တစ်နှစ်နီးပါးအကြာတွင် ထိုင်းက စစ်ကောင်စီထံ သံအမတ်သစ်ခန့်အပ်

Local News

တစ်နှစ်နီးပါးအကြာတွင် ထိုင်းက စစ်ကောင်စီထံ သံအမတ်သစ်ခန့်အပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်နှစ်နီးပါးအကြာတွင် ထိုင်းက စစ်ကောင်စီထံ သံအမတ်သစ်ခန့်အပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် သံတမန်အသိုင်းအဝိုင်းမှ ဖယ်ကျဉ်းခံထားရသည့် စစ်ကောင်စီထံ အိမ်နီးချင်းထိုင်း နိုင်ငံက သံအမတ်သစ်ခန့်အပ်လိုက်သည်။ ရန်ကုန်ရှိသံရုံးတွင် သံအမတ်ကြီးအဆင့်မထားဘဲ တစ်နှစ်နီးပါး လစ်လပ်ထားခဲ့ရာမှ ယမန်နေ့ (ဒီဇင်ဘာ ၇) တွင် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးသစ်ဖြစ်သူ Mongkol Visitstump သည် ယမန်နေ့တွင် နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း သီးသန့်တွေ့ဆုံခဲ့သည်။ ထို့ပြင် စစ်တပ်ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်လည်း သီးခြားတွေ့ဆုံကာ နယ်စပ်ရေးရာကိစ္စများ ဆွေးနွေးသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့က သံတမန်အဆင့် လျှော့ချခြင်း သို့မဟုတ် အစားထိုးခန့်အပ်ခြင်း မပြုဘဲ လစ်လပ်ထားခြင်း တို့ဖြင့် စစ်ကောင်စီကို ဖယ်ကျဉ်ထားရာ အာဆီယံအဖွဲ့ဝင်များအနက် ထိုင်း၊ ဘရူနိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ ပါဝင်သည်။

ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ပြီးခဲ့သည့်မတ်လကတည်းက သံအမတ်ကြီးနေရာ လစ်လပ်နေခြင်းဖြစ်သည်။ ထို့အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ခန့်အပ်ရေးနှင့် ပတ်သက်၍ လအတန် ကြာ နှောင့်နှေးကြန့်ကြာခဲ့ပြီး ပြီးခဲ့သည့် ဇွန်လတွင်မှ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးချစ်ဆွေအနေဖြင့် ထိုင်းဘုရင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်နည်းတူ နယ်စပ်စည်းမျဉ်းတလျှောက် တိုက်ပွဲများအဆက်မပြတ် ဖြစ်ပွားနေသည်။ မြန်မာစစ်တပ်နှင့် အစဉ်တစိုက် ဖက်လဲတကင်းဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်သစ်ခန့်အပ်လိုက်ပြီဖြစ်ရာ စစ်ကောင်စီနှင့် ဆက်ဆံရေး တိုးမြှင့်ဖွယ်ရှိသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။