ကမ္ဘာ့သက်ရှိတွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းအောင် လူတွေက လုပ်မိနေသလား

Knowledge

ကမ္ဘာ့သက်ရှိတွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းအောင် လူတွေက လုပ်မိနေသလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့သက်ရှိတွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းအောင် လူတွေက လုပ်မိနေသလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တချို့ သိပ္ပံပညာရှင်တွေက ဆိုရင် ခြောက်ကြိမ်မြောက် သက်ရှိအမြောက်အများ မျိုးသုဉ်းသွားတဲ့အထိ ဖြစ်နိုင်ခြေ ရှိတယ်လို့ တောင် ပြောလာကြ

၁၈ ဒီဇင်ဘာ ၂၀၂၂

ကမ္ဘာ့သက်တမ်းသမိုင်းမှာ အလွန်ဆိုးရွားလှတဲ့ အခြေအနေတွေကြောင့် အပင်နဲ့ သတ္တဝါ သက်ရှိအများစု မျိုးသုဉ်းသွားတဲ့ ဖြစ်စဉ်မျိုး ငါးကြိမ် ဖြစ်ခဲ့ဖူးပြီး ဖြစ်ပါတယ်။

လက်ရှိအနေအထားမှာလည်း ကမ္ဘာပေါ်က သက်ရှိတွေ ဆက်လက် ရှင်သန်ဖို့ အကျပ်အတည်း ကြုံရနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုနေကြပါတယ်။

တချို့ သိပ္ပံပညာရှင်တွေက ဆိုရင် ခြောက်ကြိမ်မြောက် သက်ရှိအမြောက်အများ မျိုးသုဉ်းသွားတဲ့အထိ ဖြစ်နိုင်ခြေ ရှိတယ်လို့ တောင် ပြောလာကြပါတယ်။

ကမ္ဘာရဲ့ ရေမြေတောတောင် သဘာဝတွေ ပျက်စီးလာတဲ့ အမြန်နှုန်းနဲ့ ပတ်သက်လို့ လူသားတွေ အကျပ်အတည်း ကြုံနေရတယ် ဆိုတာကို ငြင်းချက်ထုတ်တဲ့ ဂုဏ်သိက္ခာရှိပြီး ယုံကြည်ရတဲ့ သိပ္ပံပညာရှင် မရှိဘူး ဆိုပေမယ့် ကမ္ဘာ့သက်ရှိအများစု မျိုးသုဉ်းတဲ့အထိ ဖြစ်လာမလား ဆိုတာကတော့ မေးစရာ ဖြစ်လာပါတယ်။

လူတွေကြောင့် ဖြစ်ရတဲ့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု၊ ကမ္ဘာပေါ်က မြေနေရာတွေကို အသုံးချတဲ့ ပုံစံ ပြောင်းလဲမှုနဲ့ လေထုညစ်ညမ်းမှုတွေကြောင့် ကမ္ဘာ့ သဘာဝ အခြေအနေ ပုံပြောင်းမှုတွေ လျင်လျင်မြန်မြန် ဖြစ်ပေါ်နေတာကို တွေ့နေရပါတယ်။

အခုလို နောက်ခံအနေအထားမှာ ကမ္ဘာ့သက်ရှိ အမျိုးမျိုးက လိုက်လျောညီထွေ နေထိုင် ရှင်သန်ဖို့ လည်း ပိုမို ခက်ခဲလာနေပါတယ်။

ကုလသမဂ္ဂက ၁၅ ကြိမ်မြောက် ကျင်းပတဲ့ ဇီဝမျိုးကွဲအမျိုးမျိုး တည်တန့် မှု ထိန်းသိမ်းရေး ညီလာခံမှာ ဆိုရင်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ် ကိုယ်တိုင်က ဇီဝမျိုးကွဲ တသန်းလောက်အထိ မျိုးသုဉ်းအန္တရာယ် ကျရောက်လုဆဲဆဲ အခြေအနေရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးအကြိမ် ပဉ္စမမြောက် ဖြစ်စဉ်ဆိုရင် ဒိုင်နိုဆောတွေ မျိုးသုဉ်းသွားတဲ့ ဖြစ်စဉ် အဖြစ် လူသိများပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းက ဖြစ်ပွားခဲ့

