အလင်းအလျင်ထက် မြန်အောင်သွားနိုင်တဲ့အရာ ရှိသလား?

Knowledge

အလင်းအလျင်ထက် မြန်အောင်သွားနိုင်တဲ့အရာ ရှိသလား?
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အလင်းအလျင်ထက် မြန်အောင်သွားနိုင်တဲ့အရာ ရှိသလား? ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

1676 ခုနှစ်မှာ နက္ခတ်ပညာရှင် Ole Rømer ဟာအလင်းဆိုတာ သတ်သတ်မှတ်မှတ်အလျင်တစ်ခုနဲ့ သွားတယ်ဆိုတာကို တွက်ချက်ပြနိုင်ခဲ့တယ်။ နောက်နှစ်နှစ်ကြာတော့ Huygens ဟာအလင်းရဲ့တကယ်အလျင်ကို တွက်ဖို့ကြိုးစားတဲ့ ပထမဆုံးသူဖြစ်လာတယ်။ သူ့အဖြေအရ အလင်းဟာ 131000 miles/sec လို့ထွက်လာတယ်။ ဒါပေမယ့်သူ့အဖြေက တကယ့်အလင်းအလျင်ဖြစ်တဲ့ 186282 miles/sec နဲ့အတော်လေးလွဲနေသေးတယ်။ (ဒီကအလင်းအလျင်ဆိုတာ လေဟာနယ်မှာ သွားတဲ့နှုန်းကို ပြောခြင်းဖြစ်တယ်)

နောက်မှာ အိုင်းစတိုင်းရဲ့ Relativity သီအိုရီအရ အလင်းဆိုတာ လေဟာနယ်မှာ အမြန်ဆုံးသွားနိုင်တဲ့အရာဖြစ်တဲ့အတွက် စကြဝဠာတစ်ခုလုံး အလင်းထက်မြန်တာမရှိတော့ဘဲ အလင်းသာ အမြန်ဆုံးလို့ သိလာရတယ်။ ဒါဖြင့် အလင်းအလျင်ထက် မြန်အောင်သွားနိုင်တဲ့အရာ ရှိသေးလားဆိုတဲ့ ခေါင်းစဥ်ကမေးခွန်းကို ဖြေပြီးပြီမလား? သို့သော် လေဟာနယ်ထဲမှာ မဟုတ်ရင် ဒီဥပဒေသဟာ အကျုံးဝင်သေးရဲ့လားဆိုတာ မေးစရာထပ်ဖြစ်လာတယ်။ နည်းစနစ်ပိုင်းအရပြောရရင် အလင်းအလျင်ထက် ဘယ်အရာမှပိုမြန်အောင် မသွားနိုင်ဘူးဆိုတဲ့ဖော်ပြချက်ဟာ သိပ်တော့မမှန်ပါဘူး။ ဒါပေမယ့် ချွင်းချက်လေးတွေတော့ ရှိပါတယ်။
အလင်းဆိုတာ အမှုန်သဘောကော လှိုင်းသဘောကော ဂုဏ်သတ္တိရှိတဲ့အတွက် ဒြပ်မှုန် (Photon) အဖြစ်ကော လှိုင်းတစ်ခုအဖြစ်ကော သတ်မှတ်လို့ရပါတယ်။ လှိုင်း-အမှုန် ဒွိဂုဏ်ရှိတဲ့သဘောပေါ့။ အလင်းကိုလှိုင်းအဖြစ် ကြည့်မယ်ဆိုရင် ကြားခံနယ်တစ်ခုထဲမှာ ဘာကြောင့်အဖြူရောင်အလင်းထက် အချို့လှိုင်းတွေက ပိုမြန်နေလဲဆိုတဲ့ အကြောင်းရင်းတွေ ပေါ်လာပါတယ်။ အကြောင်းရင်းတစ်ခုက အလင်းဟာ ဖန် သို့မဟုတ် ရေ ကြားခံနယ်ကို ဖြတ်သန်းတဲ့အခါ အလင်းရဲ့မတူညီတဲ့ ကြိမ်နှုန်းတွေဖြစ်တဲ့ အရောင်တွေဟာ မတူညီတဲ့အလျင်နဲ့ ရွေ့လျားကြပါတော့တယ်။ ဖန်တုံးကိုဖြတ်တဲ့အခါ အလင်းက မတူညီတဲ့ရောင်စဥ်တွေ ကွဲထွက်သွားပြီး အဲဒီအရောင်တွေက ကြိမ်နှုန်းမတူတဲ့အတွက် သွားတဲ့အလျင်လဲ မတူတော့တဲ့သဘောပါပဲ။ အကောင်းဆုံးဥပမာက သက်တန့်ပါ။ လှိုင်းအလျား ရှည်လျားလျင်မြန်တဲ့ အနီရောင်ဟာအပေါ်ဆုံးရောက်နေပြီး တိုပြီးနှေးတဲ့ ခရမ်းရောင်က အောက်ဆုံးရောက်နေပါတယ်။

