အနောက်နိုင်ငံသားတွေက ပြောတယ်။ ကိုယ်တို့ အာရှကလူတွေဟာ မိန်းမတွေကို တော်တော်နှိမ်တယ်တဲ့။ ဟုတ်မှာပါ။ တရုတ်ကြီးတွေဆီမှာ သမီးမိန်းကလေးဟာ မိဘမျိုးရိုးတောင် ဆက်ခံခွင့်မရဘူး။ အိမ်ထောင်ကျရင် သူ့ယောက်ကျားအိမ်က ပိုင်သွားပြီ။ ဘာဘူကြီးတို့ မာမူကြီးတို့ဆီမှာရော။ လင်သေတဲ့မုဆိုးမများဟာ အလိုလိုဇာတ်နိမ့်တွေနဲ့ တတန်းတည်းဖြစ်သွားပြီး လူသူလေးပါးအကြား မဝင်ဆန့်တော့ဘူး။ မထိအပ် မကိုင်အပ်သော အမင်္ဂလာလူသားတစ်ဦးအဖြစ် မြင်ကြတယ်။
ယောက်ကျားဖြစ်အောင် ဆုတောင်းလေ ဆုတောင်းလို့ ဆိုချင်တာ။ သူလည်း ကိုယ်ပိုင်ပစ္စည်းတစ်ခု ကိုယ်လည်း ကိုယ်ပိုင်ပစ္စည်းတစ်ခုနဲ့ လူသားအချင်းချင်းကိုတောင်မှ ကိုယ်တို့ယောက်ကျားတွေက မူလအစပထမ။ သူတို့မိန်းမတွေကတော့ Second Sex ဆိုပဲ။ တတ်နိုင်ဘူးလေ။ ဘုရားသခင်က သူ့အရင် ဖန်ဆင်းတာမှ မဟုတ်ပဲကိုး။ အဲ့လိုဆိုတော့ Misogynist လို့ အပြစ်တင်ချင်သပဆို ဘုရားသခင်က အရင်စဖို့ပဲ ရှိတယ်။ အေးလေ နို့ သူ့မှာ
“ငါ အိုက်နံရိုးကလေးကို ကင်စားလိုက်ရမလား ဟင်” လို့ Approval ယူစရာ ဘုရားသခင်ကတော်မှ မရှိပဲကိုး။ ယောက်ကျားဖန်ဆင်းတဲ့ကမ္ဘာမို့ အခုလို မပြည့်စုံတာနေမှာပါလေ။ မိန်းမဘုရားသခင်များဖန်ဆင်းရင်
ဘေဘီပင့်ကောင်းကင်ကြီးအောက်မှာ ခရမ်းပြာရောင်မြေသားနဲ့လေညှင်းကလေးတွေပါ ကာလာခြယ်ပြီး လွှတ်လိုက်တော့ ဘယ်လောက်သာယာသလဲ။
မိန်းမများမှာ ယောက်ကျားတွေဆီမှာ မရှိတဲ့ စွမ်းရည်သတ္တိ နဲ့ သဘောသဘာဝတွေ ရှိတယ်။ ဒါကြောင့် ယောက်ကျားနဲ့ မိန်းမဆိုတာ နှိုင်းယှဉ်ခွဲခြား ရွေးခြယ်စရာ မဟုတ်ဘူး။ မိတ်ဘက်သဘော တဦးကို တစ်ဦး ဖြည့်ဆည်း ပူးပေါင်းအပ်သောအရာသာဖြစ်တယ်။ မိန်းမတွေကို နေရာမပေးပဲ ကန့်သတ်တားဆီးထားလို့ အကျိုးမရှိဘူး။ အကျိုးယုတ်ဖို့သာရှိမယ်။ သူတို့လုပ်တဲ့အလုပ်တွေ ကိုယ်မလုပ်နိုင်တာအများကြီး ရှိတယ်။ ကုန်ကုန်ပြောရစေ့ဆို မထက်ကြီး ဘယ်လိုပဲ ခွဲစိတ်ပြုပြင်ထားစေကာမူ ကလေးမွေးဖို့ကတော့ မဖြစ်နိုင်ဘူး မဟုတ်လား။ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ မိန်းမတွေကို ဘယ်လိုပဲ ပစ်ပယ်ထား ပစ်ပယ်ထား။ တကယ်အရည်အချင်းရှိတဲ့ မိန်းမတွေဟာ ယောက်ကျားသားများအပေါ် လွှမ်းမိုးချုပ်ကိုင်ပြီး မိုးစွန်တမွတ် ကြယ်ကိုဆွတ်ကြတဲ့ သာဓကတွေ ရှိတယ်ကွယ်။ သည်တစ်ခါတော့ ကိုယ့်သမီးကလေးကို အဲသည် မိန်းမတံခွန် လူရည်ချွန်တွေအကြောင်း ပြောပြချင်မိတယ်။
တကယ်က နိုင်ငံရေးမှာ တရားဝင်အာဏာယူထားကြတာက မိန်းမတွေဗျ။ ခုတော့မသိဘူး။ ဟိုးရှေးဘုရင်ခေတ်တုန်းကတော့ သေချာတယ်။ မိန်းမတွေက အာဏာယူထားတာပဲ။ ဟုတ်တယ်လေ။ စဉ်းစားကြည့်ပါလား။ ဘုရင်ဆိုတာ အစဉ်အလာအရ မျိုးရိုးဆက်ခံရတာ။ မိန်းမတွေက မိဖုရားနေရာ ရဖို့ပြိုင်ကြရတာဆိုတော့ ယောကျ်ားတွေထက် ထက်ကြမှာပေါ့လေ။ အဲဒါကြောင့် ရှေးခေတ် ကိုရီးယားကားတွေ တရုတ်ကားတွေမှာ မိဖုရားတွေက နန်းတွင်းရေးကို ကြိုးကိုင်ထားကြတာနေမှာ။ အခု တရုတ်ပြည်ကြီးက ဆုံညီအမ သုံးဖော်အကြောင်း ပြောပြမယ်။