ကမ္ဘာ့သက်ရှိတွေ အစုလိုက် အပြုံလိုက် မျိုးသုဉ်းခြင်း ဘယ်လို ဖြစ်ခဲ့သလဲ

ကမ္ဘာ့သက်ရှိတွေ အစုလိုက် အပြုံလိုက် မျိုးသုဉ်းခြင်း ဆိုတာကို ကမ္ဘာရဲ့ သက်ရှိ အမျိုးအစား စုစုပေါင်းရဲ့ လေးပုံ သုံးပုံ ဒါမှမဟုတ် ဒီထက်ပိုတဲ့ အရေအတွက်က အချိန်တို အတွင်းမှာ မျိုးသုဉ်းသွားတာကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်က သက်ရှိမျိုးကွဲတွေ အများစု မျိုးသုဉ်းသွားတဲ့ ဖြစ်စဉ်မျိုးဟာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၅၄၀ လောက်က ပထမဆုံး စတင် ဖြစ်ပွားခဲ့ဖူးပါတယ်။

အဲဒီကနေ ယခုအချိန်အထိ ကာလအတွင်းမှာ ဒါမျိုး ငါးကြိမ်ဖြစ်ခဲ့ဖူးတယ်လို့ ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းတွေကို လေ့လာမှုအရ သိပ္ပံပညာရှင်တွေက ပြောဆိုကြပါတယ်။

နောက်ဆုံးအကြိမ် ပဉ္စမမြောက် ဖြစ်စဉ်ဆိုရင် ဒိုင်နိုဆောတွေ မျိုးသုဉ်းသွားတဲ့ ဖြစ်စဉ် အဖြစ် လူသိများပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိခေတ်ရဲ့ ငှက်တွေဟာ ပျံသန်းနိုင်တဲ့ ဒိုင်နိုဆော အမျိုးအစားတွေက ဆင်းသက်လာတာဖြစ်ပြီး အဲဒီ ပဉ္စမမြောက် ကမ္ဘာ့သက်ရှိ မျိုးစုံ အများစု မျိုးသုဉ်းသွားတဲ့ အထဲမှာ ပါဝင်တဲ့ ဒိုင်နိုဆောတွေကတော့ မပျံသန်းနိုင်တဲ့ ဒိုင်နိုဆောတွေ ဖြစ်ပါတယ်။

အဲဒီ ဖြစ်စဉ်မှာ လက်ရှိ မက္ကဆီကို နိုင်ငံရှိတဲ့ နေရာကို ဥက္ကာခဲကြီးတခု ကျရောက်ခဲ့တဲ့အတွက် တောင်နဲ့ မြောက်အမေရိကတိုက်တို့ ရှိတဲ့ ကမ္ဘာ့အနောက်ခြမ်းကို အဓိက မီးလောင်ကျွမ်းစေခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဖြစ်ခဲ့တဲ့ အခုလို မျိုးသုဉ်း ဖြစ်စဉ်ကြီးတွေထဲမှာ Great Dying ‘အကြီးအကျယ် thayဆုံးကြခြင်း’ လို့ အမည်ပေးထားတဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀ လောက်က တတိယမြောက် မျိုးသုဉ်းဖြစ်စဉ်ကြီးမှာ ဆိုရင် ကမ္ဘာ့သက်ရှိ ၉၀ ရာခိုင်နှုန်းလောက်အထိthayဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်ခဲ့တဲ့ မျိုးသုဉ်းမှု ဖြစ်စဉ်ကြီးတွေ ဘာ့ကြောင့် ဖြစ်ခဲ့ရတယ်ဆိုတာ အတိအကျတော့ မသိရသေးပေမယ့် ကမ္ဘာ့ရာသီဥတု၊ သမုဒ္ဒရာပြင်နဲ့ မြေပြင်အနေအထားတွေ လျင်လျင်မြန်မြန်နဲ့ သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ် ဆိုတာကိုတော့ တွေ့ ရှိထားပါတယ်။

၂၀၁၅ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက ကုန်းနေ ခရု မျိုးစိတ် ၂၀ဝ လောက်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်တွေကို ကြည့်ရှု သုံးသပ်ခဲ့

ဆဌမမြောက် မျိုးသုဉ်းမှု ဖြစ်အောင် လူတွေ လုပ်မိနေသလား

သက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ လက်ရှိ အနေအထားမှာ ကမ္ဘာ့သက်ရှိ အမျိုးမျိုးရဲ့ ဆင့်ကဲဖြစ်စဉ် (evolution) ကြောင့် သက်ရှိမျိုးကွဲ အမျိုးမျိုးထွက်ပေါ်နေတဲ့နှုန်းဟာ အကြောင်းအမျိုးမျိုးကြောင့် မျိုးသုဉ်းသွားတဲ့ သက်ရှိ အမျိုးအစား များပြားနေမှုနှုန်းကို အမှီမလိုက်နိုင်ပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်နေတဲ့အတွက် နောက်ထပ် မျိုးသုဉ်းမှု ဖြစ်စဉ်ကြီးတခုဖြစ်ဖို့ ဦးတည်နေတယ်လို့ ယူဆတဲ့ သိပ္ပံပညာရှင်တချို့ ရှိနေပြီး အဲဒီ မျိုးသုဉ်းမှု ဖြစ်စဉ်အတွင်းမှာလူသားမျိုးနွယ်လည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

