အမေ့လျော့ခံ AC လျှပ်စစ်ရဲ့ဖခင် နီကိုလာ တက်စလာ

Local News

အများကတော့ လျှပ်စစ်တီထွင်သူဆိုလျှင် အက်ဒီဆင်လို့ ပြေးမြင်ကြပါတယ်။ အမှန်မှာတော့ အက်ဒီဆင်က လျှပ်စစ် (Direct Current) ကိုသာ တီထွင်ခဲ့သူဖြစ်ပြီး ကျွန်မတို့ အခုသုံးစွဲနေကြတဲ့ Alternating current ကို တီထွင်ခဲ့သူကတော့ နီကိုလာ တက်စလာ (Nikola Tesla) ဖြစ်ပါတယ်။

နီကိုလာ တက်စလာ (Nikola Tesla) (၁၈၅၆၁၉၄၃) ဟာ ဆာဘီးယန်အမေရိကန် လူမျိုး သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး လျှပ်စစ်နဲ့စက်စွမ်းအင်ဆိုင်ရာပညာရပ်တွေမှာ အလွန်ထူးချွန်တဲ့ ပါရမီရှင်တစ်ဦးဖြစ်ပါတယ်။ ယခုလက်ရှိဓာတ်အားဖြန့်ဖြူးတဲ့နေရာမှာအသုံးပြုနေတဲ့ အေစီလျှပ်စစ်(AC) စနစ်ကို စတင်အသုံးချရန် ကြိုးပမ်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ A.C လျှပ်စစ်ဆိုတာကတော့ အချိန်နှင့်လိုက်ပြီးကြိမ်ဖန်များစွာပြောင်းလဲနေတတ်တဲ့ sine wave ပုံစံရှိ လျှပ်စစ်ဓာတ်အားဖြစ်ပြီး ယနေ့အိမ်သုံးဓာတ်အားလည်းဖြစ်ပါတယ်။ 

တက်စလာကို ဆာဘီးယန်မိဘများမှ ၁၈၅၆ ဇူလိုင် ၁၀ရက်နေ့မှာ ခရိုအေးရှား (Croatia)ရှိ စမီးလ်ဂျန် (smiljan) အရပ်တွင် မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်မှာထိုဒေသရှိ ရှေးရိုး ဘုရားရှိခိုးကျောင်းလေးမှ သင်းအုပ်ဘုန်းကြီးတစ်ပါးဖြစ်ပြီး မိဘများကမူ သူ့ဖခင်ကဲ့သို့ဘုန်းကြီးဝတ်စေချင်ခဲ့ပါတယ်။သို့ပေမယ့်လည်း တက်စလာဟာ ငယ်စဥ်ကပင် ဉာဏ်ရည်လွန်စွာထက်မြက်ခဲ့ပြီး ကဗျာရေးခြင်း၊ စမ်းသပ်မှုပြုလုပ်ခြင်းများကို ဝါသနာထုံခဲ့သူဖြစ်ပါတယ်။ တက်စလာဟာ ၁၈၇၁ မှ ၁၈၇၇ အတွင်း ကာလိုဗက် (Karlovac) မြို့လေးမှာ  အထက်တန်းကျောင်းတက်စဥ်ကစပြီး သိပ္ပံပညာရပ်များကို စိတ်ဝင်စားလာခဲ့ပါတယ်။ ၁၈၇၇ မှ ၁၈၈၀အထိ  သြစတြီးယား နိုင်ငံ (Austria) ဂရာဇ်(Graz) ရှိ နည်းပညာတက္ကသိုလ်တွင်ပညာသင်ခဲ့ပြီး ၁၈၈၀ မှာတော့ University of Prague တွင် ပညာဆက်သင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း သူ့ဖခင်ဆုံးပါးသွားသဖြင့် ပညာဆုံးအောင်မသင်ခဲ့ရပါ။

တက်စလာဟာဆိုရင် A.Cလျှပ်စစ်စနစ်ကို တီထွင်ခဲ့ရုံသာမက a.c induction generator Tesla coil နှင့် a.c current frequency ကို ပြောင်းပေးနိုင်သော ထရန်စဖေါ်မာ၊ ရေဒီယိုနည်းပညာ၊ ရေဒါ၊ X-ray  အစရှိသော တီထွင်မှုပေါင်း မြောက်များစွာကို ပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ တက်စလာဟာ ၁၈၈၁ ခုနှစ်မှာ ဘူဒါပက်မြို့ (Budapest) ရှိ Telephone Company မှာ အင်ဂျင်နီယာအဖြစ် တစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ပဲရစ်သို့ပြောင်းရွှေ့အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၈၈၄ ခုနှစ်မှာတော့ အမေရိကန်သို့ပြောင်းရွှေ့ခဲ့ပြီး ကိုယ်ပိုင်အလုပ်ရုံမတည်ထောင်မီ အမေရိကန်စွန့်ဦးတီထွင်သူ  သောမတ် အက်ဒီဆင်ဆီမှာ တစ်နှစ်ခန့်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ တက်စလာဟာ အမေရိကန်ပြည်တွင် သူ့အချိန် အများစုကို စွန့်ဦးတီထွင်သူ ဂျော့ ဝက်စတင်းဟောက်စ် (George Westinghouse) နှင့် လက်တွဲ လုပ်ကိုင်ခဲ့ပါတယ်။ ဂျော့ ဝက်စတင်းဟောက်စ် က တက်စလာရဲ့ patents မူပိုင်ခွင့်များကို ဝယ်ယူခဲ့ပြီး အောင်မြင်စွာ ထုတ်လုပ်ရောင်းချခြင်းဖြင့် a.c လျှပ်စစ်ဖြန့်ဖြူးသော (power transmission) စနစ်ကို ဦးဆောင် စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တက်စလာဟာ နယူးရောက် မြို့ကို ပြောင်းရွှေ့ အခြေချခဲ့ပြီး ၁၈၈၇ ခုနှစ်မှာဓာတ်ခွဲခန်းနှင့်အလုပ်ရုံကို တည်ထောင်နိုင်ခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ တက်စလာဟာ စီးပွားပျက်ကပ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကတော့ တက်စလာရဲ့ပရောဂျက်ဟာ သူ့ကိုထောက်ပံ့နေသူများအတွက် မဖြစ်နိုင်လောက်အောင် ကုန်ကျစရိတ်များပြားလာကြောင်းသိလာကြပြီး သူ့ကိုစွန့်ခွာသွားခဲ့ကြပါတယ်။ သူ့ရဲ့မအောင်မြင်တဲ့ ပရောဂျက်များကြောင့် ဝက်စတင်းဟောက်စ်ကလည်း စီးပွားရေးအရထောက်ပံံ့ကူညီရန်  ငြင်းပယ်ခဲ့ပြီး အဓိကငွေကြေးထောက်ပံ့သူတစ်ဦးဖြစ်တဲ့ စီးပွားရေးသမား ဂျွန် ပီယာပွန့် မော်ဂန်(JP Morgan) ကလည်း ၁၉၁၃ ခုနှစ်တွင် ဆုံးပါးသွားခဲ့ပါတယ်။