အဲ့ဒီအမ ျိုးသမီးတွေ တော်တော်များများကတော့ ဒေါက်တာမတင်ဝင်းကြီး ရေးပြီးပါပြီ။ “ရာဇဝင်ထဲက မိန်းမသားများ” ဆိုပြီး။ အလွန်ဖတ်လို့ကောင်းတဲ့ စာအုပ်ပေါ့။ ယောက်ကျားတွေကို ကလေးကစားစရာလေးလိုသဘောထားပြီး “ငါဘျင်မ အသဲများဟက်တက်ကွဲရမယ်။” ဆို အိုင်တွေ့တိုင်း ခြေဆေးသွားတဲ့ ရုရှားက ဇာဘုရင်မကြီး မဟာကက်သရင်းတောင် ပါတယ်လေ။ မိန်းမသားတွေ နိုင်ငံရေးကို လှုပ်ကိုင်ကစားလာနိုင်တာ သူတို့အနောက်နိုင်ငံတွေတင် မကပါဘူး။ ကိုယ်တို့ဆီမှာလည်း “ခေါင်ဘုရားသဘော ခေါင်ဘုရားသဘော” နဲ့ အရေးကုန်လွှဲအပ်ထားသူ ထီးဘုရားကိုယ်တော်ကြီးတွေ ရှိခဲ့တယ်။ အိန္ဒိယအကြောင်း
ရေးတုန်းက နူးရ်ဂျဟန်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ မင်းကွန်း၊ အင်းဝ၊ မန္တလေးကိုတက်တုန်းကလည်း နန်းမတော်ဘုရား၊ ဆင်ဖြူမရှင် မယ်တော်နဲ့ စုဘုရားလတ် မိဘုရားခေါင်ကြီးအကြောင်း ပြောခဲ့ဖူးတယ်။ သည်တစ်ခါတော့ ကိုယ်တို့မြောက်ဘက် တရုတ်ပြည်ကြီးက မိန်းမသားသုံးယောက်အကြောင်း
ပြောချင်တယ်။ ဟိုးတုန်းကတော့ ကမ္ဘာကျော်တဲ့ အာဂမိန်းမတွေပါလေ။ သူတို့ကို ဆုံညီအမတတွေ လို့ သိကြတယ်။ နံမည်တွေကတော့ ဆုံအားလင်၊ ဆုံကျင်းလင် နဲ့ ဆုံမေလင် တဲ့။
ဆုံဆုံတို့ ညီအမတတွေရဲ့ ဖေဖေက ချာလီဆုံ လို့ ခေါ်တယ်။ တရုတ်ပြည်မှာ ရှင်ဘုရင်ခေတ် မကုန်ခင်ကတည်းက အမေကြီးကားကို ပညာသွားသင်ခဲ့တဲ့ တရုတ်သူဌေး ဆိုပါတော့။ ပြန်လာတော့ ဘဏ်လုပ်ငန်းနဲ့ စာပုံနှိပ်လုပ်ငန်းတွေလုပ်ပြီး ကြီးပွားချမ်းသာလာသတဲ့။ မက်သဒစ်ခရစ်ယာန်သာသနာပြုလုပ်ငန်းတွေ တဘက်ကလုပ်သလို တဘက်ကလည်း ဒေါက်တာဆွန်ယက်ဆင်ရဲ့ တရုတ်အမျိုးသားပါတီကို လူအားရောငွေအားရော တခဲနက်ထောက်ခံခဲ့သတဲ့။ အဲ့ဒီအချိန်က တရုတ်ပြည်ရဲ့နောက်ဆုံးမင်းဆက် ပုရီ ရှိသေးတယ်။ အင်အားချိနဲ့စပြုလာတဲ့ ပဒေသရာဇ်လက်ကျန်တွေကို ထက်မြက်တက်ကြွသူ ဆွန်ယက်ဆင်က ဦးစီးပြီး ပြည်သူ့တော်လှန်ရေးလုပ်နေစဉ်အချိန်ပေါ့။ တရုတ်လူငယ်တွေ ဦးပြည်းတခြမ်းရိတ် ကျစ်ဆံမြီးအရှည်ကြီးနောက်မှာ တန်းလန်းထားတဲ့ခေတ်မှာ ဆုံတို့ဖေဖေ အမျှော်အမြင်ကြီးပုံများကတော့ သမီးသုံးယောက်စလုံးကို အမေရိကားပို့ပြီး ကျောင်းထားပစ်တယ်။ အကြီးဆုံးဖြစ်တဲ့ မမဆုံအဲလင်ကမှ ဆယ့်လေးနှစ် ရှိသေး။ အဲ့ဒီအချိန် သူများတရုတ်မကလေးတွေ အိမ်တွင်းပုန်းပြီး ခြေထောက်ကလေးတွေသေးအောင် ချိုးလို့ထုပ်လို့ကောင်းနေတုန်း၊ လင်ပေးစားတဲ့အချိန် ယောက္ခမဘက်က လက်ဖွဲများများတင်တောင်းချင်အောင် ဗိုင်းကောင်းကျောက်ဖိ နေကြတုန်း ရှိသေးတယ်။ ဖအေလုပ်သူဟာ အဲ့သည်အချိန်ကတည်းက သူ့သမီးလေးတွေ ကြီးလာရင် သာမာန်မိန်းကလေးတွေ လုံးဝမဖြစ်စေရဘူးဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ ဒါကြောင့် အမေဖြစ်သူ ရင်ကွဲပက်လက်တားတဲ့ကြားက
