ကျနော် ပဲခူးဘက်မှာ ခြံလေးနဲ့ သီးပင်စားပင်လေးစိုက်ပြီး နေတုန်းကပေါ့
ရင်းနှီးကျွမ်းဝင်တဲ့
ဆရာတော်တပါးနဲ့ ကိုရင်လေးတပါး
ကြွလာလို့ ဆွမ်းကပ်လိုက်သေးတယ်။
ပြီးတော့ ဆရာတော်က ရေကန်လေးနားသွားပြီး ကသိုဏ်းရှုနေတုန်း ကိုရင်လေးနဲ့ စကားစမြည် ပြောဖြစ်တာပေါ့
ကိုရင်လေးဆိုပေမယ့်
၁၉နှစ်ကျော်ပြီလေ။
နောက်နှစ် ရဟန်းခံတော့မှာ
မန္တလေးမှာ ၅နှစ်ကျော် စာဝါလိုက်
ဓမ္မာစရိယတန်းတောင် ရောက်နေပြီ။
ပြောရင်း
ကိုယ်ပျောက်ကတုံးအကြောင်း
ကိုယ်ပျောက်ဝိဇ္ဇာတွေအကြောင်း
ရောက်သွားပါရော
ဗိဿနိုးခေတ်လောက်က
အစာရေစာခေါင်းပါးကပ်ဆိုက်လို့
ဘုရင်စားနေတဲ့ ပွဲတော်အုပ်ထဲက
ထမင်း ဟင်းတွေကို ဘယ်သူကလာလာနှိုက်စားတယ်မသိ။
လျော့လျော့သွားလို့ ဘုရင်တောင် ဝဝလင်လင် မစားရဘူး။
ပညာရှိအမတ်တွေကို တိုင်ပင်တော့ ကိုယ်ပျောက်ဝိဇ္ဇာတွေ လာခိုးစားတာဖြစ်နိုင်ကြောင်း၊ ကန့်မှိုင်း ငရုတ်သီးမှိုင်းတိုက်ပြီး အမိဖမ်းဖို့ စီစဉ်ကြတယ်။
ဘုရင်ပွဲတော်တည်နေတုန်း
ကန့်တွေ ငရုတ်သီးတွေ လှော်ပြီး
ဘုရင့်စားတော်ဆောင်ထဲ မှုတ်သွင်းကြတာ
ဇော်ဂျီ၂ပါး တွေ့ပါလေရော တဲ့။
ကိုယ်ပျောက်အတတ်နဲ့ ကွယ်ထားပေမယ့် မွှန်လာတော့ မူလရုပ်လုံးပေါ်လာတာလေ။ လူယောင်ဖန်ဆင်းတဲ့ နဂါးတွေလည်း ဒီတိုင်းပဲ။
အဲ့လို ဝိဇ္ဇာသူခိုးတွေ ရှိရောရှိရဲ့လားလို့ မေးမိတော့ မှော်ကတုံးအကြောင်း ကိုရင်လေး ပြောပြတာပေါ့။
အမရပူရဘက်မှာ
ညဘက်ဆို ကတုံးသောင်းကျန်းသတဲ့
အိမ်ပေါ်တက် ပစ္စည်းလည်းမခိုး
ဓားပြလည်းမတိုက်
အပျိုလေးတွေကိုပဲ လိုက်ဖျက်ဆီးတယ်။
ဖျက်ဆီးခံရတဲ့အပျိုတွေက အိမ်မက်လိုလို တကယ်လိုလို လှုပ်လို့မရ အော်လို့မရ နောက် ၄/၅လလောက်နေမှ မပေါ့မပါးဖြစ်ကုန်ရောတဲ့။
ဘယ်လိုမှ ဖမ်းမမိဘူး။
၂ထပ်တိုက် ပြတင်းပေါက်ကနေ ကြောင်လေးလို လွှားခနဲခုန်ဆင်းတာတွေ့တယ်။ ပြေးလိုက်တော့ လှစ်ခနဲပျောက်သွားတာမျိုး တဲ့။
နောက်တော့ မန္တလေးထိပါ ရောက်လာတယ်။
ရဟန်းပျိုတွေ အဖွဲ့ဖွဲ့ပြီး မှော်ကတုံးဖမ်းဖို့ စီစဉ်ကြတယ်။
ညဘက်ဆို ၅ပါးတဖွဲ့ ဓာတ်မီးတွေနဲ့ ကင်းလှည့်တယ်။
တစ်ညတော့
အပျိုလေးရှိတဲ့အိမ်
