ဆယ်စုနှစ်တစ်ခုကျော် အငြင်းပွားမှုများနောက် ကာတာကမ္ဘာ့ဘောလုံးပွဲစတင်

International News Sports

ဆယ်စုနှစ်တစ်ခုကျော် အငြင်းပွားမှုများနောက် ကာတာကမ္ဘာ့ဘောလုံးပွဲစတင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆယ်စုနှစ်တစ်ခုကျော် အငြင်းပွားမှုများနောက် ကာတာကမ္ဘာ့ဘောလုံးပွဲစတင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာရှတိုက်အနောက်ပိုင်း အာရေဗျကျွန်းဆွယ်ပေါ်မှ လူဦးရေသုံးသန်းနီးပါးရှိ ကာတာနိုင်ငံတွင် ၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပွဲ စတင်ကျင်းပနေပြီဖြစ်သည်။
လေးနှစ်တစ်ကြိမ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ၁၉၃၀ ပြည့်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ကာတာကမ္ဘာ့ဖလားမှာ အာရပ်ကမ္ဘာ တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ပြိုင်ပွဲဖြစ်သည်။
ကာတာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကမ္ဘာ့ဖလား လက်ခံကျင်းပရေးနှင့် ပတ်သက်၍ ဆယ်စုနှစ်တစ်ခုကျော်ကြာ အငြင်းပွားမှုများရှိခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကြွယ်ဝသည့် ကမ္ဘာ့အချမ်းသာ ဆုံးစာရင်းဝင် ကာတာနိုင်ငံသည် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်ဖြစ်ရေးအတွက် အမေရိကန် ဒေါ်လာ ၂၂၀ ဘီလျံ အသုံးပြုခဲ့သည်။
အစ္စလာလမ်နိုင်ငံတစ်ခုဖြစ်ပြီး ဘုရင်စနစ်ကျင့်သုံးသည့် ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားကွင်းသစ်များ အလျင်အမြန်တည်ဆောက်ရာ၌ နိုင်ငံတကာရွှေ့ပြောင်းလုပ်သား ၆၅၀၀ ထက်မနည်း thayဆုံးခဲ့သည်ဆိုကာ ပြိုင်ပွဲစတင်ချိန်အထိ ဝေဖန်ကန့်ကွက်မှုများလည်း ဖြစ်ပေါ် နေသည်။

 

ဘာသာရေးလွှမ်းမိုးသည့် ဥပဒေနှင့် ဓလေ့ထုံးတမ်းများ ကျင့်သုံးသည့် ကာတာနိုင်ငံတွင် ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ ကျင်းပစဉ်အတွင်း အရက်ဘီယာ သောက်သုံးခွင့်မှအစ လိင်မှုကိစ္စနှင့် လိင်တူချင်းချစ်ကြိုက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် နိုင်ငံတကာ ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်မှုလည်းရှိနေသည်။
ထိုသို့သော အငြင်းပွားမှုများနှင့်အတူ ကာတာနိုင်ငံမြို့တော် ဒိုဟာရှိ Al Bayt အားကစားကွင်းကြီးတွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (နိုဝင်ဘာ ၂၀) တွင် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့သည်။

ပုံမှန်အားဖြင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများကို နွေရာသီတွင်သာ ကျင်းပလေ့ရှိသော်လည်း အာရပ်ကမ္ဘာရှိ ကာတာနိုင်ငံ၏ အပူချိန်ကြောင့် ဆောင်းရာသီတွင် ကျင်းပခြင်းဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတလျှောက် ပထမဆုံးအကြိမ် အပြောင်းအလဲဖြစ်သည်။
အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် ကာတာအသင်းနှင့် တောင်အမေရိကမှ အီကွေဒေါအသင်း ယှဉ်ပြိုင် ကစားကြရာ အိမ်ရှင်အသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ အိမ်ရှင်အသင်းအတွက် မျက်နှာ ပျက်စရာဖြစ်သည့်အပြင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသမိုင်းတလျှောက် အိမ်ရှင်အသင်းများ အဖွင့်ပွဲစဉ် မရှုံးဖူးသေးသည့် မှတ်တမ်းလည်း ကျိုးပျက်သွားသည်။

ယနေ့ (နိုဝင်ဘာ ၂၁) တွင် အုပ်စု (ခ) မှ နာမည်ကြီး အင်္ဂလန်နှင့် အာရှမှ အီရန်၊ အမေရိကန်နှင့် ဝေးလ်စ်၊ အုပ်စု (က) မှ ဆီနီဂေါနှင့် နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ရေးသားသူ –Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။