စစ်ဘုရင် မဟာအလက်ဇန္ဒား (Alexander the Great) ရဲ့ဂူဗိမာန်ဟာ ဘာကြောင့် ပဟေဠိဆန်စွာ ပျောက်ဆုံးနေတာလဲ?

International News Knowledge Local News

စစ်ဘုရင် မဟာအလက်ဇန္ဒား (Alexander the Great) ရဲ့ဂူဗိမာန်ဟာ ဘာကြောင့် ပဟေဠိဆန်စွာ ပျောက်ဆုံးနေတာလဲ?

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ဘုရင် မဟာအလက်ဇန္ဒား (Alexander the Great) ရဲ့ဂူဗိမာန်ဟာ ဘာကြောင့် ပဟေဠိဆန်စွာ ပျောက်ဆုံးနေတာလဲ? ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှေးခေတ်က ဂရိလူမျိုး စစ်ဘုရင်ကြီး မဟာအလက်ဇန္ဒားဆိုရင် မသိသူမရှိလောက်အောင် ထင်ရှားကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါ။ Alexander the Great ဟာ အသက် 20 ကတည်းက ဧကရာဇ်အရိုက်အရာကို ဆက်ခံရရှိခဲ့ပြီး သူ့ရဲ့အထူးကောင်းမွန်လှတဲ့ စစ်ဗျူဟာတွေ၊ စစ်တိုက်ပုံနည်းစနစ်တွေ၊ ရဲစွမ်းသတ္တိတွေကြောင့် ခေတ်ဟောင်းကမ္ဘာမှာ အထူးကိုအောင်မြင်ကျော်ကြားခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ အလက်ဇန္ဒားဟာ အသက် 16 နှစ်အရွယ်တည်းက စစ်တိုက်ခဲ့ပြီး သူ့တစ်သက်မှာ စစ်စတိုက်ကတည်းက thay ဆုံးသည့်အချိန်ထိ စစ်ပွဲတစ်ပွဲမှကို မရှုံးဖူးတဲ့ တိုက်တိုင်းအောင် စစ်ဘုရင်ကြီးလဲ ဖြစ်ပါတယ်။ ရှေးခေတ်ကမ္ဘာတိုက်ကြီး သုံးတိုက် (ဥရောပ အာရှ အာဖရိက) ကို ရောက်ရှိခြေဆန့်အင်ပါယာ ချဲ့ထွင်နိုင်ခဲ့သူလဲဖြစ်ပါတယ်။