နိုင်ငံခြားပို့ဖြစ်အောင်ပို့ပြီး ပညာသင်စေတယ်။ ညီအမသုံးယောက်စလုံး ဘွဲ့ရခဲ့ကြတယ်။ အိမ်ကိုလည်း တန်းတန်းမတ်မတ် ပြန်ကြတယ်။
ငယ်လည်းငယ် လှလည်းလှ၊ အမေရိကမှာ ကောလိပ်သွားတက်ခဲ့တယ် ဆိုတဲ့ သူဌေးသမီးအပျိုစင်ကလေးတွေမှ တရုတ်ပြည်မှာ ဟိုးဟိုးမကျော်ရင် ဘယ်သူတွေကျော်ကြားစရာ ရှိမလဲကွယ်။ တရုတ်မလေးတွေသာဆိုတယ် တရုတ်ပုံမပေါက်ပဲ အမေရိကန်ပုံပေါက်နေအောင် ခေတ်မီလှပနေတာ မဟုတ်လား။ နတ်ရေးတဲ့ဖူးစာဆိုတာ သူတို့အတွက် လိုတောင်မလိုဘူး။ တရုတ်ပြည်မှာ အချမ်းသာဆုံး တရုတ်သတို့သားလေးနဲ့ မမဆုံအဲလင် အိမ်ထောင်ကျသွားတော့ သူတို့နေတဲ့အိမ်မှာ အခိုင်းအစေ လူလေးရာတောင် ရှိတာတဲ့။ အဲ့သည်ခေတ်က တရုတ်ပြည်မှာ အချမ်းသာဆုံး အမျိုးသမီးဆိုရင် ဆုံအဲလင်ကလွဲလို့ ပြစရာကို မရှိသလောက်ပဲတဲ့။ ဆိုလိုတာက သူဌေးကိုယူပြီး မီးဖိုချောင်ထဲ ပစ်ဝင်သွားတာ မဟုတ်ပဲ သူကိုယ်တိုင် စီးပွားရေးကို ဦးစီးဦးဆောင်လုပ်ခဲ့တာ လို့ ပြောချင်တာ။ ပိုပြီးချီးကျူးစရာကောင်းတာက မယ်မင်းကြီးမဟာ “ငွေ ငွေ ငွေ ငွေ၊ ငါ့ပိုက်ဆံ ငါ့ပိုက်ဆံ” ဆိုပြီး ပိုက်ဆံနောက်ကို ငမ်းငမ်းတက် လိုက်သွားတာ မဟုတ်ဘူး။ တရုတ်ပြည်မကြီးရဲ့
ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လူရောငွေရော တက်တက်ကြွကြွ ပါဝင်ဦးဆောင်ခဲ့ပြန်တယ်။ တရုတ်ပြည်ရဲ့ ပထမဦးဆုံး စက်မှုလက်မှု သမဝါယမလုပ်ငန်းကလေးတွေ ထူထောင်ပြီး အောင်မြင်အောင် လည်ပတ်စေခဲ့တယ်။ အိမ်ထောင်မကျခင် အချိန်အထိလည်း
ဒေါက်တာဆွန်ယက်ဆင်ဆီမှာ အတွင်းရေးမှူးအဖြစ် နိင်ငံရေးတာဝန်တွေ ယူခဲ့သေးတယ်လေ။ သူအိမ်ထောင်ပြုတော့မှ ညီမဖြစ်သူ ဆုံကျင်းလင်ကို အဲ့ဒီအလုပ်တွေ လွှဲပေးခဲ့တာ။
သမိုင်းပေးတာဝန်ဆိုတာ ယူရတာပလေ။ ညီမလတ်ဖြစ်သူ ဆုံကျင်းလင်ဟာ သူ့အမပေးတဲ့ တာဝန်တွေကို စိတ်ရောကိုယ်ပါ အားကြိုးမာန်တက် ထမ်းဆောင်ရင်း ကလေးဘဝကတည်းက သူရဲကောင်းသဖွယ် လေးစားကြည်ညိုခဲ့တဲ့ ဆွန်ယက်ဆင်ကြီးဆီမှာ မစွန်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်း ငြိသွားလေတော့သတဲ့။ သူ့သမီး အပျိုနုနုထွတ်ထွတ်ကလေးကို ပန်းကောင်းအညွန့်ချိုး လုပ်ရပါ့မလား
ဆိုပြီး ဆွေ့ဆွေ့ခုန် ရင်ကွဲပက်လက် ဖြစ်သွားသူကတော့ ဒယ်ဒီကြီး ချာလီဆုံပါပဲတဲ့။ ဆွန်ယက်ဆင်ဆိုတာ သူ့သူငယ်ချင်းအရင်းကြီး။ ရှေ့မှာလည်း မိန်းမနှစ်ယောက်တောင် ရဖူးထားတယ်။ သူ့သမီးထက်လည်း အသက်အစိတ်ကျော်ကျော် ကြီးသေးတာ မဟုတ်လား။ ဖအေကိုယ်တိုင်တက်ဖျက်တဲ့ မင်္ဂလာပွဲမှာ “သိကြားမင်းဖျက်တောင် မပျက်နိုင်ပါဘူးရှင်” ဆို ဖြတ်ချင်းဖြတ် အဖေနဲ့ပဲ ပြတ်တော့မယ်လို့
