ဒီဖြစ်ရပ်ကြီးသည် ရာဇဝင်အဆက်ဆက် မည်သည့်မင်း လက်ထက်ကမှ မကြုံဖူးသော ဖြစ်ရပ်ပင် ဖြစ်ပါသည်။ ဒီအကြောင်းကိုမှတ်မိသေးသူ တချို့ရှိနေနိုင်သေးသော် လည်း နောက်ပိုင်း လူအများစုကတော့ သိကြတော့ရာ အနည်းငယ်သာ ရှိပါလိမ့်မယ်။
ဒါကြောင့် ဒီလိုသမိုင်း တွင်တဲ့ ရွှေတိဂုံစေတီ ကုန်းတော်ပေါ် မီးခခံခဲ့ရခြင်းကို နောက်ပိုင်းလူများ သိရှိစေဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည် တင်ပြလိုက်ပါသည်။
အရင်တုန်းကတော့ ရွှေတိဂုံစေတီ စောင်းတန်းများတွင် မီးလောင်ခဲ့သည့် ပုံများကို ချိတ်ဆွဲထားခဲ့ဖူးပါသည်။
မီးစလောင်သည့်အချိန်မှာ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက် (မြန်မာသက္ကရာဇ် ၁၂၉၂ခု ၊တပေါင်း လဆုတ် ၄ ရက် ) သောကြာနေ့ မွန်းလွဲ ၃ နာရီတွင် စတင် လောင်ကျွမ်းခဲ့ ခြင်း ဖြစ်သည်။
အဆိုပါ မီးလောင်မှု ၏ … အစ မှာကား …
“အမှိုက်ကစ ပြသာဒ်မီးလောင်” ဟူသော စကားပုံလို အမှိုက်ပုံ မီးရှို့ရာမှ စတင်လောင်ကျွမ်းခဲ့သည် ဟု သိရ
ပါသည်။အမှိုက်ပုံ မီးသည် ပထမအစတွင် ဘုရားစောင့် ပြာတာ၏ တဲကလေးကို ကူးစက်လောင်ကျွမ်းခဲ့သည်။
ထို့နောက်… ၎င်းတဲလေးမှ တဆင့်… သီလရှင်တဲများ ၊ လက်ဘက်ရည်ဆိုင်များ၊ ဦးနာဂိန္ဒ မဏ္ဍပ်များ အထိ … ဆက်၍ လောင်ကျွမ်းကုန်သည်။
ထိုအချိန်တွင် အနောက်လေ ကလည်း ပင့်ပေးသဖြင့် မီးပွားမီးညွန့်တို့သည် အနီးရှိ အပင်များကို မီးစွဲ လောင်၍ အနောက်ဘက် ရင်ပြင်ပေါ်မှ ဇရပ်များကိုပါ ကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ပါတော့သည်။
ပထမဆုံး မီးလောင်ကျွမ်း ခံခဲ့ရသည့် တန်ဆောင်းမှာ သိမ်ကြီးဈေး ၂ ပြား တန်ဆောင်းဖြစ်သည်။
“၂ ပြား တန်ဆောင်း”…ဟုခေါ်ရခြင်းမှာ သိမ်ကြီးဈေးမှ ဈေးသူ ဈေးသားများက တစ်နေ့လျှင် ၂ ပြားစီ စုဆောင်း ကာ တည်ဆောက်ထားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
မီးလောင်မှု အဖြစ်အပျက်မှာ မိနစ်ပိုင်းမျှ ပင်ကြာသည်။ ထိုအချိန်တွင် ဘုရားလူကြီးများနှင့် လူငယ်များရောက်ရှိ လာကာ မီးကိုငြိမ်းသတ်ကြလေသည်။ ထိုအချိန်တိုင်ထိ ရန်ကုန်မြူနီစီပယ်မှ မီးသတ်သမားတို့မှာ ရောက်မလာ ကြသေးပေ ။
လူအင်အားနှင့် မီးကို ငြိမ်းသတ်နိုင်ဖို့ရန် ကြိုးစားခဲ့ကြသော်လည်း အမြင့်နေရာတွင်လောင်ကျွမ်း နေသော မီးဖြစ်သောကြောင့် လည်းကောင်း၊ ထိုနေရာ အထိ တက်ရောက်နိုင်ရန်မှာလည်း ခဲယဉ်းလွန်းသဖြင့် လည်းကောင်း ၊ “လေ” ကလည်း ပင့်ကာတိုက်နေသော ကြောင့် လည်းကောင်း… မီး မငြှိမ်းနိုင်ခဲ့ကြပေ။
မီးသည် ၂ ပြားတန်ဆောင်းမှတဆင့် မျက်နှာချင်းဆိုင်မှ ဦးအောင်ကြီး အာရုဏ်ခံတန်ဆောင်းသို့ ကူးစက်ခဲ့ ပြီး သည့်နောက်…ကိုဇမောင်တန်ဆောင်း၊ ဒေါ်ဖွား တန်ဆောင်း ၊ ဦးဘိုးကျော် တန်ဆောင်းများဟာလည်း မီး လောင်ကျွမ်းခံခဲ့ကြရပါသည်။
