ချစ်တဲ့သူအကြောင်း စဥ်းစားပါက စိတ်ဒဏ်ရာနာကျင်မှုများ လျော့ပါးသက်သာနိုင်

Knowledge

စိတ်ပိုင်းဆိုင်ရာနာကျင်မှုများကို ဖြေဖျောက်ရာတွင် ချစ်ခဲ့ဖူးသူတဦးအကြောင်း အမှတ်ရ စဉ်းစားခြင်းသည်

နည်းလမ်းကောင်း တခုဟု သုတေသီ များက ထောက်ခံ ပြောဆို လိုက်ကြသည်။

ယခု တွေ့ရှိမှုသည် လူမှု ဆက်ဆံရေးနှင့် ဆက်သွယ်မှု နယ်ပယ်အတွက် အလွန် အရေးပါကြောင်း သုတေသန လုပ်ငန်းကို

ဆောင်ရွက်ခဲ့သည့် လော့စ်အိန်ဂျယ်လိစ်မြို့၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပညာရှင်များက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပညာရှင် များသည် အမျိုးသမီး (၂၅)ဦးအား သူမတို့ ချစ်မြတ်နိုးသူ များ၏ ဓာတ်ပုံများကို ပြသပြီး

သူမတို့၏ နာကျင်မှု ဝေဒနာများ လျော့ပါးသွားခြင်း ရှိမရှိကို စနစ်တကျ တိုင်းတာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံများ အားလုံးသည် ပါဝင် အစမ်းသပ်ခံရသည့် အမျိုးသမီး တဦးချင်းစီ၏ ချစ်သူဟောင်းများ ဖြစ်ကြပြီး

သူမတို့နှင့် အနည်းဆုံး (၆)လမျှ ပျော်ရွှင် ကြည်နူးစွာ တွဲခဲ့ဖူးသော အတိတ် ဇာတ်လမ်း ရှိကြသူများ ဖြစ်ကြသည်။

စိတ်ပညာ ဒုတိယ ပါမောက္ခ နာအိုမီ အီဆင်ဘာဂျာ က သူမတို့သည် အပူနှင့် နှိုးဆွမှုကို ခံယူရင်း ဓာတ်ပုံများကို ကြည့်ရှုခဲ့ရာ

အများစုက နာကျင်မှု သက်သာသွားသည်ဟု ခံစားရကြောင်း ဖြေဆိုခဲ့ပြီး အခြားသော လူစိမ်းများ၏ ဓာတ်ပုံများကို စမ်းသပ်ပြသခဲ့ရာ

အကျိုးမထူးခဲ့ဟု ရှင်းပြသွားခဲ့သည်။ ထို့အပြင် အခြားစမ်းသပ်မှု တခုအနေနှင့် အမျိုးသမီး များအား

ချစ်သူ၏ လက်ကို ဆုပ်ကိုင်စေပြီး အပူဖြင့် စမ်းသပ်ခဲ့သလို အခြား အမျိုးသမီးများကို တစိမ်းတဦး၏ လက်

(သို့မဟုတ်) လက်ဖြင့်ညှစ်ကာ စိတ်ဖိစီးမှု ဖြေလျှော့ရသည့် ဘောလုံး တလုံးတို့ကို ကိုင်တွယ်ကာ အပူဖြင့် စမ်းသပ်ခဲ့သည်။

ရလဒ်များအရ တူညီသော အပူပမာဏကို ခံစားရသည့်တိုင် ချစ်သူ၏လက်ကို ဆုပ်ကိုင်ထားသည့် အမျိုးသမီးများ၏ လက်မှာ

နာကျင်မှု လျော့နည်းသည်ကို တွေ့ရှိခဲ့ရသည်။ ယခု တွေ့ရှိချက်က လူမှုဆက်ဆံရေး နယ်ပယ်တွင် ခိုင်မြဲသော စိတ်အခြေအနေသည်

လူသားများ၏ ဘဝကို မည်မျှ လွှမ်းမိုးနိုင်ကြောင်း လက်တွေ့ ထင်ဟပ်စေခြင်းပင် ဖြစ်သည်ဟု အီဆင်ဘာဂျာက ပြောကြားခဲ့သည်။

အီဆင်ဘာဂျာက သူမတို့ အဖွဲ့သည် နောက်တကြိမ်တွင် စိတ်ပိုင်းဆိုင်ရာ ဖိစီး ခံစားမှုများနှင့် ပတ်သက်ပြီး လေ့လာ သွားဦးမည်ဟု အတည်ပြု ပြောဆိုခဲ့သည်။

Leave a Reply