ပြတ်သားသွားသူကြီးကတော့ သမီးအလှ အလိမ်မာကလေး ဆုံကျင်းလင်ပါပဲ။ တော်လှန်ရေးစိတ်ဓါတ် အပြည့်ရှိပါပေတယ်။ သူကိုးကွယ်မိတဲ့ ဘုရားတစ်ဆူ ဂူတစ်လုံးကြီးကို သေသည်အထိ ဦးလည်မသုန် နောက်တော်ပါးက တစ်ဖဝါးမခွာ ပါရမီလိုက်ဖြည့်ရှာတယ်။ တောထဲသွားရင် တောထဲလိုက်တယ်။ တိုက်ပွဲတွေကြားထဲ သွားရင် တိုက်ပွဲတွေထဲအထိ လိုက်တယ်။ နောက်ဆုံးမှာ ဆွန်ယက်ဆင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပထမဦးဆုံးသမ္မတဖြစ်တဲ့အခါ သူကလည်း မဒမ်ဆွန်ယက်ဆင်ဆိုပြီး First Lady ဖြစ်လေတယ်။
သမ္မတကတော်ဖြစ်မှ သူ့ရဲ့အစွမ်းအစတွေက ပိုပြောင်မြောက် လာသေးတယ်။ သူတို့တရုတ်ပြည်က ပထမဦးဆုံးလေယာဉ်ပျံ စထုတ်တဲ့အခါ စမ်းသပ်ပျံသန်းတဲ့ ပိုင်းလော့နဲ့အတူ မကြောက်မရွံ့ လေယာဉ်ပျံလိုက်စီးပြတယ်။
နိုင်ငံရေးအရ ဘယ်အချိန်မှာ ဘယ်အကွက်ကိုနင်းရမယ်ဆိုတာ လှစ်လှစ်ကလေးနေအောင် သိတယ်။ သိလွန်လွန်းလို့ သူ့ယောက်ကျား ကွယ်လွန်ပြီးနောက်မှာတောင် ဒုတိယသမ္မတအဖြစ်နဲ့ ဦးစီးဦးဆောင် လုပ်နေရပြန်တယ်။ ကိုယ်တို့ဆီက ဦးနုကြီးတောင် သူ့ဆီသွားတွေ့ပြီး အကြံဉာဏ်တွေ ယူရသေးသတဲ့။ နောက်ပိတ်ဆုံး သူမကွယ်လွန်ခင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပထမဦးဆုံး ဂုဏ်ထူးဆောင် သမ္မတကြီးတောင်
ဖြစ်သွားလေရဲ့။ သူ့ဦးနှောက်နဲ့ သူ့အကြံဉာဏ်တွေကို လေးစားလွန်းလို့ သူနဲ့အတိုက်အခံ သူ့ရန်သူတွေကတောင် သူ့ကိုမသေစေချင်ဘူး။ လုပ်ကြံမယ့်လူလွှတ်ရင် မသေစေနဲ့။ ကျိုးရင်ပဲ့ရင် တော်ပြီ ဆို မှာလွှတ်တယ်။ သတ်မယ်ဆိုတဲ့သူကလည်း သူ့ရှေ့ရောက်ရင် မသတ်ရက်တော့ဘူး။ ကျည်ဆံကလေး လက်ထဲထည့်ပေးပြီး သူတို့ပြသနာသူတို့ပြန်ရှင်းကြတယ်။
သူက ဘာတွေတော်နေသလဲဆိုတော့ အမျှော်အမြင်ရှိတာပါ။
တော်လှန်ရေးပြီး တရုတ်ပြည်မှာ အမျိုးသားပါတီနဲ့ ကွန်မြူနစ်ပါတီဆိုပြီး နှစ်ခြမ်းကွဲတော့ သူက တရုတ်အချင်းချင်း တရုတ်ကိုတရုတ်ကသတ်တာကို နည်းနည်းမှ မခံစားနိုင်ဘူး။ ဆွန်ယက်ဆင်က စစ်ရေးအာဏာတွေ လွှဲအပ်သွားတဲ့ ချန်ကေရှိတ်ကြီးက ကွန်မြူနစ်ကို အရင်တိုက်မယ်၊ ပြီးမှ ကျူးကျော်သူ ဂျပန်တွေကို ဆက်တိုက်မယ်ဆိုတာ သူက လုံးဝလက်မခံဘူး။ အပြင်းအထန် ကန့်ကွက်တယ်။ ဖအေကိုတောင် သေခန်းဖြတ်လာခဲ့သေးတာ သူ့ယောက်ကျားတပည့် ချန်ကေရှိတ်လောက်ကတော့ ရှိတယ်လို့တောင် မထင်ဘူး။ အဲ့ဒါကြောင့် ချန်ကေရှိတ်ရဲ့ ကူမင်တန်အစိုးရ အာဏာရလာတဲ့အခါ သူ့ခမျာ မော်စကိုမှာ တစ်ယောက်တည်း သွားနေနေရတယ်။ သူ့အနေနဲ့ လောကဓံကို အနိမ့်ကရော အမြင့်ကရော ပျံသန်းဖူးတယ်။ တော်လှန်ရေးကာလတလျှောက်လုံးရော
