ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ညီလာခံ COP27 အပြီး ဘာတွေသမိုင်းဝင် သဘောတူခဲ့သလဲ

International News Local News

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ညီလာခံ COP27 အပြီး ဘာတွေသမိုင်းဝင် သဘောတူခဲ့သလဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ညီလာခံ COP27 အပြီး ဘာတွေသမိုင်းဝင် သဘောတူခဲ့သလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို အများဆုံးခံရတဲ့ နိုင်ငံတွေကို ကူညီဖို့အတွက် ရန်ပုံငွေတရပ် ထူထောင်မှာ ဖြစ်

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ၂၇ ကြိမ်မြောက်ညီလာခံ COP27 ကို နိုဝင်ဘာလ ၂၀ ရက်နေ့ မှာ အီဂျစ်နိုင်ငံမှာ ကျင်းပပြီးစီးခဲ့ရာမှာ ပါဝင်တက်ရောက်ခဲ့ကြတဲ့ ကမ္ဘာ့နိုင် ၂၀ဝ နီးပါးက ကိုယ်စားလှယ်တွေက သမိုင်းဝင် သဘောတူညီချက်တခု ယူနိုင်ခဲ့ကြပါတယ်။

အဲဒီ သဘောတူညီချက်အရ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို အများဆုံးခံရတဲ့ နိုင်ငံတွေကို ကူညီဖို့အတွက် ရန်ပုံငွေတရပ် ထူထောင်မှာ ဖြစ်ပါတယ်။

အခုလို ဒဏ်ခံရတဲ့ နိုင်ငံအများစုက ဆင်းရဲတဲ့ နိုင်ငံတွေ ဖြစ်နေရာမှာ ဒီနိုင်ငံတွေမှာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဆုံးရှုံးမှုနဲ့ ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ ချမ်းသာတဲ့နိုင်ငံတွေက ကူညီကျခံပေးဖို့ တောင်းဆိုလာခဲ့တာ အနှစ် ၃၀ ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီ ညီလာခံမှာ နိုင်ငံအားလုံးအတွက် လွှမ်းချုံ အကျိုးသက်ရောက်မှု ရှိတဲ့ သဘောတူညီချက်တခုလည်း ယူနိုင်ခဲ့ရာမှာ ကမ္ဘာပေါ်မှာ စက်မှုမဖွံ့ ဖြိုးခင် ကမ္ဘာ့အပူချိန်အထက် ၁.၅ ဒီဂရီ စင်တီဂရိတ်မှာပဲ ထိန်းထားနိုင်ဖို့ ကြိုးစားကြမယ်ဆိုတဲ့ သဘောတူညီချက် ဖြစ်ပါတယ်

အခုလို ထိန်းမထားနိုင်ဘူးဆိုရင် နောက်ထပ် သန်းနဲ့ ချီတဲ့ လူပေါင်းများစွာဟာ အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု

ညီလာခံပြီးရမယ့်ရက်ကို ကျော်လွန်ဆွေးနွေးခဲ့ရရုံမက ညနက်အထိပါ ဆွေးနွေးခဲ့ရ

COP27 မှာ သဘောတူညီမှုတွေကို ဘယ်လို ခက်ခက်ခဲခဲ ယူခဲ့ရသလဲ
နိုဝင်ဘာလဆန်းကတည်းက ကျင်းပနေတဲ့ COP27 အစည်းအဝေးမှာ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ အသေအချာ သဘောတူညီမှုတွေ မလုပ်နိုင်ခဲ့ပဲ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ အီးယူက အဲဒီနေ့ အရောက်မှာ ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ရာသီဥတုကြောင့် ဖြစ်ရတဲ့ ဆုံးရှုံးမှုတွေကို ကူငွေပေးဖို့ အဆိုပြုချက် တင်သွင်းလိုက်ပြီးနောက်ပိုင်းမှ ဆွေးနွေးမှုတွေ စတင်ခရီးရောက်လာခဲ့တယ်လို့ ဆိုပါတယ်

