အိုဘားမားရဲ့ စာအုပ်အညွှန်း အရင်တစ်ပတ်က ထည့်အပြီးမှာ အခန်းဆက်ဘာသာပြန်ထည့်ပေးဖို့ တောင်းဆိုသူတွေ ပေါ်လာပါတယ်။ ဘာသာပြန်အခန်းဆက်ထည့်မယ့်အစား စာအုပ်တစ်အုပ်လုံးရဲ့ ကျောရိုးဖြစ်တဲ့ အမေရိကန်သမ္မတတစ်ဦး ဆုံးဖြတ်ချက်ချရပုံ Decision-making တွေ၊ သူဆုံးဖြတ်ချက် အကောင်းဆုံးချနိုင်ဖို့ နိုင်ငံက ဖန်တီးပေးထားတာတွေကို အညွှန်း ဒုတိယပိုင်းအဖြစ် ရေးလိုက်ပါတယ်။ ဆုံးဖြတ်ချက်ချနေရတဲ့ လူတိုင်းအတွက် အကျိုးရှိပါလိမ့်မယ်။
အမေရိကန်သမ္မတတစ်ယောက်ရဲ့ အဓိကအလုပ်ဟာ ဆုံးဖြတ်ချက်ချတာပဲဆိုရင် မှားမယ်မထင်ဘူး။ သေရေးရှင် ရေးကိစ္စတွေ၊ ကမ္ဘာနဲ့ချီတဲ့၊ နိုင်ငံနဲ့ချီတဲ့ ကိစ္စတွေကို သမ္မတဟာ တစ်နေ့တစ်နေ့ဆုံးဖြတ်နေရတယ်။ သာမန်လူတစ်ဦးလည်း နေ့စဉ်မှာ ဆုံးဖြတ်ချက်တွေချနေရတယ်ဆိုပေမယ့် အမေရိကန်သမ္မတရဲ့ ဆုံးဖြတ်ချက်တွေကတော့ လူသန်းပေါင်းများစွာ သိန်းပေါင်းများစွာရဲ့ ဘ၀တွေ၊ နိုင်ငံတွေရဲ့ ဘ၀တွေ ပါဝင် နေပါတယ်။ အာဖဂန်နစ္စတန်ကို အမေရိကန်တပ်တွေ တိုးချသင့်မသင့်၊ ဘဏ္ဍာရေးကပ်ဆိုက်လုနီးနီး ဖြစ်နေတဲ့ အမေရိကန်စီးပွားရေးကယ်ဖို့ ပြည်သူ့ဘဏ္ဍာငွေတွေကို ဘယ်လောက် ပမာဏထိ သုံးသင့်သလဲ၊ ဆင်းပေးဖို့ ပြည်သူလူထုက အုံကြွပြီး တောင်းဆိုခံနေရတဲ့ မဟာမိတ်နိုင်ငံ အီဂျစ်ရဲ့ အာဏာရှင်သမ္မတကို အမေရိကန်အနေနဲ့ ဆက်ထောက်ခံသင့် မသင့် ဆုံးဖြတ်ရတာတွေက အိုဘားမား သမ္မတသက်တမ်းတစ်လျှောက် ချခဲ့တဲ့ များစွာသော ဆုံးဖြတ်ချက်တွေထဲက နှစ်ခု၊ သုံးခုပဲဖြစ်တယ်။ အီဂျစ်ကိစ္စမှာ သူချခဲ့တဲ့ဆုံးဖြတ်ချက်ကြောင့် အီဂျစ်နိုင်ငံ ပြောင်းလဲသွားရုံသာမက အရှေ့ အလယ်ပိုင်းနိုင်ငံရေးရော၊ တစ်ကမ္ဘာလုံးရဲ့ နိုင်ငံရေးလမ်းကြောင်းပါ ပြောင်းသွားခဲ့တယ်။ အမေရိကန်ဘဏ္ဍာရေးဆိုင်ရာ သူ့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်စီးပွားရေးကို ပြန်ဆယ်မနိုင်ခဲ့သလို ကမ္ဘာ့စီးပွားရေးကိုလည်း ထောက်မပေးနိုင်ခဲ့တယ်။
