MPT ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်နိုင်သည့်နည်းပညာ အစ္စရေးကုမ္ပဏီက ရောင်းချပေး

International News Local News
MPT ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်နိုင်သည့်နည်းပညာ အစ္စရေးကုမ္ပဏီက ရောင်းချပေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ MPT ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်နိုင်သည့်နည်းပညာ အစ္စရေးကုမ္ပဏီက ရောင်းချပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မြန်မာစစ်တပ်က အာဏာမသိမ်းမီ တစ်လအလိုမှာ နိုင်ငံပိုင်ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ MPT မှာအသုံးပြုဖို့ ကြားဖြတ်နားထောင်သတင်းယူတဲ့ ဆော့ဖ်ဝဲလ်နည်းပညာဝယ်ယူရာမှာ အစ္စရေး ဆော့ဖ်ဝဲလ်ကုမ္ပဏီ Cognyte ကရောင်းချသူအဖြစ် တင်ဒါအောင်မြင်ခဲ့တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်မှာကတည်းက ရိုဟင်ဂျာတွေအပေါ်ကို စစ်တပ်က နှိမ်နင်းမှုတွေ ကျူးလွန်ခဲ့ပြီးနောက် အစ္စရေးကနေ မြန်မာနိုင်ငံကို စစ်lat nat ပစ္စည်းတွေတင်ပို့ရောင်းချခြင်းမပြုဖို့ အစ္စရေးတရားလွှတ်တော်ရှေ့နေ အီတေးမက်ကဦးဆောင်ပြီး အစ္စရေးတရားရုံးချုပ်ကို တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက် ချမှတ်ထားတဲ့ အမိန့်ကို ထုတ်မပြောကြဖို့ အစိုးရနဲ့ သတင်းဌာနတွေကို တရားရုံးက တောင်းဆိုကာ မြန်မာနိုင်ငံကို စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးနည်းပညာနဲ့ lat nat ကိရိယာတွေ ရောင်းချတာကို တားမြစ်ဖို့ အစ္စရေးတရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလို တားမြစ်ပိတ်ပင်ထားတဲ့ကြားက မြန်မာစစ်အာဏာရှင်ထံ နည်းပညာရောင်းချမှုဖြစ်လာခဲ့လို့ အစ္စရေးအစိုးရရှေ့နေချုပ်ဆီကို တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။

Israel's Cognyte won tender to sell intercept spyware to Myanmar before  coup -documents - TODAY
တရားရုံးက ထုတ်မပြောဖို့ တောင်းဆိုထားခဲ့ပေမဲ့ အစ္စရေးအစိုးရကတော့ မြန်မာနိုင်ငံကို ကာကွယ်ရေးဆိုင်ရာ ထုတ်ကုန်နဲ့နည်းပညာတွေရောင်းချမှုကို တားဆီးကန့်သတ်ထားကြောင်း မကြာခဏထုတ်ပြောခဲ့တယ်လို့ဆိုပါတယ်။

အခုနည်းပညာရောင်းချမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တိုင်ကြားတာကိုလည်း အီတေးမက်ကပဲ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ Cognyte ကုမ္ပဏီအပြင် ဒီအရောင်းအဝယ်စာချုပ်ကို လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့ကြတဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေက အရာရှိတွေကိုပါ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးဖောက်ဖျက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ပါဝင်ထောက်ပံ့ကူညီသူတွေအဖြစ် တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီတရားစွဲဆိုမှုကို လွှတ်တော်ဥက္ကဋ္ဌဟောင်းတစ်ဦးအပါအဝင်၊ နာမည်ကျော် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ပညာရေးလောကက အရာရှိတွေနဲ့ စာရေးဆရာတွေအပါအဝင် အစ္စရေးနိုင်ငံသား ၆၀ ကျော်တို့က တရားလိုအဖြစ် တိုင်ကြားခဲ့ကြတာဖြစ်ပါတယ်။