တက်စလာဟာ ၁၈၉၂ တွင် အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။ ၁၈၉၂ တွင် မိခင်ဖြစ်သူ ဆုံးပါးပြီးနောက် တက်စလာဟာ ပတ်ဝန်းကျင်နှင့် ရှောင်ခွာပြီး အထီးကျန် စွာ နေစပြုလာခဲ့ပါတော့တယ်။ ၁၉၁၂ မှာတော့ တက်စလာနှင့် အက်ဒီဆင် နှစ်ယောက်လုံးကို နိုဗယ်ဆုအတွက် လျာထားခြင်း ခံခဲ့ရပေမယ့်လည်း တက်စလာဟာ အိမ်သုံး စွမ်းအင်အဖြစ် a.c နှင့် d.c လွန်ဆွဲပွဲတွင် မရိုးသားသော နည်းလမ်းများကို သုံးခဲ့တယ်လို့ သူယုံကြည်ထားတဲ့အတွက် အက်ဒီဆင်နှင့် တွဲဘက်ဆုယူရန် ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့်မို့ တီထွင်သူ နှစ်ယောက်စလုံး နိုဘယ်ဆု မရခဲ့ပါဘူး။ တက်စလာ အနေဖြင့် သူ့ရဲ့ ရှာဖွေတွေ့ရှိမှု အများစုကို patent မူပိုင်ခွင့် မပြုလုပ်ခဲ့ပဲ ထိုတီထွင်မှုများမှ အကျိုးကျေးဇူး အနည်းငယ်ကိုသာ ခံစားခဲ့ရပါတယ်။ 

တက်စလာဟာဆိုရင် သူ့ရဲ့တီထွင်ဖန်တီးမှုတွေအပေါ်မှာပဲ စိတ်နှစ်ထားခဲ့တဲ့အတွက်ကြောင့် အိမ်ထောင်ပြုမသွားခဲ့ဘဲ ဘဝတစ်လျှောက်လည်း အထီးကျန်စွာနဲ့ဖြတ်သန်းခဲ့ရပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ ၈၆နှစ်နေထိုင်သွားခဲ့ပြီး ၁၉၄၃ ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့မှာတော့ နှလုံးသွေးကြောပိတ်ရောဂါဖြင့် သေဆုံးခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးအချိန်တွေကို နယူးယောက်မြို့တွင်သာ သေဆုံးချိန်ထိ အထီးကျန်စွာ ကုန်ဆုံးခဲ့ရပေမယ့် သူ့ရဲ့တီထွင်မှုတွေကိုတော့ အသိအမှတ်ပြုမခံခဲ့ရသလို နာမည်လည်းမထွက်ခဲ့ပါ။ တက်စလာရဲ့တီထွင်မှုများစွာကိုအခြားသူများက အောင်မြင်အောင်လုပ်ကာ အကျိုးခံစားသွားခဲ့ကြပြီး သူ့ရဲ့မြောက်များလှတဲ့တီထွင်မှုတွေဟာလည်း တက်စလာရဲ့ကွယ်လွန်မှုနဲ့အတူ ပျောက်ဆုံးခဲ့ရပါတော့တယ်။ တက်စလာရဲ့ တီထွင်မှုတွေကို ကျွန်မတို့အများဆုံးအသုံးပြုနေကြပေမယ့်ယနေ့ခေတ်မှာတော့ လျှပ်စစ်ဖန်တီးမှုနှင့်ပတ်သက်လျှင် သောမက် အက်ဒီဆင်ကိုသာ ဂုဏ်ပြုကြပြီး A.C လျှပ်စစ်ကို  အဓိကတီထွင်သူဖြစ်တဲ့ လျှပ်စစ်ပစ္စည်းများရဲ့ဖခင်ကြီး နီကိုလာ တက်စလာ (Nikola Tesla) ကတော့ အမေ့ခံသိပ္ပံပညာရှင်ကြီးတစ်ဦးဖြစ်လို့နေပါတော့တယ်ရှင်။

Leave a Reply