အလက်ဇန္ဒားဟာ 323 BC အသက် 32 နှစ်၊ နန်းသက် 12 နှစ်အကြာမှာပဲ ဘေဘီလုံမြို့မှာ ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ အလက်ဇန္ဒားရဲ့ ရုတ်တရက်thay ဆုံးမှုဟာ အခုချိန်ထိ အငြင်းပွားဖွယ်ဖြစ်ခဲ့ပါတယ်။ အချို့မှတ်တမ်းတွေမှာတော့ ပြင်းထန်တဲ့အဆုတ်ရောင် ရောဂါကြောင့်လို့ပြောထားပြီး အချို့မှာတော့ သောက်တဲ့ဝိုင်ထဲမှာ အဆိပ်ခတ်သတ်ခံရတယ်လို့ဆိုကြပါတယ်။ အချို့ကလဲ သူ့ကိုယ်ရံတော်တွေ လုပ်ကြံတယ်လို့ပြောကြပါတယ်။ အလက်ဇန္ဒားဟာ thay ဆုံးပုံတင် ထူးဆန်းတာမဟုတ်ပါဘူး။ ပိုထူးဆန်းတာကတော့ သူ့ရဲ့ဂူသင်းချိုင်းတော်ကို ယနေ့ခေတ် ရှေးဟောင်းသုတေသနပညာရှင်တွေ ခုချိန်ထိရှာမတွေ့ကြသေးတာပါပဲ။
သမိုင်းမှတ်တမ်းအရကတော့ အလက်ဇန္ဒားဟာ ဘေဘီလုံမှာ ကွယ်လွန်ပြီးတဲ့နောက်မှာ သူ့ရဲ့ရုပ်အလောင်းကို မံမီအဖြစ်စီရင်ပြီး သူ့ဇာတိမြို့တော် မက်ဆီဒိုးနီးယားကို ပြန်ပို့ခဲ့ပါတယ်။ အဲလိုပြန်ပို့တဲ့လမ်းတစ်နေရာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့နားအရောက်မှာ အလက်ဇန္ဒားရဲ့ ကိုယ်ရံတော်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တိုလီမီဟာ အခေါင်းကိုလုယက်ကာ ရုပ်အလောင်းကို ယူပြီးထွက်သွားခဲ့ပါတယ်။ (တိုလီမီဟာ အဲ့ဒီဖြစ်ရပ်ပြီး မကြာခင်မှာပဲ အီဂျစ်နိုင်ငံရဲ့ဘုရင် Ptolemy I ဖြစ်ခဲ့ပါတယ်)။ တိုလီမီဟာ ရုပ်အလောင်းကို အီဂျစ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မန်းဖစ် (Memphis) မြို့ကိုဆောင်ယူသွားခဲ့ပြီး အဲ့ဒီမှာပဲ ခေတ္တသိမ်းထားခဲ့ပါတယ်။ အလက်ဇန္ဒားဟာ အီဂျစ်နိုင်ငံကို သိမ်းပိုက်ပြီးနောက်မှာ နိုင်းမြစ်ကမ်းစပ်မှာ ရှိတဲ့မြို့ကလေးတစ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ဂရိ-အီဂျစ်နိုင်ငံရဲ့မြို့တော်အဖြစ် သတ်မှတ်ကာ Alexandria လို့အမည်ပေးဖို့ မthay ခင်တည်းက စိတ်ကူးထားရှိပြီးသားပါ။ ဒါကြောင့် သူ့ရဲ့ကိုယ်ရံတော် တိုလီမီဟာ Alexandria မြို့ကိုအမြန်တည်ဆောက်စေပြီး အလက်ဇန္ဒားရဲ့ဆန္ဒအတိုင်း မြို့တော်အဖြစ် သတ်မှတ်ကာ သူ့ရဲ့ရုပ်အလောင်းကိုလဲ Memphis ကနေ Alexandria မြို့ကို သယ်ဆောင်စေကာ အဲ့ဒီမှာပဲ ခမ်းခမ်းနားနား ဂူသချိုင်းကြီးဆောက်ကာ အနားယူစေခဲ့ပါတယ်။


