ဥရုဂွေး ၀ – ၀ တောင်ကိုရီးယား

Sports

ဥရုဂွေး ၀ – ၀ တောင်ကိုရီးယား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဥရုဂွေး ၀ – ၀ တောင်ကိုရီးယား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား အုပ်စု H ရဲ့ အဖွင့်ပွဲစဉ် အဖြစ် ဥရုဂွေးနဲ့ တောင်ကိုရီးယား အသင်းတွေ ယှဉ်ပြိုင် ကစားခဲ့ကြရမှာတော့ အပြိုင်အဆိုင် တိုက်စစ်ဆင်ကစား ခဲ့ကြပေမယ့် ဂိုးမရှိသရေနဲ့ပဲ ပွဲပြီး သွားခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းဟာ တောင်အမေရိကတိုက်က နာမည်ကြီး ဘောလုံးသမားတွေ ပါတဲ့ ဥရုဂွေးကို လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းနိုင်ဖို့ အခွင့်အရေး မပေးဘဲ သူတင်ကိုယ်တင် ကစားသွားခဲ့ပါတယ်။ ပထမပိုင်းမှာ တောင်ကိုရီးယားဘက်က ဟွမ် ဟွီဂျို အပိုင် ကန်သွင်းတဲ့ တလုံး ထောင်ပြီး ဂိုးဘားပေါ်က ထွက်သွားခဲ့သလို ဥရုဂွေး အသင်းခေါင်းဆောင် ဒီယေဂို ဂေါ်ဒင် ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းတဲ့ တလုံးလည်း ဂိုးတိုင်ကို ထိပြီး ထွက်သွားခဲ့ပါတယ်။

တပွဲလုံးကို အသံမစဲ သည်းသည်းမဲမဲ အားပေးခဲ့ကြတဲ့ တောင်ကိုရီးယား ပရိသတ်တွေရှေ့မှာ အပိုင်သွင်းခွင့် ရပေမဲ့ ဂိုးပေါက် မတည့်ခဲ့တဲ့ ဟွမ် တယောက် သူ့ကိုယ်သူတောင် မယုံနိုင်သလို ဖြစ်ခဲ့ရပါတယ်။ တောင်ကိုရီးယား အသင်းဟာ ပထမပိုင်းရဲ့ အချိန်တော်တော်များများမှာ ပွဲကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ပွဲချိန်ကြာလာတာနဲ့ အမျှ ဥရုဂွေးက ပိုပြီး ပွဲကို စီးလာနိုင်ပါတယ်။ တိုက်စစ်မှူး အယ်ဒီဆင် ကာဗာနီ ဝင်လာပြီးနောက်မှာ ပိုပြီး ထိုးဖောက်လာနိုင်ပါတယ်။ ပွဲပြီးခါနီးမှာ ဥရုဂွေးရဲ့ အလယ်တန်းက ဖက်ဒရီကို ဗာလ်ဗာဒေ အဝေးကနေ ဝါးလုံးထိုး တလုံး ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်ကြီးသာခါသွားပြီး ဂိုးတော့ မရခဲ့ပါဘူး။

အဲဒီလို ဖြစ်ပြီး မိနစ်ပိုင်း အတွင်းမှာပဲ တော့တင်ဟမ်က တောင်ကိုရီးယား အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆန်ဟျွန်မင်းက တလုံး အပိုင်ကန်သွင်းပေမဲ့ ဘေးချော်သွားခဲ့လို့ သာ ဥရုဂွေး ပရိသတ်တွေ စိတ်သက်သာ သွားခဲ့ရတာဖြစ်ပါတယ်။
အခု ဂိုးမရှိ ရလဒ်ကြောင့် အုပ်စု H မှာ ဘယ်အသင်းမဆို နောက်တဆင့် တက်ဖို့ အခွင့်အလမ်း ကောင်းနေဆဲဖြစ်ပါတယ်။ ဒီနေ့ ကစားခဲ့ကြတဲ့ ဥရုဂွေး၊ တောင်ကိုရီးယားနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီတို့ ၃ သင်း အကြား ပြိုင်ဆိုင်မှုတွေ ပိုမြိုင်လာတော့မှာ ဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။