မက္ကဆီကို မြို့တော်မှာ ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံတော် မက္ကဆီကို တက္ကသိုလ်က ဂေဟဗေဒ ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာ ဂယ်ရားဒိုး ဆယ်ဘာရော့စ်ရဲ့ အဆိုအရ လူသားတွေဟာ သဘာဝ ဆင့်ကဲဖြစ်စဉ်ကို လမ်းကြောင်းပြောင်းအောင် လုပ်နေတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အဆိုအရဆိုရင် လူတွေ လောလောဆယ် အခုလို မျိုးသုဉ်းမှု ဖြစ်စဉ်ကြီးတခု မကြုံရသေးရင်တောင်မှ လူတွေ အသက်ဆက်ရှင်နေစေတဲ့ သဘာဝဂေဟစနစ်ကို အန္တရာယ်ကျရောက်အောင် လုပ်နေတယ်လို့ ဆိုပါတယ်။

မျိုးသုဉ်းမှု ဖြစ်နေတဲ့ အမြန်နှုန်းနဲ့ ပတ်သက်လို့ ကတော့ လူတွေက သက်ရှိအမျိုးမျိုး တော်တော်များများရဲ့ အကြောင်းနဲ့ ဘယ်လောက်အထိ မျိုးသုဉ်းအန္တရာယ်ရှိနေသလဲ တွေကို အပြည့်အစုံသိတယ်လို့ မဆိုနိုင်သေးတဲ့အတွက် တိုင်းတာဖို့ ခက်ခဲနေပါတယ်။

လောလောဆယ် အကန့်အသတ်နဲ့ သာ ရှိထားတဲ့ စာရင်းဇယားတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ဝ အတွင်းမှာ တစ်ရာခိုင်နှုန်းထက် နည်းတဲ့ ကမ္ဘာ့သက်ရှိတွေ မျိုးသုဉ်းထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း အမှန်တကယ် မျိုးသုဉ်းသွားခဲ့တဲ့ သက်ရှိအမျိုးအစား အရေအတွက်ကတော့ ဒီထက် အများကြီး များနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။

အကြောင်းကတော့ ၁၈၅၀ တဝိုက်ကာလ မရောက်ခင်အထိ သက်ရှိအမျိုးမျိုးကို ခွဲခြား သတ်မှတ် မှတ်တမ်းမတင်ရသေးလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက ကုန်းနေခရု မျိုးစိတ် ၂၀ဝ လောက်နဲ့ ပတ်သက်တဲ့ ပြတိုက်တွေမှာ စုဆောင်းထားတာတွေ၊ မှတ်တမ်းတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်တွေကို ကြည့်ရှု သုံးသပ်ခဲ့ပါတယ်။

အခုလို သုံးသပ်ခဲ့ရာမှာ အဲဒီ မှတ်တမ်းတင်ထားတဲ့ ခရုမျိုးစိတ်တွေထဲက အများစုကို သဘာဝအလျောက် မတွေ့ရတော့တာ ကြာပြီဖြစ်ကြောင်း တွေ့ ရှိခဲ့ရပြီး အဲဒီအထဲက အမျိုးအစား ဆယ်ပုံတပုံလောက်က မျိုးသုဉ်းသွားတာ ဖြစ်ဖို့ များတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

အခုလို သက်ရှိတမျိုး ကြုံရပုံကို တခြား သက်ရှိတွေလည်း ကြုံနေရတဲ့ လက္ခဏာအဖြစ် ယူဆမယ်ဆိုရင် လူတွေ မှတ်တမ်းတင် သိရှိထားပြီးသား သက်ရှိအမျိုးမျိုးတွေထဲက ၇.၅ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းလောက်အထိ ဆုံးရှုံးသွားပြီးတာ ဖြစ်နိုင်တယ်လို့ လည်း အဲဒီ သိပ္ပံပညာရှင်တွေက ခန့် မှန်းကြပါတယ်။

