သင်၏နေအိမ်မျက်နှာလှည့်သောအရပ်ကိုကြည့်၍လာဘ်လာဘပွင့်လန်းစေသောနည်း

Astrology

မိမိနေသောအိမ်မျက်နှာစာလှည်သော အရပ်ကိုကြည့်၍လာဘ်ပွင့်အောင်ပြုလုပ်နိုင်သည့်နည်းလမ်းများ

လာဘ်ပွင့်စေသောယတြာမျိုးစုံရှိပါသည်။ထိုယတြာနည်းများစွာတွင် လူတစ်ဦးတစ်ယောက်၏ မွေးနေ့မွေးရက်၊မွေးသက္ကရာဇ် များကိုအဓိက ထား၍ဆောင်ရွက်ခြင်းများကိုသာ တင်ထားတာများပါတယ်။အခုပြောမှာကတော့ မိမိနေအိမ်၏မျက်နှာ လှည့်ရာအရပ်ကို အဓိကထား၍ လာဘ်ပွင့်အောင်/လာဘ်လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသောနည်းကို ပြောပြပါမည်။

အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာအကျိုးကျေးဇူးတွေ ကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထို်တဲ့ လူသား အားလုံး မိမိ တို့၏ လုပ်ငန်းဆောင်တာများ မှာ ထူးထူး ကဲကဲ အောင်မြင်ခြင်း၊ အေးအေး ချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေးများ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿနာတွေ အဆင်မပြေမှု့တွေ အတိုက်အခိုက်တွေ ကနေ လွတ်မြောက်နိုင်ပါတယ်။ မိမိတို့နေအိမ် သာယာစေရန် တိုးတက်စေရန် အကျိုးပြုစေပါတယ်။

ဒီနည်း ကို ဆောင်ရွက်မယ့် သူတွေက မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိ ကျကျ သိစရာမလိုပါဘူး။ မိမိနေအိမ် က ဘယ်ဘက် ကို မျက်နှာ မူသလဲ။ အဲဒီ မျက်နှာမူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင် ရွက်ရတဲ့ နည်းဖြစ်ပါတယ်။

အရှေ့ အရပ်ကိုမျက်နှာလှည့်သောနေအိမ်များတွင်နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့အရပ်ကို မျက်နှာ လှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်း က စိုးမိုး အကျိုးပြုသောအိမ် ဟုသတ်မှတ်ပါသည်။ ထို အိမ်တွင် နေထိုင်သူ အပေါင်း တို့သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော် များကို ကြံရ်ကပ်လှူနိုင်သည်။ ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ် တံခါးတွင် ထောင် ထားနိုင်ပါသည်။ ဘုရား တစ်ဆူဆူ ၏ တနင်္လာဒေါင့် တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင် တို့ ကြံသကာ တို့ လှူဒါန်းနိုင်ပါသည်။

အရှေ့တောင်အရပ်ကိုမျက်နှာလှည့်သောနေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အရှေ့တောင် အရပ်ကို မျက်နှာလှည့်သော အိမ်ကို အင်္ဂါဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ဘုရား တွင် စံပယ်ပန်း မကြာခဏ လှူဒါန်း ဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူး လှူ၍လည်း ရပါသည်။ ဆီးယို လည်း မကြာခန ဒါနပြုနိုင်ပါသည်။ သံဃာတော်များ အား ဆပ်ပြာ အလှူ ဒါနပြုနိုင်ပါသည်။ ထို ယတြာကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင်သူများသည် စွမ်းအားကောင်း ခြင်း၊ သြဇာတိုးခြင်း၊ စီးပွား တက်ခြင်းများ ဖြစ်နိုင်ပါသည်။

တောင် အရပ်ကိုမျက်နှာလှည့်သောနေအိမ်များတွင်နေထိုင်သူများ လာဘ်ပွင့်စေရန်

တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟုသတ်မှတ်ပါသည်။ လေ တိုက်လျှင် တဖျတ်ဖျတ် လှုပ်သော ကြက်လျှာ ကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရားတင်ပါ။ ရွက်လှညွန့် လှူပါ။ သံဃာတော် များအား ရေ ၊ ယပ် အစရှိသည်တို့ ဒါနပြု ကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွား တက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်မည်။

အနောက်တောင် အရပ်ကိုမျက်နှာလှည့်သောနေအိမ်များတွင်နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ် များကို စနေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟုသတ်မှတ်ပါသည်။ အိမ် ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။ သံဃာတော် များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွားတိုးတက်ခြင်း များ ဖြစ်ပေါ်လာမည်။

အနောက် အရပ်ကိုမျက်နှာလှည့်သောနေအိမ်များတွင်နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ် များကို ကြာသပတေးဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ပန်းပွင့်များ ဘုရားစင် တွင် မပြတ် လှူဒါန်းဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါန ပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခနပြုပါ။ သံဃာတော်များ ကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွား တိုး တက်ခြင်းများ ရရှိခံစားရမည်။

အနောက်မြောက် အရပ်ကိုမျက်နှာလှည့်သောနေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်မြောက်အရပ်ကို မျက်နှာ လှည့်သော နေအိမ် များကို ရာဟုဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့ တွင် မကြာခန ရေဖြန်း ပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ် လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီးသုပ် ဆက်ကပ်လှူဒါန်းပေးပါ။ သံဃာတော်များ ကိုလည်း ဆက်ကပ် လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်းများ ဖြစ်မည်။

မြောက် အရပ်ကိုမျက်နှာလှည့်သော နေအိမ်များတွင်နေထိုင်သူများ လာဘ်ပွင့်စေရန်

မြောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ် များကို သောကြာဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန် ဒါနပြုပါ။ သံဃာတော်များ ကို သတ်သတ်လွတ် ဟင်းများ မကြာခဏ လောင်းလှူ ပါ။ နေအိမ်တွင် နေထိုင်သူများ လည်း မကြာခဏ သတ်သတ်လွတ် စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်း များ ဖြစ်မည်။

အရှေမြောက် အရပ်ကိုမျက်နှာလှည့်သောနေအိမ်များတွင်နေထိုင်သူများလာဘ်ပွင့်စေရန်

အရှေ့မြောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များကို တနင်္ဂနွေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်သတ်မှတ်ပါသည်။ အိမ်ရှေ့ တွင် အုန်းခွံ စာကလေး အိမ် ချိတ်ဆွဲထားခြင်း၊ အိမ် ဘုရား အား အုန်းသီး ကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအား လည်း ကပ်လှူ ဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံး တွင် အုန်းညွန့်(၆) ညွန့် ထိုးထား၍ အိမ်ရှေ့တွင် ထားခြင်း ဆောင်ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။