သူငယ်ချင်းတွေ စိတ်ဓာတ်ကျနေရင် ဘယ်လိုအားပေးမလဲ

Health Knowledge

ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေ စိတ်ဓါတ်ကျနေတဲ့ အခိုက်အတန့်ကို ကြုံဖူးကြမှာပါ။ အဲဒီလို အခြေအနေတွေမှာ ဘာလုပ်လို့ ဘာပြောရမလဲဆိုပြီး ဖြစ်နေတတ်ပါတယ်။ စိတ်ဓါတ်ကျတဲ့ အခြေအနေဟာ အသက်အန္တရာယ်အထိ ကြုံနိုင်တာကြောင့် စိတ်ဓါတ်အားပေးဖို့ လိုပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်း စိတ်ဓါတ်ကျနေတယ်ဆိုရင် အကောင်းဆုံး အားပေးနိုင်ဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

ငါရှိတယ်

ကိုယ့်ရဲ့ သူငယ်ချင်း စိတ်ဓါတ်ကျနေတယ်ဆိုရင် ဘာတွေပဲဖြစ်ဖြစ် တစ်ယောက်တည်း မဟုတ်ဘူး “ငါရှိတယ်” ဆိုတာမျိုး ပြောပေးပါ။ တကယ့်စိတ်ရင်းနဲ့ အနားမှာ ရှိနေပေးပါ။ သူ့အခက်အခဲတွေကို ကူညီပေးချင်ကြောင်း၊ အကူအညီတောင်းချင်ရင် အချိန်မရွေး တောင်းလို့ရကြောင်း အမြဲတမ်း ပြောပေးပါ။

ချစ်ခြင်းမေတ္တာ ပြသပါ

စိတ်ဓါတ်ကျတဲ့အချိန်မှာ လူတိုင်းက ကိုယ့်ကို ဘယ်သူမှ မချစ်ဘူး တွယ်တာစရာ လူမရှိဘူးဆိုတာမျိုး တွေးတတ်ကြပါတယ်။ အဲဒီလို အချိန်မှာ ချစ်တဲ့သူတွေ ရှိကြောင်း ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ပြသပေးဖို့ လိုပါတယ်။ ဒီလိုမျိုး ခံစားမိတယ်ဆိုရင် ခံစားနေရတဲ့ ဝေဒနာ အချို့ သက်သာသွားနိုင်ပါတယ်။ ကိုယ့်အပေါ် ကောင်းတဲ့သူရှိတဲ့ဆိုတဲ့ စိတ်ဟာ စိတ်ဓါတ်ကျနေတာကို သက်သာစေနိုင်ပါတယ်။

ရင်ဖွင့်လို့ ရကြောင်းပြောပါ

ကိုယ့်ရဲ့ သူငယ်ချင်း စိတ်ဓါတ်ကျနေတယ်ဆိုရင် ကိုယ့်ဆီမှာ ရင်ဖွင့်လို့ရကြောင်း ပြောပါ။ အကြံပေးတာထက် သူခံစားနေရတာတွေကို နားထောင်ပေးပါ။ စိတ်ဓါတ်ကျနေတဲ့သူတွေဟာ သူတို့အကြောင်းအရာတွေကို နားထောင်ပေးမယ့် နားတစ်စုံ လိုအပ်ကြတာ များပါတယ်။ ဒါကြောင့် ရင်ဖွင့်လို့ ရကြောင်းနဲ့ ဘယ်သူကိုမှ ပြန်မပြောဘဲ နှုတ်လုံမယ့်အကြောင်းပါ ထည့်ပြောပါ။ ဒါဆိုရင် စိတ်ဓါတ်ကျနေတာ သက်သာလာနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အကူအညီ

စိတ်ဓါတ်ကျနေတဲ့သူကို စိတ်ပိုင်းဆိုင်ရာအရ ကူညီပေးဖို့ ခက်ခဲနေတယ်ဆိုရင်တောင် ရုပ်ပိုင်းဆိုင်ရာ အရ အကူအညီပေးပါ။ စိတ်ဓါတ်ကျနေတဲ့သူ အများစုဟာ အစားအသောက် မမှန်တာ၊ အအိပ်မမှန်တာ၊ အလုပ်မလုပ်နိုင်တာတွေ ဖြစ်တတ်ကြပါတယ်။ ဒီအချိန်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ဘက်က နိုင်သလောက် ဝိုင်းကူပြီး ဆောင်ရွက်ပေးပါ။ ဒါဆိုရင် စိတ်ခံစားချက် သက်သာလာမှာပါ။

Leave a Reply