ခြံနောက်မှာ ကိုယ်လုံးတီးကတုံးတယောက်တွေ့လို့ အသာချောင်းကြည့်တာ။ အိမ်သာလေဝင်ပေါက်ကနေ မြွေတကောင်လို တိုးဝင်သွားတယ်။ အပေါက်က လက်တစ်ထွာတောင်မရှိတာကို တကိုယ်လုံးဆီလီကွန်လို ပျော့ဖတ်ဖတ်ကြီးဖြစ်ပြီး ဝင်သွားတယ်။
ဒါနဲ့ ကြိုတင်စီစဉ်ထားတဲ့
ငရုတ်သီးမှုန့် ငရုတ်ကောင်းမှုန့်တွေကို အဲ့အပေါက်ကနေ ပစ်ထည့်
ပြီးမှ အိမ်ရှင်တွေလှမ်းခေါ်
အိမ်သာထဲဖွင့်ကြည့်တော့
အသက်၅၀ကျော်လောက်
ပိန်ပိန်ပါးပါး ကတုံးတယောက်
ကြိုးတုပ်ပြီး ရဲခေါ်အပ်လိုက်တာပေါ့။
ထူးတာက မျက်လုံးသူငယ်အိမ်အနက်စေ့
လူတွေလို အဝိုင်းမဟုတ်ပဲ မြွေတွေကို မျဉ်းတန်းပုံကြီး
နောက်ရက်တွေ
ကိုရင်လေးက အချုပ်သွားပြီး
ထမင်းပို့ပေးသေးတယ်။
ပညာရပ်အကြောင်း စိတ်ဝင်စားလို့
မေးချင်တာလည်း ပါတာပေါ့။
ပြောပြရှာပါတယ်။
ငယ်ငယ်က
အောက်လမ်း ဆရာကြီး တယောက်နောက်ကို ဖိနပ်ကိုင် အိတ်ဆွဲလိုက်ပြီး ပညာသင်ရတယ်။ တနေ့တော့ တောထဲသွားရင်း စပါးကြီးမြွေ အန်နေတာကြုံခဲ့တယ်။ သမင်တကောင်ကိုမျိုပြီး အစာကြေတော့ သစ်ပင်ကြီးပေါ်ကနေ အရိုးတွေကို ပြန်အန်ထုတ်တာ။ အရိအရွဲတွေရော။ ပုပ်စော်အတော်နံတာ။ ဆရာကြီးက အဲ့မြွေအန်ထားတဲ့ အရိအရွဲတွေကို ပုလင်းနဲ့ ထည့်လာခိုင်းတယ်။ အော်ဂလီဆန်လိုက်တာ တအားပဲ။
တစ်ညမှာ
အဲ့ပုလင်းလေးကိုင်
သင်္ချိုင်းသွားပြီး အစီအရင်လုပ်တယ်။
အရည်တွေကို သောက်လည်းသောက် မျက်နှာမှာလည်း လိမ်းသေးတာ
ဆရာကြီး ဆုံးပါးခါနီး
ကတုံးကို ပညာဆက်ခံစေခဲ့တယ်။
သိပ်ခက်ခက်မဟုတ်ပါဘူး
ဆရာကြီး တံတွေးကိုသောက်
မျက်နှာမှာလိမ်း ဂါထာ၃ပုဒ်ရွတ်တာနဲ့
မှော်ပညာ ရတော့တာပဲ။
ရတော့
ဘယ်အိမ်ကိုမဆို
အပေါက်ကလေး တစ်မိုက်လောက်ရှိရင် ဝင်လို့ရပြီ။
ဝင်ရင် အဝတ်အစားချွတ်ရတယ်။ တခုခုနဲ့ ညိနေမှာစိုးလို့။
ကတုံးတုံးတာလည်း ဆံပင်ညိမှာစိုးလို့။
အဲ့လိုဝင်လိုက်တာနဲ့ မြွေမှော်ဆိုတော့ မြွေလိုပဲ မျက်စိမမြင်တော့ဘူး။
အိမ်တအိမ် ဝင်မယ်ဆိုရင် အဲ့အိမ်အနေအထား တည်ဆောက်ပုံ ကြိုသိထားမှ။ နို့မို့ မမြင်ရတော့ လိုရာခရီးမရောက်ဘူး။
ပထမတော့ မြို့ပေါင်းစုံသွားပြီး သူဌေးတွေအိမ်က ရတနာတွေကို ခိုးတယ်။
ခက်တာက ဒီပညာယူထားပြီးရင် မေထုန်မမှီဝဲတာကြာတာနဲ့ အစွမ်းလျော့လျော့သွားတယ်။ မှီဝဲပြီးရင် အစွမ်းတွေ ပိုတိုးလာတယ်။
စသည်ဖြင့်…..