ဒါပေမဲ့လည်း ဘယ်လို ကူငွေပေးမယ်ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေးမှု ရှေ့မတိုးနိုင်ဘဲ ဖြစ်ခဲ့ရပြန်ပြီး အစည်းအဝေးပြီးဆုံးမယ်လို့ မူလသတ်မှတ်ထားတဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ကျော်သွားတဲ့အထိ သဘောမတူနိုင်ခဲ့ကြသေးပါဘူး။

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဆုံးရှုံးမှုနဲ့ ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ ချမ်းသာတဲ့နိုင်ငံတွေက ကူညီကျခံပေးဖို့ တောင်းဆိုလာခဲ့တာ အနှစ် ၃၀ ရှိခဲ့

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု

အီးယူနဲ့ တကွ တခြားနိုင်ငံတချို့က ဆိုရင် နောက်တနေ့ နိုဝင်ဘာလ ၁၉ ရက် စနေနေ့မှာ သဘောတူညီမှု အသေအချာမရဘဲ အစည်းအဝေးကို အဆုံးသတ်လိုက်ဖို့ ဆန္ဒရှိတယ် ဆိုတဲ့အထိ ထုတ်ပြောလာခဲ့ပါတယ်။

ဒီလိုနဲ့ ဆွေးနွေးမှုတွေက နောက်တရက် နိုဝင်ဘာ ၂၀ အထိ ကူးသွားခဲ့ပြီး နောက်ဆုံး ဒေသစံတော်ချိန် မနက် ၃ နာရီ ခွဲမှာ ပြုလုပ်တဲ့ အစည်းအဝေး အပြီးမှာတော့ The Sharm el-Sheikh သဘောတူညီမှုလို့ ခေါ်တဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ခံ ဆင်းရဲ နိုင်ငံတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေ ထူထောင်ရေး သဘောတူညီမှုကို အတည်ပြုခဲ့ကြပါတယ်။

COP27 – အီဂျစ် ရာသီဥတု ညီလာခံရဲ့ အရေးပါမှု
ရာသီဥတုပြောင်းလဲမှု ဆိုတာဘာလဲ- ရိုးစင်းလွယ်ကူသော ရှင်းပြချက်များ
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုညီလာခံကို နိုင်ငံအသီးသီးရဲ့ ပြည်တွင်းတုံ့ပြန်မှုတွေ

လက်ရှိ အခြေအနေမှာ ဆိုရင်ပဲ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဒဏ်ခံရနိုင်ခြေ မြင့်မားတဲ့ အနေအထားမှာ ရှိ

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု

ကမ္ဘာ့အပူချိန်ကို စက်မှုမဖွံ့ ဖြိုးခင် အချိန်ကထက် ၁.၅ ဒီဂရီစင်တီဂရိတ်မှာ ထိန်းထားဖို့ ဘာ့ကြောင့် အရေးကြီးသလဲ
ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များအဖွဲ့ IPCC ရဲ့ သုံးသပ်ချက်အရ စက်မှုမဖွံ့ ဖြိုးခင်ထက် ၁.၁ ဒီဂရီ စင်တီဂရိတ် ပိုပူတဲ့ လက်ရှိအခြေအနေမှာတင်ပဲ ကမ္ဘာကြီး ပူနွေးစေတဲ့ သက်ရောက်မှု အများအပြားက နောက်ကြောင်း ပြန်လို့ မရအောင် ပျက်စီးသွားပြီလို့ ပြောဆိုထားပြီးသား ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာ ဆိုရင်ပဲ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဒဏ်ခံရနိုင်ခြေ မြင့်မားတဲ့ အနေအထားမှာ ရှိတယ်လို့လည်း ဒီအဖွဲ့ က ဆိုပါတယ်။

IPCC နဲ့ တကွ အမေရိကန် အာကာသ အေဂျင်စီ နာဆာ တို့ ရဲ့ သုံးသပ်ချက်အရ ၁.၅ ဒီဂရီ စင်တီဂရိတ်မှာ ထိန်းမထားနိုင်ပဲ ၂ ဒီဂရီ စင်တီဂရိတ်အထိ တက်သွားမယ်ဆိုရင် အောက်ပါ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု

၁။ နောက်ထပ် လူပေါင်း ၁၀ သန်း ကမ်းရိုးတန်းဒေသ ရေလွှမ်းမှုဒဏ် ခံရခြင်း

၂။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် လက်ရှိထက် လူပေါင်း နှစ်ဆလောက် ရေရဖို့ ခက်ခဲလာခြင်း