ဒါပေမယ့်အလင်းက လေဟာနယ်ကိုဖြတ်သန်းတဲ့အခါ ဒီလိုမျိုးမဖြစ်တော့ပါဘူး။ အလင်းအားလုံးဟာ လျှပ်စစ်သံလိုက်လှိုင်းဖြစ်ပြီး လေဟာနယ်မှာ ရွေ့လျားတဲ့အလျင် အတူတူပါပဲ။ ဒါကြောင့် ဝိရောဓိဆန်ဆန်ပြောရရင် အလင်းအလျင်ထက်ပိုမြန်တဲ့ တစ်ခုတည်းသောအရာက လေဟာနယ်ထဲမှာ မဟုတ်ရင် အလင်းကိုယ်တိုင်ပဲ ပြန်ဖြစ်နေပါတယ်။ အလင်းအလျင်ထက် ပိုမြန်တဲ့အရာအကြောင်း ပြောတော့ နောက်ထပ်စဥ်းစားစရာ တစ်ချက်လဲ ရှိနေပါသေးတယ်။ Space-Time ဟာပြန့်ကားနေတဲ့အတွက် စကြဝဠာရဲ့အချို့နေရာတွေမှာ အလင်းအလျင်ထက် မြန်တဲ့နှုန်းနဲ့ ပြန့်ကားနေပါတယ်။ ဒါကြောင့် မူလကအလင်းနှစ် 13 ဘီလီယံလောက် ဝေးကွာတဲ့ ဂလက်စီတစ်ခုဟာ အခုလက်ရှိ အလင်းနှစ် 28 ဘီလီယံလောက် ကွာဝေးနေပြီဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ Space-Time ကပြန့်ကားနေတယ်ဆိုပေမယ့် အဲဒီထဲက အရာတွေအားလုံးကတော့ အလင်းအလျင်ဆိုတဲ့ Speed Limit ကိုကျော်လွန်အောင် မသွားနိုင်ကြပါဘူး။ အိုင်းစတိုင်းရဲ့ Relativity သီအိုရီနှစ်ခုလုံးဟာ အချိန်နဲ့နေရာဟာ နှိုင်းရဖြစ်တယ်ဆိုတဲ့ အယူအဆပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာပါ။ ဒီဟာဘာအဓိပ္ပာယ်လဲ? အကယ်၍ တစုံတယောက်သာ အလင်းအလျင်ထက် မြန်အောင်သွားနိုင်ပြီး အချက်အလက်တွေကို သယ်ဆောင်သွားနိုင်မယ်ဆိုရင် သူ့ရဲ့အချိန်သဘောထားက သာမာန်လူတွေနဲ့ ကွဲပြားနေမယ့်သဘောပါပဲ။ အနာဂတ်ဟာ အတိတ်ကို ပြန်သက်ရောက်နိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်ပြီး Reality ကြီးတစ်ခုလုံးဟာ လုံးအဓိပ္ပာယ်ကင်းမဲ့သွားသလို ဖြစ်သွားနိုင်ပါတယ်။
ဒီတော့လူသားတစ်ယောက်ဟာ ဘယ်တော့မှ အလင်းအလျင်ထက်ကျော်လွန်အောင် မသွားနိုင်ဘူးလို့ ဖော်ပြနေတဲ့သဘောပါပဲ။ ဒါပေမယ့် ကျော်သွားဖို့ကော ဖြစ်နိုင်မလား? အလင်းအလျင်ထက် ကျော်လွန်အောင် သွားနိုင်တဲ့ လူသားတွေ ပစ္စည်းတွေကို တင်ဆောင်သွားနိုင်မယ့် ယာဥ်တစ်ခုကို တီထွင်ဖို့ကော ဖြစ်နိုင်မလား? သီအိုရီပညာရှင်တွေကတော့ အလင်းအလျင်ထက် မြန်နိုင်မယ့် Warp Drive လိုယာဥ်မျိုးတွေကို တင်ပြထားကြပါတယ်။ နောင်အနာဂတ်မှာ ဖြစ်နိုင်မဖြစ်နိုင်ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ပုစ္ဆာတစ်ခုပါပဲ။
လူသားတွေကို ကိန်းသေနှုန်းနဲ့ အရှိန်တင်ပေးနိုင်တဲ့ ပစ္စည်းကိရိယာတွေ ယာဥ်တွေ အနာဂတ်မှာ ပေါ်ထွက်လာခဲ့ရင်တောင် သက်ရှိလူသားတစ်ဦးဟာ ဘယ်တော့မှ အလင်းအလျင်ကိုရောက်မှာမဟုတ်ပါဘူး။ အလင်းအလျင်နားတော့ ရောက်နိုင်ပေမယ့် အလင်းအလျင်ကိုတော့ ဘယ်တော့မှမရောက်နိုင်ပါဘူး။ အကြောင်းက အလင်းအလျင်ကို ချဥ်းကပ်လာတာနဲ့ ဒြပ်ထုစွမ်းအင်က တဖြည်းဖြည်းတက်လာပြီး နောက်ဆုံးအနန္တထိ ရောက်သွားမှာမို့ ဖြစ်ပါတယ်။