Justice for Myanmar ကနေ ရရှိထားတဲ့ အရောင်းအဝယ်ဆိုင်ရာ စာရွက်စာတမ်းတွေဟာ ဇန်နဝါရီလ ၂၀၂၁ ခုနှစ်တုန်းက မြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်း (MPT)ကနေ အုပ်ချုပ်ရေးအဖွဲ့ထံကိုတင်ပြထားတဲ့ လုပ်ငန်းပြီးစီးမှုတင်ပြချက်ဖြစ်ပြီး အဲဒီထဲမှာ Cognyte ကုမ္ပဏီကို တင်ဒါအောင်တဲ့ကုမ္ပဏီအဖြစ်ဖော်ပြထားကာ ဝယ်ယူအမှာစာကို ဒီဇင်ဘာ ၃၀ ရက် ၂၀၂၀ ပြည့်နှစ်မှာ ပေးပို့ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီ ကြားဖြတ်သတင်းရယူရေး spyware ကြောင့် ဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုမှုတွေ ကြားဖြတ်နားထောင်နိုင်ခြင်း၊ SMS တွေကို ကြားဖြတ်ဖတ်ရှုနိုင်ခြင်းသာမက အီးမေးလ်တွေကို ဖတ်ရှုနိုင်တာလို အင်တာနက်ဆက်သွယ်ရေးကို ကြားဖြတ်ကြည့်ရှုနိုင်မှု၊ အသုံးပြုသူရဲ့ တည်နေရာကို ထောက်လှမ်းနိုင်မှုတွေကို အာဏာပိုင်တွေက တယ်လီဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အကူအညီမပါဘဲ ဆောင်ရွက်နိုင်စွမ်းရရှိစေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ ရိုက်တာက ဆက်သွယ်မေးမြန်းရာမှာ ဘယ်အဖွဲ့အစည်းကမှ ပြန်လည်ဖြေဆိုခြင်းမရှိဘူးလို့ ရိုက်တာက ပြောပါတယ်။

မြန်မာနိုင်ငံက ကြားဖြတ်သတင်းရယူမှုစီမံကိန်းနဲ့ ရင်းနှီးသူ နှစ်ဦးက Cognyte ရဲ့ နည်းပညာကို MPT မှာ စမ်းသပ်ခဲ့ကြောင်း ပြောပြခဲ့ကြပါတယ်။ သီးခြားစီ ပြောပြခဲ့တဲ့ သူတို့နှစ်ယောက်ဟာ မြန်မာစစ်တပ်ရဲ့ ရန်ကိုကြောက်တာကြောင့် ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ မပြောပြခဲ့ဘူးလို့ ဆိုပါတယ်။

ကြားဖြတ်ထောက်လှမ်းရေး နည်းပညာကို MPT က အသုံးပြုနေကြောင်း ဒီကိစ္စကို တိုက်ရိုက်သိရှိသူတစ်ဦးက ပြောသလို ဒီကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးတက်ရောက်ခဲ့ရသူ ၃ ဦးကလည်း ရိုက်တာကို ပြောခဲ့ကြပါတယ်။

Israel's Cognyte won spyware tender before Myanmar coup

MPT ကို spyware ရောင်းချတဲ့ Cognyte ရဲ့ လုပ်ငန်းစဉ်ဟာ နောက်ဆုံးအဆင့်ထိ ပြီးဆုံးခြင်း ရှိမရှိကိုတော့ ရိုက်တာက အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ကမ္ဘာနိုင်ငံအတော်အများများမှာ ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးနိုင်ရေးအတွက် တရားဥပဒေထိန်းသိမ်းရေး အေဂျင်စီတွေက ကြားဖြတ်သတင်းရယူတဲ့ စနစ်တွေတပ်ဆင် အသုံးပြုနေပေမဲ့ တရားဥပဒေနဲ့ အညီ ကြားဖြတ်သတင်းရယူမှု (Lawful intercepts) ဖြစ်စေရေးအတွက် တရားဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ငန်းစဉ်တွေ ချမှတ်ပြီးမှသာ ဆောင်ရွက်ကြတာဖြစ်ကြောင်း ဆိုင်ဘာလုံခြုံရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ လူ့အခွင့်အရေးကို ကာကွယ်ပေးမယ့် တရားဥပဒေဆိုင်ရာ လုပ်ငန်းစဉ်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ လူ့အခွင့်အရေးကျူးကျော်ဖောက်ဖျက်တဲ့ ဆက်သွယ်ရေးမှာ ကြားဖြတ်သတင်းရယူတဲ့ နည်းပညာတွေကို အသုံးပြုနေကြောင်း ဆက်သွယ်ရေးနဲ့ နည်းပညာလုပ်ငန်းဆိုင်ရာထိပ်တန်းအရာရှိတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းပြီး သိရှိခဲ့ရပါတယ်။