ထိုမှတဖန် လေအားကလည်း ပိုမိုပြင်းထန်လာခဲ့လေရာ စေတီတော် ကိုယ်လုံးတော်ရှိ ရွှေချရန် ကာ ထားသော ဝါးငြမ်းများကို မီး ကူးစက် လောင်ကျွမ်းခဲ့ပြန်သည်။
စေတီတော်ကြီးလုံးပတ်ကို… မီးဟပ် သောအခါ မကြည့် ရက်ကြသော လူငယ်လူရွယ်များက သူတို့ အသက်ကို မေ့ထားပြီး တက်ရောက်ကာ မီး ငြိမ်းသတ်ခဲ့ကြသဖြင့် စေတီတော် တစ်ခုလုံးရဲ့ ဘေးမှာရှိသော ဝါးငြမ်းများကို မီး မလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးက အခုထိ မငြိမ်းနိုင်သေးပဲ…ထိုမှတဖန် အရှေ့ဘက် တန်ဆောင်းများ ၊မြောက်ဘက်မှ တန်ဆောင်းများသို့ အသီးသီး ဆက်လက်ပြီး လောင်ကျွမ်းခဲ့ပြန်လေသည်။ ကုန်းတော်ပေါ်တွင် ရေ…မရှိ၊အနောက်ဘက်မုဒ်ရေကန် မှ ရေကို ခဲရာခဲဆစ် တင်ယူရသဖြင့် မီး ငြိမ်းရသည်မှာ အတော်ပင် ခက်ခဲခဲ့ကြောင်း သိရသည်။
မီးသတ်သမားများ ၊လူပဂ္ဂိုလ်များနှင့် ရဟန်းသံဃာများ အားလုံး ဝိုင်းဝန်းပူးပေါင်းကာ အသက်စွန့်ကာ မီး ကို ငြိမ်းသတ်ရန်ကြိုးစားခဲ့ကြသည်။ တချို့သံဃာတော်များ နှင့် လူငယ်များသည် မီးလောင်နေသည့် နေရာများသို့ အတင်း တက်၍ ရေပက်ခဲ့ရသည်အထိ စေတီတော်ကြီး အား ကာကွယ်သော စိတ်များ ပြင်းထန်ခဲ့ကြသည်။
“အရှေ့ဘက်သို့ မီးကူးပြီ”…ဟု ကြားရသည့်အခါ စိန်ဖူး ၊ ငှက်မြတ်နားတော်နှင့် အဖိုးထိုက်ဘဏ္ဍာများ ထားရှိရာ ပရိဘောဂတိုက်ကြီးအတွက် စိုးရိမ်နေကြရပြန်သည်။
ထိုပရိဘောဂ တိုက်ကြီး၏အရှေ့တွင် ဂေါ်ရာ စစ်သား ၁၅ ယောက်တို့မှ လှံစွပ်သေနတ်များနှင့် စောင့်ရှောက် ကာ ဝိုင်းထားကြရကြောင်း သိရှိရသည်။
ရဟန်းရှင်လူ အများရဲ့ ညီညွတ်မှုကြောင့်သာ မီး သည် ည ၁၀ နာရီခန့်တွင် ငြိမ်းသွားခဲ့ရသည်။ သို့မဟုတ်ပါက ရွှေတိဂုံစေတီတွင် ဇရပ်တန်ဆောင်း မှန်သမျှ မီးထဲတွင် အကုန် ပါသွားနိုင်သည်။
မီးငြိမ်းပြီး နောက်တစ်ရက်တွင် သတင်းစာများ၊ ဂျာနယ် အစောင်စောင် တို့တွင် သတင်းဓာတ်ပုံများ ဝေ ဝေ ဆာ ဆာဖြင့် ဖော်ပြခဲ့ကြပြီး ရွှေတိဂုံ စေတီတော်ကြီး အား ပြန်လည် မွမ်းမံပြင်ဆင်ကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြလေသည်။
စီးပွားရေးသမားများကလည်း မိမိတို့၏ ကုန်ပစ္စည်းများ တွင် ဘုရားကြီး မီးလောင်သည့်အကြောင်းအား ထည့် သွင်းကာ ကြော်ငြာခဲ့ပြီး တတ်နိုင်သမျှ အလှူငွေများလဲ ပါဝင်ခဲ့ကြသည်။
ယနေ့တွင် ရွှေတိဂုံစေတီတော်ကြီး နှင့် အနီးဝန်းကျင် တဝိုက်သည် ရွှေရောင် တဝင်းဝင်းနှင့် အလွန် သပ္ပါယ် လှနေသော်လည်း အရင်တချိန်က ဤသို့ …ဤနှယ်… ကြီးကြီး မားမား မီး လောင်ကျွမ်း ခံခဲ့ရတဲ့ အကြောင်းကို ဗဟုသုတ အနေနှင့် တင်ပြလိုက်ပါသည်။