လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၅) ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ ရွှေတုံးများနှင့် ဒေါ်လာများ ခိုးယူခံခဲ့ရသောကြောင့် ရဲစခန်းတွင် ခိုးမှုဖြင့် အမှုဖွင့်တိုင်ကြားထားခဲ့သည်။ ရဲတပ်ဖွဲ့မှ ထိုသတင်းအတွက် စုံစမ်းဖော်ထုတ်ရန်ကြိုးစားနေစဉ် ဒဂုံမြို့သစ်မြောက်ပိုင်း (၃၄)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ရွှေဆိုင်တွင် လူနှစ်ဦးက ရွှေတုံးတစ်တုံးလျှင် (၁၀) ကျပ်သားခန့်ရှိသော ရွှေတုံး၂တုံးကို ပိုင်ဆိုင်မှု အထောက်အထားမရှိပဲ လာရောက်ရောင်းချနေကြောင်း သတင်းရရှိခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များဖြင့် သွားရောက်စစ်ဆေးရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅) ရပ်ကွက် တပင်ရွှေထီးလမ်း (ကျူး)နေ ကျော်နိုင်(ခ) ကျော်ကျော်နိုင် နှင့် ၎င်း၏ဇနီးဖြစ်သူ မီးမီး(ခ) ခိုင်ဇင်ဝင်းတို့ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ အဆိုပါရွှေတုံးအား ၎င်းတို့၏ တူတော်စပ်သူ အောင်ကျော်မြင့်က ရောင်းခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ အောင်ကျော်မြင့်ဆိုသူအား ထပ်မံဖမ်းဆီးစစ်ဆေးရာ ရွှေတုံးများနှင့် ဒေါ်လာများအား ညီဖြစ်သူဖြိုးဝေမင်းနှင့် ၎င်း၏သူငယ်ချင်း ခိုင်မြဲတို့ နှစ်ဦးမှခိုးယူခဲ့ခြင်းဖြစ်ကြောင်း ခိုးယူရရှိသော ရွှေတုံး (၆) တုံးအား ကျော်နိုင်နှင့် ရန်နိုင်စိုးတို့အား ရောင်းခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထွ့က်ဆိုခဲ့သည်။ ထို့ကြောင့် ရန်နိုင်စိုး၊ ခိုင်မြဲနှင့် ဖြိုးမင်းဝေ သုံးဦးတို့အား ဖမ်းဆီးစစ်ဆေးခဲ့သည်။
၎င်းတို့က လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၅) ရပ်ကွက်ရှိ နေအိမ် တစ်အိမ်အတွင်းမှ ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း၊ ရွှေတုံးရောင်းချ ရငွေများဖြင့် ဖြိုးဝေမင်း၏ မိခင် ဒေါ်သန်းသန်းအေး က ဦးစီး၍ ခိုင်မြဲ၊ အောင်ကျော်မြင့်တို့သည် သန်လျင်မြို့နယ်၌ မြေကွက် တစ်ကွက်အား ငွေကျပ်သိန်း ၈၀ ဖြင့် လည်းကောင်း၊ ရွှေထည်ပစ္စည်း ခုနစ်မျိုးနှင့် လက်ကိုင်ဖုန်းသုံးလုံးအား လည်းကောင်း၊ ဝယ်ယူ ထားရှိကြောင်းနှင့် ကျန်ရှိရွှေတုံး ၃၉ တုံးနှင့် အမေရိကန်ဒေါ်လာ ၁၀၀ တန် ၅၂ ရွက်အား ခိုင်မြဲ၏ နေအိမ် (ကျူး) တဲရှိ အမှိုက်များထားသော နေရာတွင် သိမ်းဆည်းထားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် သည်။
အမှုမှ သက်သေခံပစ္စည်း ရွှေတုံး တစ်တုံးလျှင် ၁၀ ကျပ်သားခန့်ရှိ ရွှေတုံး ၄၅ တုံး၊ အမေရိကန်ဒေါ်လာ ၁၀၀ တန် ၅၂ ရွက်၊ အင်ဒိုနီးရှား ငွေစက္ကူ ၃၆,၀၀၀၊ ရွှေတုံးရောင်းရငွေဖြင့် ဝယ်ယူထားသည့် ရွှေထည်ပစ္စည်း ခုနစ်မျိုး၊ လက်ကိုင်ဖုန်း သုံးလုံးတို့ကို ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ပြစ်မှု ကျူးလွန်သူ အောင်ကျော်မြင့်ပါ ခုနစ်ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေးအတွက်ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။