၃။ ၁.၅ ဒီဂရီ စင်တီဂရိတ် မှာ ထိန်းထားနိုင်ရင် ငါးနှစ် တခါလောက်နှုန်းနဲ့ ကမ္ဘာ့လူဦးရေ ၇ ပုံ ၁ ပုံ သာလျှင် အလွန်ဆိုးဝါးတဲ့ အပူလှိုင်းဖြတ်တဲ့ ဒဏ်ခံရမှာ ဖြစ်ပေမဲ့ ၂ ဒီဂရီ စင်တီဂရိတ် ဖြစ်သွားရင် ဒီလို ခံရသူက ကမ္ဘာ့ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ အထိ တိုးလာနိုင်ခြင်း

၄။ အာတိတ်ဒေသဟာ ၁.၅ ဒီဂရီ စင်တီဂရိတ်မှာ ထိန်းထားနိုင်ရင် ရာစုနှစ်တခုမှာ တကြိမ်သာ ပင်လယ်ရေခဲပြင်တွေ အရည်ပျော်သွားတာ ဖြစ်နိုင်ပေမဲ့ ၂ ဒီဂရီစင်တီဂရိတ် ဖြစ်သွားပြီဆိုရင် ဆယ်နှစ်တကြိမ် ရေခဲတွေ အရည်ပျော်ကုန်နိုင်ခြင်း

၅။ ၁.၅ ဒီဂရီ စင်တီဂရိတ် မှာ ထိန်းထားနိုင်ရင်တောင် သန္တာကျောက်တန်းတွေ ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်း ကွယ်ပျောက်နိုင်ရာမှာ ၂ ဒီဂရီစင်တီဂရိတ် ဖြစ်သွားပြီဆိုရင်တော့ သန္တာကျောက်တန်းတွေ မရှိသလောက် ဖြစ်သွားနိုင်ခြင်း

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု

ဘယ်နိုင်ငံတွေက ကာဗွန်ဒိုင်အောက်ဆိုက် အထုတ်လွှတ်ဆုံးလဲ
COP27 အစည်းအဝေးအပြီး သဘောတူညီချက်တခု အရ ကမ္ဘာ့ အပူချိန်ကို စက်မှုမဖွံ့ ဖြိုးခင် အချိန်ကထက် ၁.၅ ဒီဂရီ စင်တီဂရိတ်ထက်ပိုပြီး မတက်အောင် ကြိုးစားကြမယ် ဆိုတဲ့ အချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လက်ရှိ နှစ်စဉ် ကမ္ဘာ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ၂၀၃၀ အရောက်မှာ ၄၅ ရာခိုင်နှုန်း လျှော့ချပြီးသား ဖြစ်ရမှာ ဖြစ်ပါတယ်။

၂၀၂၁ စာရင်းဇယားတွေအရ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်မှုကို အဖြစ်စေနိုင်ဆုံး ဓါတ်ငွေ့ တမျိုးဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့တန်ချိန် ၁၂ ဘီလျံ လောက် ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

တရုတ်နိုင်ငံပြီးရင်တော့ အမေရိကန်က ဒုတိယအများဆုံးအနေနဲ့ တနှစ်ကို ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၄.၇ ဘီလျံထုတ်လွှတ်နေပြီး ဥရောပသမဂ္ဂနဲ့ အိန္ဒိယနိုင်ငံတို့ကတော့ ၂.၇ နဲ့ ၂.၆ ဘီလျံ တန်စီနဲ့ နောက်က လိုက်ပါတယ်။

ဒါပေမဲ့လည်း လူဦးရေအရ တွက်မယ်ဆိုရင်တော့ အမေရိကန်ဟာ နိုင်ငံသားတဦးချင်းစီက တနှစ်ကို ကာဗွန်ဒိုင်အောက်ဆိုက် ၁၄.၂ တန်လောက် ထုတ်လွှတ်နေသလို ဖြစ်နေလို့ အများဆုံးဖြစ်နေကာ ပမာဏအရ အများဆုံး ထုတ်လွှတ်ထားတဲ့ တရုတ်နိုင်ငံကတော့ လူတဦးချင်း ထုတ်လွှတ်မှု တန်ချိန် ၈.၇ တန် ရှိတာကို တွေ့ရပါတယ်။