အကျိုးဆက် ကြီးမားပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေကို အမေရိကန်သမ္မတအနေနဲ့ ဆုံးဖြတ်နိုင်ဖို့ သူ့ကိုစနစ်က ထောက်ပံ့ပေးထားတယ်။ အိမ်ဖြူတော်ကိုပဲကြည့်ပါ။ အိမ်ဖြူတော်ဟာ ရုံးနဲ့အိမ်ပေါင်းထားတာပါ။ သမ္မတဟာ အလုပ်လုပ်ပြီး အိမ်ပြန်ချင်ရင် တစ်မိနစ်ဆို သူ့အိမ်ပြန်ရောက်ပြီ။ အစည်းအဝေးတွေ မပြီးပြတ်သေးရင် သူက လက်ထောက်ဖြစ်တဲ့ ဒုသမ္မတအပါအဝင် ဝန်ကြီးတွေကို စဉ်းစားခိုင်းထား၊ အဖြေတွေ ရှာခိုင်းထားပြီး သူက အပေါ်တက် ရေမိုးချိုး၊ ထမင်းစားပြီး ပြန်စဉ်းစားလာပြီးမှ အဆုံးအဖြတ်ပေးလို့ရတယ်။ သမ္မတရဲ့ ဆုံးဖြတ်နိုင်စွမ်းကောင်းအောင် ပံ့ပိုးရင်း အိမ်ဖြူတော်ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍဟာလည်း ကြီးလာရသလို လူအရေအတွက်လည်း များလာပါတယ်။ အိမ်ဖြူတော် အခန်းကဏ္ဍကြီးလာတာကြောင့် တစ်ဖက်မှာလည်း အလျှော့အတင်းတွေ ရှိတယ်။ ဥပမာ သမ္မတရဲ့ အိမ်ဖြူတော် အခြေစိုက်အကြံပေးတွေဟာ သမ္မတနဲ့ နေ့တဓူ၀ထိတွေ့ကြရတဲ့အတွက် သမ္မတနားပေါက်အောင် ပြောနိုင်ပြီး သူတို့ရဲ့ မူဝါဒ သက်ရောက်မှုကကြီးတယ်။ ဝန်ကြီးဌာနတွေကို ဦးဆောင်တဲ့ ဝန်ကြီးတွေခမျာမတော့ သမ္မတနဲ့တွေ့ခွင့်ရဖို့တောင် မနည်းကြိုးစားကြရတယ်။ အဲဒါကြောင့် အိမ်ဖြူတော်ကြီးစိုးတာကို အမေရိကန်မှာ ဝေဖန်သူတွေရှိလာတယ်။
ပစ္စည်းကိရိယာမျိုးစုံပါတဲ့ အမေရိကန်သမ္မတစီးတဲ့ Air Force One လေယာဉ်ကြီးရှိတာတော့ အမေရိကန် သမ္မတတွေရဲ့ ဆုံးဖြတ်နိုင်စွမ်းမှာ တစ်အားပါပဲ။ အမေရိကန် သမ္မတတွေဟာ ကမ္ဘာမှာ ကိုယ့်နိုင်ငံ အပြင်အထွက်ဆုံး နိုင်ငံ့ခေါင်းဆောင်တွေပါ။ တစ်ကမ္ဘာလုံးမှာ သူတို့အကျိုးစီးပွားရှိတဲ့အတွက် အာရှ၊ ဥရောပ၊ တောင်အမေရိက၊ အာဖရိက ဒေသအသီးသီးကို ပုံမှန်ချစ်ကြည်ရေးခရီးသွား၊ ဒေသဆိုင်ရာ စုံညီအစည်းအဝေးတွေ တက်ကြရတယ်။ ဒီလေယာဉ်ကြီးပေါ်မှာတင် သမ္မတဟာ ကမ္ဘာအရပ်ရပ်က အချက်အလက်တွေ အကုန်ရ၊ သူ့လက်ထောက်တွေနဲ့တောက်လျှောက်ဆက်သွယ်၊ လေယာဉ်ပေါ်မှာပါလာတဲ့ အဖွဲ့တွေနဲ့ အစည်းအဝေးတွေ ထိုင်ပြီး ဆုံးဖြတ်ချက်တွေကို အိမ်ဖြူတော်မှာလိုပဲ အဆက်မပြတ် ထိထိရောက်ရောက် ချမှတ်နိုင်တယ်။
ဆုံးဖြတ်ချက်ကောင်းကောင်းတွေ ချနိုင်ဖို့အတွက် အိုဘားမားက သူ့အဖွဲ့ကို စီမံထားတာလည်း အတုယူစရာပါ။ ဆုံးဖြတ်ချက်မချခင်မှာ ဒုသမ္မတဘိုင်ဒင်၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ၊ ကာကွယ်ရေးဝန်ကြီးဂိတ်စ် စတဲ့ သူ့အဖွဲ့သားတွေရဲ့ အမြင်ကို အကုန်နားထောင်တယ်။ အဲဒီလို နားထောင်တဲ့ အခါမှာ ရာထူး အကြီး၊ အငယ် မရှိဘူး၊ အိမ်ဖြူတော်ခုမှရောက်စ အငယ်တန်းဝန်ထမ်းကလည်း ဝင်ပြောလို့ရတယ်၊ သူ့အမြင် ကိုယ်သူတင်ပြခွင့်ရှိတယ်။ အိုဘားမားကလည်း အားလုံးရဲ့ အမြင်ကို လေးလေးစားစားနားထောင်တယ်။ သူ့အဖွဲ့သားတွေရဲ့ အကြံပြုချက်တွေထဲမှာ ဘယ်အကြံပြုချက်ကိုမှ ချက်ချင်း ပယ်မချမိအောင် သတိထားတယ်လို့ အိုဘားမားကရေးထားတယ်။ အိုဘားမားက သူ့အဖွဲ့သားတွေရဲ့ အကြံပြုချက်တွေကို စဉ်းစားတဲ့အခါမှာ သူတို့ရဲ့ စရိုက်တွေကို သိအောင်လုပ်ထားပြီး အမြဲထည့်တွက်လေ့ရှိတယ်။ ဥပမာ သူ့ရဲ့ နိုင်ငံတော် လုံခြုံရေးကောင်စီထဲမှာ ဘယ်သူကတော့ “ချမယ်၊ တိုက်မယ်” ဆိုတဲ့ Hawk တွေလဲ၊ ဘယ်သူကတော့ဖြင့် “စေ့စပ်ညှိနှိုင်းတာကို အားသန်တဲ့” Dove တွေလဲဆိုတာ အိုဘားမားက လေ့လာထားတယ်။ အီရန်က အရှေ့အလယ်ပိုင်းမှာ နိုင်ငံရေး ကစားနေပြီဆိုရင် အမေရိကန်က တုံ့ပြန်သင့်တဲ့နည်းကို သူ့အဖွဲ့ဝင်တွေ အကြံပေးရင် Dove က ပေးတာလား၊ Hawk က ပေးတာလားပေါ့။ Hawk ကိုယ်တိုင်က စေ့စပ်ဆွေးနွေးဖို့ အကြံပေးနေပြီဆိုရင် စေ့စပ်ဆွေးနွေးသင့်တဲ့ဘက်က အလေးအတော်သာသွားပြီ။