MPT ရဲ့ တင်ဒါမှာ Cognyte က ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဟာ မြန်မာနိုင်ငံကို ကာကွယ်ရေးဆိုင်ရာစစ်lat nat ပစ္စည်းတွေ မရောင်းချဖို့ အစ္စရေးတရားရုံးချုပ်ရဲ့ ဆုံဖြတ်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ မက်က ပြောပါတယ်။

ကြားဖြတ်သတင်းရယူတဲ့ နည်းပညာကို အရပ်သုံးနဲ့ စစ်ဘက်သုံးဆိုပြီး နှစ်နေရာသုံးအဖြစ် သတ်မှတ်ကြသော်လည်း အစ္စရေးရဲ့ ဥပဒေအရတော့ နှစ်နေရာသုံးနည်းပညာတွေကို ကာကွယ်ရေးကိရိယာနဲ့ နည်းပညာတွေအဖြစ် သတ်မှတ်တယ်လို့ ဆိုပါတယ်။

အစ္စရေးရဲ့ ဥပဒေအရ ကာကွယ်ရေးဆိုင်ရာနည်းပညာနဲ့ ထုတ်ကုန်တွေကို ပြည်ပကိုတင်ပို့ရောင်းချမယ့် ကုမ္ပဏီတွေဟာ လိုင်စင်ရှိရမှာဖြစ်ပါတယ်။ အခုနည်းပညာရောင်းချမှုကို တရားစွဲဆိုခဲ့တဲ့ တိုင်ကြားချက်ထဲမှာ Cognyte ကို လိုင်စင်ချပေးခဲ့တဲ့ အရာရှိတွေကိုလည်း စစ်ဆေးသင့်တယ်လို့ ဖော်ပြထားကြောင်းသိရပါတယ်။ Cognyte မှာ လိုင်စင်ရှိတယ် မရှိဘူးဆိုတာကိုတော့ ရိုက်တာက အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံးဆက်သွယ်ရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကလည်း မြန်မာနိုင်ငံက မထွက်ခွာမီ ၂၀၂၀ ဒီဇင်ဘာလ ၃၀ ရက် ထုတ်ပြန်ချက်မှာ လုံလောက်တဲ့ တရားဥပဒေအကာအကွယ်တွေ မရှိတာကြောင့် မြန်မာအာဏာပိုင်တွေစီစဉ်နေတဲ့ ကြားဖြတ်သတင်းရယူရေး စီမံကိန်းအပေါ် စိုးရိမ်မိတယ်လို့ ဖော်ပြထားပါတယ်။

NASDAQ စတော့အိတ်ချိန်းစာရင်းဝင် Cognyte ကုမ္ပဏီဟာ အစ္စရေးနိုင်ငံက ဆိုက်ဘာလုံခြုံရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Verint Systems ကနေ မွေးဖွားလိုက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၇၄ သန်းရှိခဲ့တဲ့ Cognyte ကို ဆိုရှယ်မီဒီယာတွေအနှံ့အကောင့်တုတွေ ဖန်တီးသုံးစွဲနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေ့စ်ဘွတ်ခ်ကလည်း အသုံးပြုခွင့်တားမြစ်ပိတ်ပင်ထားပါတယ်။

Cognyte ရဲ့ နည်းပညာကို ဝယ်ယူအသုံးပြုခဲ့သူတွေဟာ ကင်ညာ၊ မက္ကစီကိုနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က ဖြစ်ပြီး သူတို့ရဲ့ ပစ်မှတ်တွေဟာ သတင်းထောက်တွေနဲ့ နိုင်ငံရေးသမားတွေဖြစ်ကြောင်း Meta က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆိုးရွားပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တဲ့ နိုင်ငံတွေကို Cognyte က နည်းပညာတွေ ရောင်းချခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နော်ဝေနိုင်ငံရဲ့ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ကလည်း Cognyte ကို ပြီးခဲ့တဲ့လက ထုတ်ပယ်ခဲ့ပါတယ်။ ဘယ်နိုင်ငံတွေဖြစ်တယ်ဆိုတာကိုတော့ ရန်ပုံငွေအဖွဲ့က မထုတ်ပြန်ခဲ့ပါဘူး။

Meta နဲ့ နော်ဝေ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့ရဲ့ စွပ်စွဲချက်တွေအပေါ် Cognyte က လူသိထင်ရှားပြန်လည်တုံ့ပြန်မှု မရှိသေးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။