သက်ရှိ အမျိုးအစားတွေ ဘယ်လောက်အထိ မျိုးသုဉ်းသွားပြီလဲ ဆိုတာကို တိတိကျကျ မသိရပေမယ့် သဘာဝအလျောက် ရှင်သန်တဲ့ သက်ရှိ အရေအတွက်ကတော့ လျင်လျင်မြန်မြန်ကျဆင်းနေတာကို တွေ့ ရပါတယ်။

ရှေးက ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ ခေတ်သစ်မှတ်တမ်းတွေကို ယှဉ်တွဲလေ့လာပြီး သုံးသပ်ထားတဲ့ အစုလိုက် အပြုံလိုက်မဟုတ်တဲ့ သက်ရှိ အမျိုးမျိုးရဲ့ မျိုးသုဉ်းနှုန်း

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာတင် သက်ရှိအမျိုးမျိုးရဲ့ အရေအတွက်တွေ ပျမ်းမျှ ၆၉ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ရန်ပုံငွေအဖွဲ့ WWF က ခန့် မှန်းထားပါတယ်။

အခုလို နှစ်ပေါင်း ၅၀ လောက်အတွင်းမှာတင် သက်ရှိတွေ အရေအတွက်အရ ဆုံးရှုံးမှု ရှိတယ်ဆိုရင် အခုလို ဆုံးရှုံးနေတဲ့အထဲက သက်ရှိအမျိုးအစားတွေ မျိုးသုဉ်းတဲ့အထိ ဖြစ်လာဖို့ကလည်း အချိန်သိပ်မကြာလောက်ဘူးလို့ ကယ်လဖိုးနီးယားတက္ကသိုလ် ဘာကလေက ဇီဝဗေဒပညာရှင်တဦးဖြစ်သူ ပါမောက္ခ အန်တိုနီ ဘာနိုစကီ က ပြောပါတယ်။

သိပ္ပံပညာရှင်တွေက ရှေးက ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ ခေတ်သစ်မှတ်တမ်းတွေကို ယှဉ်တွဲလေ့လာပြီး သုံးသပ်ထားတဲ့ အစုလိုက် အပြုံလိုက်မဟုတ်တဲ့ သက်ရှိ အမျိုးမျိုးရဲ့ မျိုးသုဉ်းနှုန်းကို ကြည့်တဲ့အခါမှာလည်း ခေတ်သစ် သက်ရှိအမျိုးမျိုး မျိုးသုဉ်းနှုန်းက အဆ တထောင်လောက်အထိတောင် များနေတာကို တွေ့ရတယ်လို့ မာနိုအာမှာရှိတဲ့ ဟာဝါအီတက္ကသိုလ်က ဒေါက်တာ ရောဘတ် ကောင်ဝီက ဆိုပါတယ်။

အခုလို မျိုးသုဉ်းနှုန်းဆိုင်ရာ တွေ့ ရှိချက်တွေရဲ့ တိကျမှုကို တချို့ သိပ္ပံပညာရှင်တွေက သံသယ ရှိကြတယ် ဆိုပေမယ့်လည်း အများစုကတော့ ခေတ်သစ် သက်ရှိများ မျိုးသုဉ်းနှုန်းက ယခင်ကထက် များလာတာကိုတော့ သဘောတူကြပါတယ်။

ဒေါက်တာ ဆယ်ဘာရော့စ်ကတော့ ကမ္ဘာ့သက်ရှိတွေ အစုလိုက် အပြုံလိုက် မျိုးသုဉ်းမှုဟာ ၂၀၅၀ နှစ်ကုန်လောက်မှာ စဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အခုလို မျိုးသုဉ်းမှုဟာ အဲဒီနှစ်ကစပြီး နောက်ထပ် ရာစုနှစ် နှစ်ခုအတွင်း ကမ္ဘာ့ရဲ့ အပင်နဲ့ သတ္တဝါ သက်ရှိတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးနိုင်တယ်လို့လည်း ဒေါက်တာ ဆယ်ဘာရော့စ်က ပြောပါတယ်။

ဒါပေမဲ့ တချို့ သိပ္ပံပညာရှင်တွေကတော့ သက်ရှိတွေ မျိုးသုဉ်းဖို့ ဘယ်လောက်ကြာသလဲ ဆိုတာကို အတိအကျ မသိနိုင်သေးဘူးလို့ ပြောဆိုပြီး မျိုးသုဉ်းမှု ဖြစ်စဉ်ကြီး ဖြစ်လာတော့မယ် ဆိုတဲ့ ခန့် မှန်းချက်ကို သံသယရှိကြပါတယ်။

တဖက်မှာလည်း အခုလို မျိုးသုဉ်းမှုကြီး ဖြစ်မဖြစ် အငြင်းပွားတာက အဓိကမဟုတ်ဘူးလို့ ပြောနေတဲ့ သိပ္ပံပညာရှင်တွေလည်း ရှိနေပါတယ်။