ဒါပေမယ့် လူသားတွေဟာ အလွန်ဝေးကွာလှတဲ့ ဂြိုဟ်တွေ ဂလက်စီတွေဆီ သွားချင်တယ်ဆိုရင် အလင်းအလျင်ကတော့ သေချာပေါက်လိုအပ်လာမယ့်အရာဖြစ်လာပါတယ်။ လက်ရှိသီအိုရီအရ အလင်းအလျင်ထက် မြန်လောက်မယ့် ခရီးသွားခြင်းကတော့ အာကာသထဲက Wormhole တွေကနေသွားလာဖို့ပါပဲ။ ဒါကကျ အလင်းအလျင်မလိုဘဲ ဖြတ်လမ်းလို တစ်နေရာက တစ်နေရာကို ရောက်ရှိသွားတဲ့ပုံစံပါ။ သို့သော် ဒီ Wormhole တွေကအခုချိန်ထိ တကယ်ရှိမရှိ မသေချာသေးပါဘူး။
Wormhole ဆိုတာအိုင်းစတိုင်းရဲ့ အီကွေရှင်းတွေကို ပြေလည်ဖို့ သီအိုရီအရထုတ်ထားတဲ့ အထူးဖြေရှင်းချက်တစ်ခုမျှသာပါပဲ။ ဒီလိုဆိုပေမယ့် မရှိဘူးလို့လဲ ယတိပြတ်မပြောနိုင်ဘဲ တကယ်လို့ရှိခဲ့တယ်ဆိုရင် လူသားတွေက ကိုယ်တိုင်ဘယ်လိုတည်ဆောက်နိုင်မလဲဆိုတာ အနာဂတ်စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတော့မယ်။

ရေးသားသူ crd- 𝗞𝗲𝗻 | 𝗧𝗵𝗼𝘂𝗴𝗵𝘁𝘀

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။