ကမ္ဘာ့ဖလားတွင် ဘောလုံးသမားများ ဝတ်ဆင်သည့် GPS စနစ်တပ် အတွင်းခံအင်္ကျီ

Sports Tech

ကမ္ဘာ့ဖလားတွင် ဘောလုံးသမားများ ဝတ်ဆင်သည့် GPS စနစ်တပ် အတွင်းခံအင်္ကျီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ဖလားတွင် ဘောလုံးသမားများ ဝတ်ဆင်သည့် GPS စနစ်တပ် အတွင်းခံအင်္ကျီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကာတာ ကမ္ဘာ့ဖလားရဲ့ ရှုံးထွက်ပွဲစဉ်တခုမှာ တောင်ကိုရီးယားအသင်းက ပေါ်တူဂီ အသင်းဘက်ကို အနိုင်ဂိုးသွင်းလိုက်တဲ့ မိနစ်ပိုင်းလေးအတွင်းမှာ တောင်ကိုရီးယားတိုက်စစ်မှူး ဟွမ်ဟီချန်ဟာ ကိုရီးယားအသင်းဂျာစီကို ဆွဲချွတ်ပြီး အောင်ပွဲခံတဲ့အချိန်မှာ အတွင်းခံဝတ်ထားတဲ့ ဘရာစီယာလိုလို တစုံတခုကို ဘောလုံးပရိသတ်တွေ မြင်ခဲ့ကြရပါတယ်။

Men's soccer sports bras: Why are they wearing those GPS harnesses?

ဘောလုံးသမားတွေက အတွင်းခံ ဘရာစီယာ ဝတ်ထားကြသလားဆိုတဲ့ မေးခွန်းတွေ လူမှုကွန်ရက်တွေမှာ ပလူပျံခဲ့ပါတယ်။

တကယ်တော့ အဲဒီအတွင်းခံ ဂျာစီဟာ အားကစားသမားတွေရဲ့ လှုပ်ရှားမှု အသေးစိတ်ကို ခြေရာခံနိုင်တဲ့ GPS စနစ်တပ်ဆင်ထားတဲ့ Catapult Sports ကုမ္ပဏီထုတ် နည်းပညာပစ္စည်းတခု ဖြစ်ပါတယ်။

GPS ထုတ်လွှင့်စက်ငယ်လေးတွေကို အတွင်းခံရဲ့ နောက်ကျောဘက်မှာ မြှုပ်နှံ ထည့်သွင်းထားပါတယ်။

ခေတ်ပေါ် ဘောလုံးအားကစားမှာ ဘောလုံးသမားရဲ့ ရွေ့လျားမှု အသေးစိတ်ကို အသင်းမန်နေဂျာ နည်းပြအဖွဲ့တွေ၊ တာဝန်ရှိတဲ့ လေ့ကျင့်ရေးဆရာတွေအားလုံးက အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်ဖို့ အာရုံခံ အချက်ပြစနစ်တွေနဲ့ ထုတ်လုပ်ထားတဲ့ နည်းပညာပစ္စည်း ဖြစ်ပါတယ်။

ခေတ်မီဘောလုံးကလပ် အသင်းကြီးတွေဟာ ဒေတာအချက်အလက်တွေကို အခြေခံ သုံးသပ်စောင့်ကြည့်သူတွေနဲ့ ဖွဲ့စည်းထားပြီး ဘောလုံးသမားရဲ့ အပြုအမူ၊ လှုပ်ရှားမှုနဲ့ သက်လုံအင်အား၊ နှလုံးခုန်တဲ့အခြေအနေ၊ ဘယ် ညာ ခြေထောက်တွေ ဘယ်လိုအသုံးပြုနေသလဲကအစ ဘောလုံးပွဲချိန်အတွင်းမှာ လမ်းလျှောက်နေချိန် ဘယ်လောက်ကြာ၊ အသော့ပြေးတာ၊ အကြမ်းပြေးတာ ဘယ်လောက်ကြာ၊ ဘယ်နှစ်မိုင် ခရီးပေါက်ထား၊ ဘယ်လောက်မိုင်နှုန်းနဲ့ ပြေးလွှားနေတယ်ကအစ အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်ပါတယ်။

ဒီလို စောင့်ကြည့်စနစ်တွေကြောင့်ပဲ ဘောလုံးပွဲတွင်း ကွင်းအတွင်းမှာ လမ်းလျှောက်နေချိန် အများဆုံးက မက်ဆီမဟုတ်ဘဲ လီဝန်ဒေါစကီး ဖြစ်နေတာတွေ၊ ဂါနာအသင်းရဲ့ ရန်းနက်စ်ဆူလီမာနာက တနာရီ ၂၂ မိုင်နဲ့ ပြေးနှုန်းအမြန်ဆုံး ဘောလုံးသမားဖြစ်နေပြီး ပြေးနှုန်းမြန်ရာမှာ နာမည်ကျော်တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပွဲရဲ့ အပြေးမြန်ဆုံး ဘောလုံးသမား ၁၀ ယောက်ထဲမှာ အဆင့် ၈ ဖြစ်နေတာတွေကို ဖီဖာဒေတာတွေမှာ တွေ့ခဲ့ကြရပါတယ်။

အဲဒီအတွင်းခံနဲ့ တွဲဖက်အသုံးပြုစောင့်ကြည့်တဲ့ နည်းပညာစနစ်ကို Electronic performance and Tracking Systems (EPTS) လို့ နာမည်ပေးထားပြီး အမြင်အာရုံအခြေခံကင်မရာစနစ်၊ တည်နေရာစနစ်(LPS)နဲ့ GPS/GNSS စနစ်စတဲ့ စနစ်သုံးမျိုးနဲ့ တွဲဖက်အသုံးပြုတဲ့အကြောင်း ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။