နိုင်ငံရေးဇာတ်ခုံပေါ်မှာရော သူ့ဆုံးဖြတ်ချက် သူ့အယူအဆတွေဟာ မှားတယ်လို့တော့ မရှိခဲ့ဘူး။ အကောင်အထည်ပေါ်တာနဲ့ မပေါ်တာပဲ ရှိတယ်။ သူနဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့ ကူမင်တန်အစိုးရလက်ထက်မှာ ဖိနှိပ်တိုက်ခိုက်ခံရပေမယ့် မော်စီတုံးရဲ့ ကွန်မြူနစ်ပါတီ အာဏာရလာတဲ့အခါ သူ့ကို နန်းဦးမှာထားပြီး အကိုးကွယ်ခံရတယ်။ လျူရှောက်ကျီတို့ တိန့်ရှောင်ဖိန်တို့ ချူအင်လိုင်းတို့လို ကွန်မြူနစ်ပဂေးကြီးတွေက ဝမ်းစွေ့ဝမ်းစွေ့လုပ်ယူရတယ်။ သူက သိပ်တော်လွန်းတဲ့အခါ သူ့ကို ယှဉ်နိုင်မယ့် အတိုက်အခံ သူ့ရန်သူ တနည်းအားဖြင့် သူ့ကို ဆက်ခံသူကလည်း တခြားလူ မရှိတော့ဘူး။ သူ့ညီမဖြစ်တဲ့ ဆုံမေလင် ကိုယ်တိုင်ပဲ ဖြစ်နေတယ်။
ဆုံမေလင်ကတော့ သူတို့ညီအမထဲမှာ အငယ်ဆုံး အချောဆုံးနဲ့
ပေါ်ပြူလာအဖြစ်ဆုံးပါပဲ။ ဆုံမေလင်မို့ ကပွဲခန်းမထဲဝင်သွားရင် ပွဲခင်းထဲကလူတွေက ဘယ်သူမှ ဇာတ်စင်ပေါ်မှာ မျက်လုံးမရှိတော့ဘူး။ ဆုံအပျိုချောလေးအရိပ်နောက်က တကောက်ကောက်ပါသွားရော။ ဆုံမေလင်ရဲ့အလှမှာ ရသေ့ကြီးတွေတင် ဈာန်လျှောတာ မဟုတ်ဘူး။ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ယူထားတဲ့ စစ်ဗိုလ်ကြီး ချန်ကေရှိတ်တောင်
အောက်မေးကြီး ပြုတ်ကျသွားတယ်။ ဂလောက်ကနဲပဲ။ ဒါပေမယ့် ပန်းမြတ်တော်ဝင် ဂေါ်သဇင်ဆိုတာ သူ့အလိုလို ကြွေတဲ့အစားမဟုတ်ပါဘူး။ ချန်ကင်ရှိတ်ကလေး အထွတ်အထိပ်ကို ရောက်မယ့်အလားအလာ
မြင်တော့မှ လှေကားသုံးထစ်အဆင်းခိုင်းပါတယ်။ ပထမတစ်ထစ်က လက်ရှိမိန်းမနဲ့ ပြတ်ပြတ်သားသား ကွာရှင်းရမတဲ့။ ဒုတိယကတော့
မေလင်းကိုသာ အသက်ထက်ဆုံး ကြင်နာရမတဲ့။ နောက်ဆုံးတစ်ချက်ကတော့
ယေရှုသခင်ကို ယုံကြည်ရမတဲ့။ စစ်သားပေးတဲ့ကတိကို စစ်သားကိုယ်တိုင် ရိုးမြေကျထိမ်းသိမ်းသွားစေနိုင်တာ ချန်ကင်ရှိတ်ရာဇဝင်မှာ ဆုံမေလင်တစ်ယောက်သာ ရှိပါတယ်။
မိန်းမသားတစ်ယောက်ရဲ့ အရည်အချင်းဟာ သူ့အိမ်ကယောက်ကျားကို
ခြေငြိမ်အောင် ထိမ်းနိုင်ရုံနဲ့ ပြီးစတမ်းလား။ ဆုံမေလင် တရုတ်နိုင်ငံရေးစင်မြင့်မှာ သူရဲကောင်းတစ်ယောက်အဖြစ် တဟုန်ထိုးနံမည်ကျော်လာရတာကတော့ ခင်ပွန်းဖြစ်သူချန်ကင်ရှိတ်ကို သူ့တပ်သားတွေက ပြန်ပေးဆွဲသွားတဲ့အခါ သူကိုယ်တိုင် တစ်ယောက်တည်းလိုက်သွားပြီး တရုတ်ပြည်တစ်ပြည်လုံးအတွက် အရေးကြီးတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို အောင်မြင်အောင် စည်းရုံးနိုင်ခဲ့လို့ပါ
ပြည်သူတွေလိုလားချက်တွေကိုတင် ရအောင်တောင်းဆိုရတာ မဟုတ်ပဲ ခေါင်းမာတဲ့ခင်ပွန်းဖြစ်သူကိုပါ နားဝင်အောင် ဖျောင်းဖြနိုင်တာကြောင့် အဲ့သည်အချိန်က အပ်ဖျားပေါ် မုန်ညင်းစေ့တင်ထားသလို တရုတ်နိုင်ငံရဲ့ အကြပ်အတည်းတစ်ခုဟာ ရှဉ့်လည်းလျှောက်ခဲ့ ပျားလည်းစွဲခဲ့ပါတယ်။
