ရွှေ့ပြောင်း အခြေချသူ ၃၉ ဦး သေဆုံးမှုမှာ စွဲချက်တင်ခံရသူတွေ အပြစ်ရှိကြောင်း ဗြိတိန် တရားရုံး ဆုံးဖြတ်
ရွှေ့ပြောင်း အခြေချသူ ၃၉ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူ ၂ ဦးမှာ
အပြစ်ရှိတာ ထင်ရှားကြောင်း ဗြိတိန် တရားရုံး တစ်ခုက စီရင်ချက် ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ဗြိတိန်နိုင်ငံ၊ အက်ဆက်စ်ဒေသမှာ ရပ်နားထားတဲ့
အအေးခန်း ကုန်တင်ကားကြီး တစ်စီးရဲ့ နောက်တွဲထဲမှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူ ၃၉ ဦး
အစုအပြုံလိုက် သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ဥရောပကို စွန့်စား ထွက်ခွာလာပြီး
အခြေချ နေထိုင်ဖို့ ကြိုးစားကြသူတွေ ကြုံနိုင်တဲ့ အန္တရာယ်တွေကို ထင်သာမြင်သာ
သိမြင်လာစေသလို ဗြိတိန် လူ့အဖွဲ့အစည်းကိုလည်း ချောက်ချားသွားစေခဲ့ပါတယ်။
အခုတော့ ဘယ်လ်ဂျီယမ်က ဆိပ်ကမ်း တစ်ခုမှာ အဲဒီ နောက်တွဲကို လက်ခံယူထားတဲ့
အသက် ၂၄ နှစ်အရွယ် အီမွန်း ဟာရစ်ဆန်နဲ့ လူမှောင်ခိုသမား အသက် ၄၃ နှစ်အရွယ် ဂျော်ဂျီ နစ်ကာတို့ နှစ်ဦးဟာ
လူတွေ သေဆုံးမှုမှာ ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
နောက်ထပ် ၂ ဦးကိုလည်း လူမှောင်ခိုမှုကို သွယ်ဝိုက်ကူညီတဲ့အတွက် အပြစ်ရှိကြောင်း သတ်မှတ်လိုက်ပါတယ်။
သေဆုံးသူတွေဟာ ဗီယက်နမ်ကနေ ဗြိတိန်ကို စွန့်စား ထွက်ခွာလာသူတွေ ဖြစ်ကြပြီး
အလုံပိတ် နောက်တွဲထဲမှာ အသက်ရှူ ကျပ်တာရယ်၊ အလွန်အကျွံ ပူပြင်းတာရယ်တွေကြောင့်
အသက်ဆုံးရှုံးသွားခဲ့တာလို့ ရဲတွေက စိစစ် တွေ့ရှိထားပါတယ်။
ထရပ်ကားကို တာဝန်ယူ မောင်းနှင်ခဲ့တဲ့ ခရစ္စတိုဖာ ကနေဒီကလည်း စွဲချက် အတင်ခံခဲ့ရပြီး
သူကတော့ နောက်တွဲထဲမှာ စီးကရက်တွေ တင်ဆောင်လာတယ်လို့သာ သိရှိထားကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ လူမှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်နေသူ တချို့ကို စစ်ဆေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကလည်း နောက်ထပ် သံသယ တရားခံ သုံးဦးက ရွှေ့ပြောင်း အခြေချသူတွေ
သေဆုံးမှုမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပါတယ်။ အသက် ၁၅ နှစ်ကနေ ၄၄ နှစ်ကြား အရွယ်တွေ ရှိကြတဲ့
ရွှေ့ပြောင်း အခြေချသူတွေဟာ အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက်လောက် မြင့်မားတဲ့
နောက်တွဲထဲမှာ အလုံပိတ်လျက်သားနဲ့ အနည်းဆုံး ၁၂ နာရီလောက် ရှိနေခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။
ရဲတွေက လူမှောင်ခို အဖွဲ့ဟာ ပထမတစ်သုတ် ပို့ဆောင်မှုမှာ အဆင်မပြေလို့
ဒုတိယ အသုတ်အဖြစ် ထရပ်ကား နောက်တွဲထဲမှာ ရွှေ့ပြောင်း အခြေချသူ ၃၉ ဦး ပြွတ်သိပ် ထည့်ပေးလိုက်ရာက
ဆိုးရွားတဲ့ လွဲချော်မှုတွေ ကြုံသွားတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။
လန်ဒန် မြောက်ပိုင်း၊ တော့တင်ဟမ် တရားရုံးက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ အပြီးသတ် စီရင်ချက်တွေကို
လာမယ့် နှစ်ဆန်းပိုင်းမှာ ချမှတ်ဖို့ ရက်ချိန်း သတ်မှတ်လိုက်ကြောင်းလည်း သိရပါတယ်။
Source : 7Day News
Photo : Google