၃/၄ရက်လောက် ပြောပြတယ်။
” ကိုရင်…..
အိမ်ထဲတောင် အပေါက်ကလေးကနေ ဝင်လို့ရတာလေ။ အချုပ်ကသံတိုင်တွေ ထောင်ထဲက တံခါးတွေက အလုံပိတ်မှမဟုတ်တာ” တဲ့
နောက်တပတ်လောက်ကြာတော့
ညဘက်ကြီး
မှော်ကတုံး ကိုရင်လေးဆီ ရောက်လာတယ်။
” ကိုရင်…. လာနှုတ်ဆက်တာ” တဲ့
အချုပ်မှာ ရဲတွေအလုပ်ရှုပ်မစိုးလို့
ထောင်ထဲရောက်မှ ဖောက်ထွက်လာတာ
ခု ရှမ်းပြည်ဘက် ဇာတ်မြှုပ်ပြီး သွားနေတော့မယ်။ ဒီပညာရပ်နဲ့ ရှာဖွေထားတာတွေလည်း အတော်ပြည့်စုံနေပြီ။ ပညာကို စွန့်လွှတ်တော့မယ်။
ဒီတိုင်းစွန့်လို့မရဘူး။ တယောက်ယောက်ကို လက်ဆင့်ကမ်းပေးခဲ့မှရတာ။ ဒီတော့ ကိုရင်က စိတ်ဝင်စားပုံရလို့ အရင်ဆုံးလာပြောပြတာ။ လူထွက်ဖို့ အစီအစဉ်ရှိလား ? တစ်ရက်စဉ်းစား။ ပညာယူမယ်ဆို မနက်ဖြန်ည ……. ကိုလာခဲ့။ ကိုရင့်ပေးပြီးတာနဲ့ ထွက်သွားတော့မယ်။
” အဲ့တာနဲ့ ကိုရင်ကြီး နောက်နေ့ သွားယူရောလား”
” ဘယ်ကလာ။ သူ့တံတွေးမျို၊ မျက်နှာလိမ်းရမှာကြီး။ ဒါပေမယ့် လိုလည်းလိုချင်တယ်။ မနက်ကျတော့ ရွာမှာ မယ်တော်ကြီးဆုံးလို့ နေ့ချင်းလိုက်သွားရတာနဲ့ ဆက်မတွေ့ဖြစ်တော့တာ”
” ဟာ….. ဖုန်းနံပါတ်လေးတောင် မတောင်းထားလိုက်ဘူးလားကိုရင်ကြီးရာ”
” ပေါက်ပေါက်ရှာရှာ ဒကာကြီးရယ်။ အဲ့ခေတ်က ဆယ်လူလာတောင် မပေါ်သေးဘူး။ တောက်…. နောက်တခါတွေ့လို့ကတော့… ”
ကျွန်တော်လဲဘာမှဆက်မပြောတော့ပဲ အသာပြန်ထွက်လာလိုက်တယ်။ လူ့စိတ်ဆိုတာ ခတ်သားဗျ။ ဒီလိုအစွမ်းမျိုးကရရင်တော့လိုချင်သား။ ခင်ဗျားတို့ရော ရရင်ယူမှာမလား။