လူတဦးချင်း ကာဗွန်ထုတ်လွှတ်မှုနှုန်းနဲ့ တွက်ရင် ဒုတိယအများဆုံးက ရုရှားဖြစ်နေတာကို တွေ့ရသလို အီးယူတခုလုံးရဲ့ ကာဗွန်ထုတ်လွှတ်မှု ပမာဏနဲ့ အိန္ဒိယတနိုင်ငံတည်းရဲ့ ကာဗွန်ထုတ်လွှတ်မှုနဲ့ မတိမ်းမယိမ်းဖြစ်နေပေမဲ့ အီးယူမှာ လူတဦးချင်းရဲ့ ကာဗွန်ထုတ်လွှတ်မှုက အိန္ဒိယနိုင်ငံသားတဦးချင်းရဲ့ ထုတ်လွှတ်မှုထက် ၃ ဆ များနေတာကိုလည်း တွေ့ရပါတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု

ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အပိုင်းကို အားမရကြ
COP27 အစည်းအဝေးအပြီးမှာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု ဖြစ်စေတဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချတဲ့အပိုင်းကို အားမလို အားမရ ဖြစ်ကြတဲ့အထဲမှာ ဝေဖန်သူ ပညာရှင်တွေသာမက တက်ရောက်လာတဲ့ အစိုးရဝန်ကြီးတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင်ပါ ပါဝင်နေပါတယ်။

ဒီအစည်းအဝေးကို ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်း စီးပွားရေး နယ်ပယ်က ကိုယ်စားလှယ်အများအပြားလည်း တက်ရောက်လာကြရာမှာ အစည်းအဝေးနောက်ဆုံး ဆုံးဖြတ်ချက်တွေအပေါ် သူတို့က လွှမ်းမိုးမှု တစုံတရာ ရှိသလို ဖြစ်နေတယ်လို့ ပြောစရာ ဖြစ်နေကြောင်း ဘီဘီစီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက် မတ် မက်ဂရတ်သ်က ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ဆိုရင် ဒီအစည်းအဝေးမှာ ကာဗွန်ထုတ်လွှတ်မှု သိသိသာသာကြီး လျှော့ပစ်ဖို့ လိုအပ်ချက်ကို သေချာပြောမသွားခဲ့ဘဲ ကမ္ဘာကြီးရဲ့ အခြေအနေကလည်း အရေးပေါ်ကုသဆောင်မှာပဲ ဆက်ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ယခင် ယူကေနိုင်ငံမှာ COP26 ပြုလုပ်ခဲ့တုန်းက အစည်းအဝေး ဥက္ကဋ္ဌ လုပ်ခဲ့သူ ဖြစ်ပြီး ယူကေ စွမ်းအင်၊ စီးပွားနဲ့ စက်မှုဗျူဟာ ဝန်ကြီးဟောင်းလည်း ဖြစ်သူ အလော့ ရှားမားကလည်း အစည်းအဝေးနောက်ဆုံး ရလဒ်က ထင်သလောက် ရှေ့မတိုးခဲ့ဘူးလို့ ဆိုပါတယ်။
အခုလို အစည်းအဝေးရလဒ်အပေါ် အားမရမှုတွေကို ထုတ်ပြောကြသူတွေထဲမှာ ပြင်သစ် စွမ်းအင်ဝန်ကြီး၊ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးနဲ့ နော်ဝေး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးတို့လည်း ပါဝင်နေပါတယ်။
ဒါ့အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို အရင်ဆုံး ခံစားရနိုင်တဲ့ အထဲမှာ ပါဝင်တဲ့ ပင်လယ်ရေလွှမ်း အန္တရာယ်ရှိနေတဲ့ မော်လ်ဒိုက်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီး အမီနတ် ရှော်နာက ဆိုရင်လည်း ကာဗွန်ထုတ်လွှတ်မှုအပိုင်း လျှော့ချရေး တိုးတက်မှုမရတာ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ နောက်နှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် COP28 ကိုတော့ အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးက ဒူဘိုင်းမြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။