွေ့ရှိမှု အသစ်ကို ဖော်ထုတ် ပြသလိုက်ပါတယ်။ ရှေးဟောင်းသစ်သားအခေါင်း ၅၄ ခုအပါအဝင် ရှာဖွေ တွေ့ရှိမှု အသစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ ကျော်က New Kingdom ခေတ်ကာလအတွင်းကလို့ ခြေရာခံ ကောက်ချက်ချထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄,၂၀၀ ကျော် ဘုရင်မ Neit ကို မြှုပ်နှံထားတဲ့ ဂူကို အီဂျစ်ရဲ့ ၆ ဆက်မြောက် ဘုရင် ခင်ပွန်းသည် King Teti ရဲ့ ပိရမစ်နားမှာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အဆိုပါ ရှေးဟောင်းသုတေသန နယ်မြေကို ဦးဆောင် ရှာဖွေနေသူ၊ လူသိများကျော်ကြားတဲ့ ရှေးဟောင်းသုတေသီ Zahi Hawass က ဆိုပါတယ်။

ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်း သွင်းထားတဲ့ Step ပရိမစ်တွေ ရှိရာ Saqqara မှာ New Kingdom ခေတ်ကာလ ရှေးဟောင်းအခေါင်းတွေ (ကျောက်တလား) တွေ အပါအဝင် ရှာဖွေမှုအသစ်တွေကို တွေ့ရှိခဲ့တယ်လို့ အီဂျစ် ရှေးဟောင်းနှင့် ခရီးသွားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခေါင်းတလားတွေအပြင် အရောင်စုံ ဆေးခြယ်ထားတဲ့ နဂိုမူလပုံစံ မပျက် လူပုံစံရုပ်တွေလည်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ ရှေးခေတ် ဂိမ်းကစားနည်းတွေ၊ ရှေးဟောင်း ရုပ်တုနဲ့ မျက်နှာဖုံးတွေလည်း တွေ့ရှိခဲ့ကြပါတယ်။

အီဂျစ်အင်ပါယာတခုဖြစ်တဲ့ New Kingdom ခေတ်ဟာ ဘီစီ ၁၅၃၉ ကနေ ၁၀၇၅ ကြားမှာ မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ပြီး ဥစ္စာဓန သာယာဝပြောကာ တန်ခိုးအာဏာ အမြင့်ဆုံးရှိခဲ့တဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ ဘီစီ ၁၅ ရာစုမှာ နယ်မြေအကျယ်ဆုံး ချဲ့ထွင်နိုင်ခဲ့ကြပါတယ်။

ရှာဖွေ တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ အကုန်လုံးက Saqqara နဲ့ New Kingdom သမိုင်းကြောင်းကို ပြန်ပြောင်း ပြောနိုင်ပါလိမ့်မယ်လို့ ရှေးဟောင်းသုတေသီ Zahi Hawass က ဆိုပါတယ်။

အီဂျစ်တာဝန်ရှိသူတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း ခရီးသွားဧည့်သည် ကျဆင်းသွားပြီးနောက် ရှာဖွေမှုအသစ်တွေနဲ့ ဆွဲဆောင်ကာ ဧည့်သည်အရေအတွက် ပြန်ဝင်လာပြီး ထိခိုက်နေတဲ့ ခရီးသွားလုပ်ငန်းကို နာလန်ထနိုင်အောင် လုပ်ဖို့ စိတ်အား ထက်သန်နေပါတယ်။

၂၀၁၉ ခုနှစ်မှာ အီဂျစ်ကို လာရောက် လည်ပတ်ခဲ့သူ ခရီးသွားဧည့်သည် ၁၃ ဒသမ ၁ သန်းကျော် ရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ကပ်ရောဂါ ကူးစက်မှုကြောင့် ၃ ဒသမ ၅ သန်းထိ ကျဆင်းသွားခဲ့ရပါတယ်။

Leave a Reply