အမေရိကန်သမ္မတလို နိုင်ငံ့ခေါင်းဆောင်တွေဟာ အလုပ်ပေါင်းစုံကို တစ်ပြိုင်ထဲလိုလို လုပ်နေရတဲ့ Multitasker တွေ ဖြစ်တယ်။ သူတို့ဟာ ဆပ်ကပ်ထဲမှာ ဘောလုံး ငါးလုံးကို လေပေါ်မြှောက်ကစားနေတဲ့သူနဲ့ ဆင်ဆင်တူတယ်။ ဒါ့ကြောင့် ဆုံးဖြတ်ချတဲ့အချိန်မှာ စိတ်ကိုရှင်းထားပြီး ဆုံးဖြတ်ချက်ချရတယ်၊ အဖြစ်အပျက်တွေ စိတ်ခံစားမှုတွေ ရောသွားလို့မရဘူး။ ကိစ္စကြီးတစ်ခုကြောင့် စိတ်ညစ်တာက ဆုံးဖြတ်ချက်အသစ်ချချိန်မှာ ပါလာလို့မရဘူး။ ဒါ့ကြောင့် စိတ်ညစ်ရင် စိတ်ညစ်တာကို အဲဒီကိစ္စအတွက်ပဲ ထားတယ်လို့ အိုဘားမားက ပြောပါတယ်။ ဥပမာ အမေရိကန်ကမ်းလွန် ပင်လယ်ပြင်မှာ ရေနံတွင်းတူးစင်ကြီးပေါက်ကွဲလို့ ရေနံတွေ အများကြီး ပင်လယ်ထဲရောက်ပြီး အမေရိကန်ကမ်းရိုးတန်းကို ညစ်ညမ်းနေတာကြောင့် အိုဘားမားစိတ်ပျက်နေပေမယ့် အမေရိကန်လွှတ်တော်ခေါင်းဆောင်တွေနဲ့တွေ့ပြီး မူဝါဒဈေးဆစ်ကြ ငြင်းကြချိန်မှာ အဲဒီစိတ်ကို သယ်လာလို့မရဘူး။ အိုဘားမား ဘရာဇီးကို ပထမဆုံးရောက်ပြီး သမ္မတနဲ့ တွေ့နေချိန်ဟာ ကဒါဖီရဲ့ လစ်ဗျားကို အမေရိကန်က တိုက်ဖို့ ပြင်ဆင်နေပြီး အိုဘားမားရဲ့ အမိန့်ကိုစောင့်နေချိန်လည်း ဖြစ်နိုင်တယ်။
အမေရိကန်သမ္မတတွေမှာ ဆုံးဖြတ်ချက်ချလို့ အကောင်းဆုံးအချိန်ဆိုတာ မရှိပါဘူး၊ ရွှေ့ဆိုင်းထားလို့လည်း မရပါဘူးတဲ့။ အကြမ်းဖက်သမားတွေက ဗုံးဖောက်ဖို့ နေ့ကောင်းရက်သာ ရွေးမနေဘူး၊ ရေနံတွင်းတူးစင်ကလည်း မနက်ဖြန်မှ ပြိုမယ်လို့ ရက်ချိန်းမပေးဘူး။ အဖြစ်ဆိုးတွေကလည်း တစ်ခုထဲမလာဘဲနဲ့ ပြုံကျလာတတ်တယ်၊ မတတ်နိုင်ဘူး ရှင်းပေတော့ပဲတဲ့။ ဒါ့ကြောင့် ဆုံးဖြတ်ချက်ချမယ်ဆိုတာနဲ့ စိတ်ကို ကြည်ကြည်လင်လင်ဖြစ်အောင် ချက်ချင်းထားနိုင်ဖို့ လိုပါတယ်။
ဆုံးဖြတ်ချက်ချတာဟာ အနုပညာဖြစ်ပြီး လူတိုင်းမှာ သူ့ဟန်နဲ့သူရှိပေမယ့် အိုဘားမားလို မဟာဆုံးဖြတ်ချက်တွေ မရေမတွက်နိုင်အောင် ချခဲ့သူရဲ့ အတွေ့အကြုံတွေကနေ အများကြီးလေ့လာသင်ခန်းစာယူနိုင်ပါတယ်။ စက်တင်ဘာ ၁၁ ဖြစ်ရပ်နဲ့ အမေရိကကိုတိုက်ခိုက်ခဲ့တဲ့ အိုစမာဘင်လာဒင်ကို ပါကစ္စတန်နယ်မြေထဲမှာ ရှင်းပစ်ဖို့နဲ့ ရှင်းမယ့်နည်းကိုပါ အိုဘားမား ဆုံးဖြတ်ခဲ့ပုံကိုတော့ A promised land ဖတ်တဲ့အခါမှာ အချိန်ပေး ဖတ်ကြည့်သင့်တယ်။
ဇေယျသူ