ပြန်ပေးလက်ကလွတ်လာတဲ့ ချန်ကင်ရှိတ်က ချက်ခြင်းဆိုသလို အရေေးပါ်ကြေငြာချက်ထုတ်ပြန်ပြီး ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်ကိုရပ်ပြီး ဂျပန်တွေရဲ့ ကျူးကျော်စစ်ကို တွန်းလှန်မယ်လို့ ကတိပေးပါတယ်။ ကိုင်း ကြည့်စမ်း မယားပြောတော့ တစ်ညတောင် မကြာလိုက်ဘူး မဟုတ်လား။ ဒုတိယကမ္ဘာစစ်အတွင်းမှာ သူတို့ဆုံညီအမတွေအားလုံး
ရှေ့တန်းစစ်မြေပြင်အထိ သက်စွန့်ဆံဖျား စစ်သားတွေကို အားပေးစည်းရုံးခဲ့တဲ့အပြင် အမျိုးသမီးစောင့်ရှောက်ရေး၊ ကျဆုံးစစ်သည်များရဲ့ ကလေးသူငယ်ပညာရေး၊ ကြက်ခြေနီ၊ သံတမန်ရေးရာများပါမကျန် တက်ညီလက်ညီ ဝင်လှော်ကြလေတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ ဆုံတို့ညီအမတတွေ “Soong Sisters” ဆိုရင် မသိတဲ့သူ မရှိအောင် ကျော်ကြားပေတော့တယ်။
ဆုံမေလင်က သူ့အမတွေထက် သာတာကတော့ ကလေးဘဝ ပေါက်စနကတည်းက ဂျော်ဂျီယာမှာ လူလားမြောက်ခဲ့တာမို့လို့ အင်္ဂလိပ်လိုပြောရင် အမေရိကန်အက်ဆင့် ပီပီသသကြီးနဲ့
ပြောနိုင်သတဲ့။ နောက်ပြီး သူက သူ့အမတွေလို တရုတ်ကျော်မကျော်ဘူး။ အမေရိကန်ကျော်ကျော်တယ်။ အလကားနေ တိုင်းမ်မဂ္ဂဇင်းပေါ်မှာ သူ့ပုံချည့်ပဲ မျက်နှာဖုံးအတင်ခံရတယ်။ ဖတ်စ်လေဒီချင်းအတူတူ မဒမ်ချန်ကင်ရှိတ်ဆိုရင် မဒမ်ဆွန်ယက်ဆင်ထက်တောင် ကမ္ဘာကသိကြတယ်။ သိလွန်းအားကြီးလို့ မဟုတ်တရုတ်လား ပုတ်လို့ပေါ်သလားမသိတဲ့ ကောလာဟလတွေတောင် ပွစလောင်းလန်အောင် အဖွခံရတယ်။ ရုစဘဲ့ကြီးကို ရှုံးသွားတဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဝင်ဒဲလ်ဝစ်ကီဟာ ဘွားတော်နဲ့ ဒန်တန့်တန်တွေ ဖြစ်လို့ နောက်တစ်နေ့ အမေရိကားပြန်ရင် ရွှေနွယ်ရိုးက ခိုးရာလိုက်တော့မှာ လို့ ဘိုးတော်ကြီးကိုယ်တိုင် အတွင်းသိတစ်ယောက်ကို ကြွားတယ်ဆိုပဲ။ သူတို့ခေတ်တုန်းကလည်း ၆၆(ဃ) က အမေရိကန်လိုရှိသလား တရုတ်လိုရှိသလား မပြောတတ်ပေါင်။ ဘွားတော်က တရားစွဲပြီး ပါးရိုက်မယ်လုပ်တဲ့အခါ ဟိုက မူးလို့ပြောတာနေမှာပါ နဲ့ ရူးချင်ယောင်ဆောင်သွားတယ်။ အဲ့သလို သူများအတင်းပြောတဲ့ မဟုတ်တရုတ် ကလောင်ရှင်များဟာလေ သနားလို့လွှတ်ပေးလည်း သေခါနီးတောင် အီးတစ်ချက်ပေါက်ချင်သေးတာ။ “တကယ်လို့များ ဝင်ဒဲလ်နိုင်ရင် သူပြောတဲ့ ပုံပြင်ဟာ တကယ်ဖြစ်ချင်ဖြစ်သွားမှာပေါ့။ သူတို့နှစ်ယောက်လက်ထဲမှာ ကမ္ဘာကြီးတစ်ခုလုံး ဘယ်မှပြေးမလွတ်တော့ဘူး။ တစ်ယောက်က အရှေ့ကအုပ်စိုး၊ တစ်ယောက်ကအနောက်က အုပ်စိုးလိမ့်မယ်” တဲ့။ ဆုံမေလင်ဆိုတာ ကြံချင်းကြံရင် တရုတ်ပြည်လောက်နဲ့တော့ တင်းတိမ်မနေဘူး။ အမေရိကကိုပါ လှမ်းအုပ်ချုပ်ချင်မယ့်ပုံ ရှိတယ်လို့ ပြောချင်ပုံရတယ်။ ဒါပေမယ့် အဲ့သည်ကောလာဟလကို သူ့အမ မဒမ်ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းနဲ့ပဲ ချေပါမယ်။ “တကယ်လို့များ ဒေါက်တာဆွန်ယက်ဆင်သာ အသေမစောခဲ့ဘူးဆိုရင် တရုတ်ပြည်ကြီးရဲ့ အခြေအနေတွေဟာ ဘာတွေပြောင်းလဲသွားနိုင်ပါသလဲ။” ဆိုတော့ ဟိုက တစ်ခွန်းပဲ ဖြေတယ်။ “နိုင်ငံရေးမှာ အကယ်၍သာတို့ တကယ်လို့များတို့ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဘယ်တော့မှလည်း ရှိလာမှာ မဟုတ်ပါဘူး။” တဲ့။ ဒါလည်း မှန်ပြန်တာပဲနော်။ လေးစားလောက်ပါပေတယ်။
ဆုံတို့ညီအမအကြောင်းကို ကိုယ့်သမီးကို ပြောပြချင်မိတာကတော့ မိန်းကလေးဆိုတာလည်း ရည်ရွယ်ချက် ကြီးကြီးမားမား ထားလို့ရှိရင် ယောက်ကျားသားတွေ ဓါးထက်တဲ့သူစိုးမိုးတဲ့ နိုင်ငံရေးစင်မြင့်ပေါ်မှာ အချုပ်အချာ အခရာဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးထဲပါတဲ့ တရုတ်ပြည်မကြီးရဲ့ ရာဇပလ္လင်ဟာ နောက်ဆုံးမန်ချူးမင်းဆက်ဖြစ်တဲ့ ပုရီရဲ့လက်ထက်တုန်းကလည်း သူ့အမေက အုပ်စိုးခဲ့တာ။
သွေးချောင်းစီးအောင် တော်လှန်ရေးလုပ်လို့ သမ္မတနိုင်ငံ ထူထောင်ပြန်တော့လည်း သည်ညီအမသုံးယောက်ရဲ့ လက်ထဲမှာ ပြေးလို့ကို မလွတ်ခဲ့ဘူး။ ကမ္ဘာကြီးကို ဘုရားသခင်ဖန်ဆင်းတာ ယုံကြည်တဲ့ ညီအမသုံးယောက်ဟာ သူတို့ကိုယ်တိုင်ကတော့ ခေတ်သစ်တရုတ်ပြည်ကြီး ဖန်ဆင်းတဲ့နေရာမှာ မိန်းမလက်ရာ သေသေချာချာ စေ့စေ့စပ်စပ်ကို လက်စွမ်းပြခဲ့တယ်။ စာရေးတဲ့သူတွေကတော့ ပြောကြတယ်။ ဒီညီအမသုံးယောက်ဟာ တစ်ယောက်က ပိုက်ဆံကိုချစ်တယ်။ တစ်ယောက်က အာဏာကိုချစ်တယ်။ တစ်ယောက်ကတော့ တိုင်းပြည်ကိုချစ်တယ် တဲ့။ သူတို့တတွေ အိမ်ထောင်ဘက်ရွေးခြယ်တဲ့အပေါ် သုံးသပ်တာနေပါလိမ့်မယ်။ ကိုယ်ကတော့ အဲ့သလို မမြင်ပါဘူး။ အိမ်ထောင်ဘက်တွေအားလုံးကို ဗူးသီးမှ အရီးတော်ပြီး ယူတဲ့သူ တစ်ယောက်မှ မပါပါဘူး။ သူတို့အိမ်ထောင်ဘက်တွေဟာ သူတို့နဲ့လက်ထပ်ပြီးမှ သူတို့အကူအညီ အထောက်အပံ့ အကြံဉာဏ်တွေနဲ့ အထွတ်အထိပ်ကို ရောက်သွားကြတာ။ ဆိုလိုတာက အရည်အချင်းရှိတဲ့
မိန်းမဆိုတာ လင်ယောက်ကျား ဘုန်းရိပ်ကံရိပ်ကို မှီခိုအားကိုးပြီး အလုပ်အကျွေးပြု နေမယ့်သူတွေ မဟုတ်ဘူး။ ကိုယ့်ယောက်ကျား ဘုန်းရှင်ကံရှင်ဖြစ်ဖို့အတွက် သူတို့ကိုယ်တိုင် အားထုတ်ကြိုးပန်းကြတယ်။ ဒါမှပဲ နှစ်ကံပြိုင်ဖူးစာဖြစ်တော့မပေါ့။ ဒါပေမယ့် ဘယ်လိုယောက်ကျားမျိုးကမှ ကိုယ်နဲ့ထိုက်တန်ပြီး အလားအလာရှိမယ့်သူ၊ ကိုယ့်အပေါ် သစ္စာရှိရှိ တစ်သက်လုံးပေါင်းမယ့်သူဆိုတာ မှန်မှန်ကန်ကန် အကဲခတ်နိုင်တာ၊ နဂိုက ပွေပွေလီလီနေလာတဲ့သူကိုတောင် ကိုယ့်လက်ထဲမှာ ခြေငြိမ်သွားအောင်
ထိန်းထားနိုင်တာလည်း နည်းနည်းနောနော စကေးမဟုတ်ဘူးနော်။
