“Disaster Girl” meme ရဲ့မူလအစ

Celebrity International News

“Disaster Girl” meme ရဲ့မူလအစ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “Disaster Girl” meme ရဲ့မူလအစ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


“Disaster Girl” meme အဖြစ် ခေတ်စားခဲ့တဲ့ ဒီပုံကို ၂၀၀၅ ခုနှစ်က ရိုက်ခဲ့တာပါ။ ဒီပုံထဲက ကလေးမလေးဟာ အဲဒီတုန်းက အသက် ၄ နှစ်ပဲရှိသေးတဲ့ ဇိုရိုသ်ဆိုသူပါ။ ပုံထဲမှာ အဆောက်အဦးတစ်ခု မီးလောင်နေတာကို တွေ့ရပါတယ်။ တကယ်တော့ မြောက်ကာရိုလိုင်းနားပြည်နယ်၊ မီဘန်မြို့က မီးသတ်သမားတွေဟာ အဲဒီအဆောက်အဦးကို ဖျက်စီးပစ်ချင်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ မီးရှို့ထားတာပါ။ ရပ်ကွက်ထဲက လူတွေဟာ အဲဒါကို မြင်တွေ့ရဖို့ စုဝေးလာရောက်ခဲ့ကြတာပါ။ မီးသတ်သမားတွေက မီးကိုထိန်းထားတဲ့အတွက် အန္တရာယ်မရှိပါဘူး။

ဇိုရိုသ်က သူ့အဖေနဲ့အတူ အဲဒီနေရာမှာ ရှိနေခဲ့တာပါ။ အပျော်တမ်းဓာတ်ပုံဆရာဖြစ်တဲ့ ဇိုရိုသ်ရဲ့ဖခင် ဒေးဗ် ရိုသ်က အဆောက်အဦးမီးလောင်ကျွမ်းနေတာကို အမှတ်တရဖြစ်ချင်တာကြောင့် ဇိုရိုသ်ကို ကင်မရာဘက်လှည့်ပြီး ပြုံးပြခိုင်းခဲ့တာပါ။ ဇိုရိုသ်က အဲဒီအဆောက်အဦးကို သူ မီးရှို့လိုက်သလို ကောက်ကျစ်တဲ့မျက်နှာထားနဲ့ပြုံးသလိုဖြစ်သွားခဲ့ပါတယ်။ ဒေးဗ်ရိုသ်က ၂၀၀၇ ခုနှစ် ဓာတ်ပုံပြိုင်ပွဲမှာ အဲဒီဓာတ်ပုံနဲ့ ပြိုင်ခဲ့ပြီး ဆုရခဲ့ပြီးနောက် အဲဒီဓာတ်ပုံက လူမှုကွန်ယက်ပေါ် ပျံ့နှံ့သွားခဲ့တာပါ။

အဲဒီကတည်းက လူမှုကွန်ယက်အသုံးပြုသူတွေဟာ ဓာတ်ပုံကို ပြုပြင်ပြီး meme အဖြစ် အသုံးပြုလာခဲ့ကြပါတယ်။ အဲဒီလိုနဲ့ “Disaster Girl” meme ဖြစ်ပေါ်လာခဲ့ပြီး လူမှုကွန်ယက်မှာ နာမည်အကြီးဆုံး meme တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
အခု ဓာတ်ပုံထဲက ဇိုရိုသ်က အသက် ၂၂ နှစ်ရှိနေပါပြီ။ ဇိုရိုသ်က ကျောင်းချေးငွေတွေဆပ်ဖို့နဲ့ ပရဟိတကို လှူဒါန်းဖို့အတွက် Disaster Girl meme ရဲ့မူရင်းပုံကို NFT (အစားထိုးမရတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု) အဖြစ် ၂၀၂၁ ခုနှစ် ဧပြီလက ရောင်းချခဲ့ပါတယ်။ အဲဒါကို ဒီဂျစ်တယ်ငွေကြေးတွေထဲကတစ်ခုဖြစ်တဲ့ ၁၈၀ Ether (ဒေါ်လာ၄၆၀၀၀၀ နီးပါး) နဲ့ လေလံတင်ရောင်းချခဲ့တာပါ။ @3FMusic ဆိုတဲ့ အသုံးပြုသူတစ်ဦးက အဲဒါကို ဝယ်ယူခဲ့တာပါ။

ဇိုရိုသ်တို့မိသားစုက မူပိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားပြီး အနာဂတ်မှာ ရောင်းချမှုရဲ့ ၁၀ ရာခိုင်နှုန်းကို ရရှိသွားမှာပါ။
ဇိုရိုသ်က Peace, War, and Defense မေဂျာကို မြောက်ကာရိုလိုင်းနားတက္ကသိုလ်မှာ တက်ရောက်သင်ယူနေတာပါ။ သူ့ကို “Disaster Girl” ဆိုတာကို တချို့က မမှတ်မိကြပေမဲ့ သူ့ရဲ့သူငယ်ချင်းတွေနဲ့ ချစ်ခင်ကြသူတွေက သတိပြုမိကြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။