ယေးလ်တက္ကသိုလ်က ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် ပင်ဆယ်လီ ဟားလ်က ဆိုရင် လူတွေအနေနဲ့ မျိုးသုဉ်းမှုကြီးလောက် မဖြစ်သေးပဲနဲ့လည်း သဘာဝရဲ့ ရိုက်ခတ်မှုကို သိသိသာသာ ကြိုခံရနိုင်တာကို သတိချပ်သင့်တယ်လို့ ဆိုပါတယ်။

မိုးခေါင်ရေရှား အနှစ် ၂၀ လောက်ဖြစ်တာနဲ့ကို လူ့ အသိုင်းအဝိုင်းတခုလောက် ပြိုပျက်သွားနိုင်တာ ဆိုတဲ့အတွက် အဲဒီလို ရာသီဥတုဖောက်ပြန်မှုမျိုး ဖြစ်လာရင်ကိုပဲ သတိထားရတော့မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ ကမ္ဘာကြီးအနေနဲ့ ၂၀၃၀ မတိုင်ခင်မှာ ကမ္ဘာ့ကုန်းမြေနဲ့ ပင်လယ်ပြင် ၃၀ ရာခိုင်နှုန်းကို ထိန်းသိမ်းကာကွယ်ဖို့ ကြိုးစားမယ်လို့ မျှော်လင့်နေကြ

မျိုးသုဉ်းမှုကြီး ဖြစ်မလာအောင် လူတွေ ဘာလုပ်နိုင်မလဲ

ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် ဇီဝမျိုးကွဲအမျိုးမျိုး တည်တန့် မှု ထိန်းသိမ်းရေး ညီလာခံမှာတော့ ကမ္ဘာ့ခေါင်းဆောင်တွေက နောက်လာမယ့် ဆယ်စုနှစ်အတွင်းမှာ သဘာဝကို ကာကွယ်ဖို့အတွက် ပန်းတိုင်သတ်မှတ်ပြီး ကြိုးစားလုပ်ဆောင်ဖို့ ပြင်ဆင်နေကြပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ ကမ္ဘာကြီးအနေနဲ့ ၂၀၃၀ မတိုင်ခင်မှာ ကမ္ဘာ့ကုန်းမြေနဲ့ ပင်လယ်ပြင် ၃၀ ရာခိုင်နှုန်းကို ထိန်းသိမ်းကာကွယ်ဖို့ ကြိုးစားမယ်လို့ မျှော်လင့်နေကြပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရကတော့ ကမ္ဘာကြီး ပူနွေးမှုကို ၁.၅ ဒီဂရီ စင်တီဂရိတ် တက်နှုန်းနဲ့ပဲ ထိန်းထားပြီး စားကျက်မြေတွေလည်း ထိန်းသိမ်းနိုင်မယ်ဆိုရင် သဘာဝတော်ရိုင်းနဲ့တကွ မျိုးစိတ်အများစုကို မျိုးသုဉ်းပျောက်ကွယ်မှုကနေ ကာကွယ်နိုင်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် ချီကာဂိုတက္ကသိုလ်က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ပါမောက္ခ ဒေးဗစ် ဂျက်ဘလွန်းစကီးကတော့ သဘာဝအတိုင်း ပြန်ဖြစ်ဖို့ ဆိုရင် မျိုးစိတ်တမျိုးတည်း ရှင်သန်တဲ့ စားကျက်မြေထက်စာရင် မျိုးစိတ်ပေါင်းစုံရှိတဲ့ ဂေဟစနစ်တခုရှိရာ စားကျက်မြေမျိုးကို ထိန်းသိမ်းတာက အကောင်းဆုံးဖြစ်မယ်လို့ ဆိုပါတယ်။

ဒုခ် တက္ကသိုလ်က ဇီဝဗေဒ ပညာရှင် ပါမောက္ခ စတူးဝပ် ပင်းမ်က ဆိုရင်လည်း လူတွေရဲ့ ပြန်လည် ထိ်န်းသိမ်းဖို့ ကြိုးစားမှုတွေကြောင့် သက်ရှိမျိုးစိတ်တွေရဲ့ မျိုးသုဉ်းမှုနှုန်း နှေးလာတာကိုလည်း တွေ့နေရတဲ့အတွက် လူတွေရဲ့ ကြိုးစားမှုကလည်း အတိုင်းအတာတခု အထိ ထိရောက်နေပါတယ်လို့ အားတက်စရာ ပြောကြားထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။