ကမ္ဘာကြီးကို ခရီးထွက်ချင်တယ်ဆိုရင် ခြေတစ်လှမ်းကတော့ စ ရမှာချည့်ပဲ။ ကိုယ့်သမီးလည်း ဆုံညီအမတွေကို အားကျလို့ မိန်းမတံခွန်
လူရည်ချွန်ချင်တယ်ဆိုလည်း ပထမဦးဆုံး လုပ်ရမယ့်အလုပ်က ပညာရေးက စ ရလိမ့်မယ်။ မဆိုင်တာတွေ ရောက်မသွားအောင် လိုရင်းကိုပဲ တည့်တည့်ပြောပါ့မယ်။ အဲ့သည်ပညာရေးဟာ မြန်မာပြည်က ပညာရေးနဲ့တော့
ဖြစ်နိုင်မယ် မထင်ဘူး။ ဘွဲ့တွေတသီကြီးနဲ့ ဝန်ကြီးကိုယ်တိုင် ဘဲတစ်မြုံ မှာ အထီးကထွက်မယ့်ဥပါ ထည့်ရေတဲ့ ပညာရေးစံနစ်ကြီးနဲ့ သစ်ခြောက်ပင်အောက် ပန်းကောက်မနေနဲ့။ နိုင်ငံတကာအဆင့်မီတဲ့ ပညာရေးတစ်ခုခုတော့ ရအောင်ယူမှ ဖြစ်မယ်။ ဆုံဘွားတော်တွေဟာ ဝက်စလီယန်ကောလိပ်ကသာ မထွက်ရင် ယောက်ကျားအိမ်မှာ ခေါက်ဆွဲပြုတ်နေရမှာပေါ့။ ပညာတတ်တယ်ဆိုတာ ဘွဲ့လက်မှတ်ရတာကို ပြောတာ မဟုတ်ဘူး။ မျက်စိအလင်း ဉာဏ်အလင်းပွင့်သွားတာကိုပြောတာ။ အွန်လိုင်းပေါ်မှာ ကြော်ငြာအားနဲ့ အောင်လက်မှတ်ညာရောင်းတဲ့ တက္ကသိုလ်တွေမှာ အလိမ်မခံနဲ့။ သူများနိုင်ငံက ပညာရေးစံနစ်ထဲမှာ ကလေးတွေကို ဘယ်လိုပုံသွင်းပုံဖော်သလဲ လေ့လာကြည့်။ သူတို့ဆီမှာ ကလေးတွေကစားတဲ့ ဂိမ်းကလေးတွေ၊ ကာတွန်းကားလေးတွေက အစ ရောင်းရပြီးရော လူပြိန်းကြိုက်၊ ကလေးကြိုက်မလုပ်ဘူး။
နောက်ခံတီးလုံးလေးတွေမှာ “Moon light Sonata” တို့၊ “Habanera Carmen” တို့၊ “Canon in D” တို့ ကမ္ဘာ့ဂန္ဓဝင်တေးဂီတတွေ ထည့်ထားတယ်။ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ဂီတနဲ့ နားမစိမ်းတော့ဘူး။ ကြားလိုက်တာနဲ့ ဒီအသံ ငါကြားဖူးတယ်။ ဘယ်ဂိမ်းကစားနည်းထဲမှာ ပါတာ။ ဘယ်ကာတွန်းကားထဲမှာ ပါတာ။ တန်းကိုမှတ်မိတော့တာ။ အဲသလိုမျိုး မသိမသာနဲ့ ထည့်ထားတဲ့ အတွေးအခေါ် အယူအဆတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ စိတ်ဓါတ်ပြုပြင်ပြောင်းလဲတာတွေကို ဘွန်ဇိုင်းပင်ကလေးများ ပျိုးသလို ပျိုးယူသွားတာ။ ကိုယ်တို့ဆီမှာလို အတုံးလိုက်အတစ်လိုက် ဆိုက်ဝါးတွေနဲ့ Brain Wash လုပ်မပစ်ဘူး။ သူတို့ဆီသွားပြီး သူတို့ပညာရေးနဲ့ ကြီးပြင်းခဲ့မှ သူတို့နဲ့ ရင်ဘောင်တန်းနိုင်မယ့် အတွေးအမြင်ရမှာ။ မျိုးစေ့ကတော့ ကိုယ့်မျိုးစေ့ပါပဲ။ မိဘမျက်စိအောက်မှာ ပျိုးခင်းထဲပျိုးသလို ပျိုးယူလာခဲ့ပြီ။ ဒါပေမယ့် ရေခံမြေခံကောင်းတဲ့ဆီ ကောက်ပင်ကလေးတွေ ပြောင်းစိုက်သလို စိုက်ဦးမှနဲ့ တူပါရဲ့လေ။ မိဘဆိုတာ ရိပ်သိမ်းရကောင်းစေရဲ့လို့ မျှော်မှန်းပြီး စိုက်တာ မဟုတ်တော့ ကိုယ့်သားသမီး အသိမ်အဖျင်း အလှေးအမွှား မဟုတ်ရင်ပဲ ကျေနပ်လှပါပြီ။ ချာလီဆုံကြီးကတော့ သေကာနီးမှာ ယူကြုံးမရပြောရှာတယ်။ သူ့ဘဝမှာ မှန်တာတွေလည်း လုပ်ခဲ့တယ်။ မှားတာတွေလည်း လုပ်ခဲ့တယ်။ သမီးသုံးယောက်ကို အမေရိကားပို့ကျောင်းထားမိတာကတော့ မှားတဲ့အထဲပါတယ်တဲ့။ ကိုင်း ဘယ့်နှယ်ရှိစ။