အလက်ဇန္ဒားရဲ့အလောင်းကို မှန်စီရွှေချထားတဲ့ ခေါင်းတလားထဲထည့်ကာ ဂူဗိမာန်ကြီးဆောက်လုပ်မြုပ်နှံထားတယ်လို့အဆိုရှိပါတယ်။ အဲ့ဒီဂူဗိမာန်ကို ဂရိလူမျိုးတွေကော အီဂျစ်လူမျိုးတွေပါ နတ်ဘုရားတစ်ပါးကို ကိုးကွယ်သလို မကြာခဏ လာရောက်ပူဇော်လေ့ရှိကြပါတယ်။ 30 BC မှာတော့ ပထမဆုံးရောမဧကရာဇ် ဖြစ်တဲ့ Augustus ဟာအီဂျစ်နိုင်ငံကိုသိမ်းပိုက်နိုင်ခဲ့ပြီး အလက်ဇန္ဒားရဲ့ဂူဗိမာန်ကို လာရောက်ပြီး ဂါရဝပြုပူဇော်ခဲ့ပါတယ်။ အလက်ဇန္ဒားရဲ့ဂူဗိမာန်နဲ့ ပတ်သက်ပြီး အဲ့ဒီဟာက နောက်ဆုံးမှတ်တမ်းဖြစ်ပြီး အဲ့နောက်မှာ ဂူဗိမာန်ဟာ လုံးဝအစအန ပျောက်နေခဲ့တာ ယနေ့ထိပါပဲ။
မဟာအလက်ဇန္ဒားရဲ့အုတ်ဂူဟာ Alexandria ရဲ့တစ်နေရာရာမှာ ရှိကိုရှိနေမယ်လို့ အများစုကယုံကြည်ကြပါတယ်။ ပြဿနာတစ်ခုက အလက်ဇန္ဒားရဲ့ ဂူသင်းချိုင်းရှိနေနိုင်တဲ့ တိုလီမီရဲ့နန်းတော်နေရာဟာ လက်ရှိမှာ ရေအောက်ကိုမြုပ်နေတာပါပဲ။ 356 AD မှာပြင်းထန်တဲ့မြေငလျင်ကြီး လှုပ်ပြီး Alexandria တစ်မြို့လုံးဆူနာမီဒဏ်ကို ခံခဲ့ရပါတယ်။ အဲ့ကတည်းကနေရာအတော်များများဟာ ရေအောက်ကိုနစ်မြုပ်ခဲ့ပြီး သဘာဝအားဖြင့်လဲ Alexandria မြို့ဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဒဏ်ကို ယနေ့တိုင်ခံစားနေရပါသေးတယ်။ လေ့လာမှုတွေအရ အလက်ဇန္ဒားခေတ်ကနေ ယနေ့ချိန်ထိ နိုင်းမြစ်ရေဟာ 12 မီတာအထိ မြင့်တက်ခဲ့ပါတယ်။ အဲလိုမြင့်တက်ခဲ့တဲ့အတွက် ရှေးဟောင်းအဆောက်အဦ နေရာအတော်များများဟာ ရေအောက်ရောက်သွားခဲ့ရပါတယ်။
အလက်ဇန္ဒားရဲ့ဂူသင်းချိုင်းဟာ အခြားနေရာတွေမှာရှိနိုင်တယ်လို့ ဆိုထားတဲ့အခြားသီအိုရီတွေလဲ ရှိပါသေးတယ်။ ပထမတစ်ခုကတော့ Alexandria မြို့က Nabi Daniel ဗလီပါပဲ။ အဲ့ဒီဗလီဟာ နက်ရှိုင်းတဲ့​မြေတိုက်ခန်းတွေရှိပြီး ဂူသင်းချိုင်းဖြစ်နိုင်ချေရှိတဲ့နေရာပါ။ ဒါပေမယ့်အခုအဲ့ဒီနေရာဟာ လက်ရှိ Alexandria မြို့ရဲ့လမ်းမကြီးတွေအောက် ရောက်ရှိနေပြီး တူးဖော်ဖို့အလွန်အခက်အခဲ ဖြစ်နေပါတယ်။ လမ်းတွေအကုန်လုံးကိုမြေလှန်ရှာရမယ့်သဘောပါ။ ဒုတိယတစ်ခုက အလက်ဇန္ဒားရဲ့အလောင်းဟာ Alexandria မှာမရှိနိုင်တော့ဘဲ Venice မှာရောက်နေတယ်ဆိုတဲ့ အယူအဆပါပဲ။ အလယ်ခေတ်လောက်က အာရပ်တွေ တန်ခိုးထွားတဲ့ကာလမှာ အီဂျစ်ကိုသိမ်းယူခဲ့ပြီး ဒေသတွင်းရိုးရာ ကိုးကွယ်မှုတွေကို တားဆီးခဲ့ပါတယ်။ ဒါကြောင့်နတ်ဘုရားအဖြစ် ကိုးကွယ်နေကြတဲ့ အလက်ဇန္ဒားရဲ့ ဂူဗိမာန်ကိုလဲ နေရာရွေ့ခဲ့ကြပါတယ်။ ရောမကိုပြန်ပို့ပြီး အဲ့ဒီကမှတစ်ဆင့် Venice မှာထားရှိခဲ့တယ်လို့အဆိုရှိပါတယ်။ ဒါပေမယ့်ဒီနေ့ထိ မပြတ်တမ်းရှာဖွေရေးတွေ လုပ်နေတာတော့ ခုထိရှာမတွေ့သေးပါဘူး။
တတိယတစ်ခုက Alexandria မြို့ရဲ့အနောက်ဘက် မိုင် 250 အကွာမှာရှိတဲ့ လစ်ဗျားနယ်စပ်က စီဝါအိုအေစစ် (Siwa Oasis) ပါပဲ။ အဲ့ဒီနေရာဟာ အလက်ဇန္ဒားရဲ့ သဘောအကျဆုံးနေရာတစ်ခုဖြစ်ပြီး မကြာခဏ သွားလည်နေကျဖြစ်ပါတယ်။ ပါရှားအင်ပါယာနဲ့ စစ်တိုက်နေရင်းတန်းလန်းနဲ့တောင် စစ်တပ်အခြံအရံမပါဘဲ အဲ့ဒီနေရာကို တကူးတကသွားလည်သေးတယ်လို့ အဆိုရှိပါတယ်။ အဲ့တုန်းကဘာကြောင့်သွားလည်သလဲဆိုတာတော့ မသိကြပါဘူး။ တိုလီမီဟာ အလောင်းကို Alexandria ကိုမပို့ဘဲ Siwa Oasis ကိုပို့ခဲ့တယ်လို့လဲ ပြောဆိုမှုတွေရှိကြပါတယ်။ ဒါကြောင့်သူ့ဂူဗိမာန်ဟာ အဲ့ဒီနေရာမှာလဲ ရှိနိုင်တယ်လို့ယူဆပြီး ရှာကြတဲ့ရှေးဟောင်းသုတေသနပညာရှင်တွေလဲ ရှိကြပါတယ်။ ဒီနေ့ထိတော့ဘာမှရှာတွေ့တာမရှိသေးပါဘူး။


မဟာအလက်ဇန္ဒားဟာ အသက်ရှိစဥ်မှာအထူးကိုအောင်မြင်ကျော်ကြားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ပုဂ္ဂိုလ်တစ်ဦးပါပဲ။ thay ဆုံးတဲ့ပုံစံကလဲလျှို့ဝှက်ဆန်းကြယ်ပြီး သူ့ရဲ့မြုပ်နှံရာ ဂူဗိမာန်ကို နေရာအတိအကျ မသိရှိကြဘဲ ရှာမတွေ့ဖြစ်နေတာကလဲ ပိုမိုထူးဆန်းပါတယ်။ သူမthay ခင်မှာပဲ သူ့မြုပ်နှံရာနေရာကို နှောင်းခေတ်လူတွေမသိရှိနိုင်အောင် ကျိန်စာတိုက်ထားတယ်လို့လဲ အယူရှိကြပါတယ်။ ဂရိဒဏ္ဍာရီတွေထဲမှာတော့ မဟာအလက်ဇန္ဒားရဲ့ ဂူဗိမာန်ကိုရှာဖွေခြင်းဟာ နတ်ဘုရားတစ်ပါးရဲ့ အေးချမ်းစွာအနားယူနေမှုကို ဖျက်ဆီးတာဖြစ်တဲ့အတွက် ပြင်းထန်တဲ့ ကျိန်စာတွေ ဆိုးကျိုးတွေသက်ရောက်မယ်လို့လဲဆိုထားပါတယ်။ ဘာပဲဖြစ်ဖြစ် ခေတ်ပေါ်နည်းပညာတွေနဲ့ ပိုက်စိတ်တိုက်ရှာတာတောင် မတွေ့ရှိရသေးတဲ့ မဟာအလက်ဇန္ဒားရဲ့ ဂူဗိမာန်ကြီးကတော့ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေတာ အမှန်ပါပဲ။

ရေးသားသူ – #Ken
#KenThoughts
#Thoughts

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။