လူထုအား ဖမ်းဆီး ငွေညှစ်သည့် လက်နက်ကိုင်အဖွဲ့များကို မိုးကုတ်မြို့ခံများ ဆန္ဒပြ

Local News

မိုးကုတ်မြို့ဒေသခံများအပေါ် ဥပဒေမဲ့ပြုကျင့်နေသည့် လက်နက်ကိုင်အဖွဲ့များ အလိုမရှိကြောင်း မြိုခံ ၃၀ ကျော်က မိုးကုတ်မြို့လယ် အင်းတွင် စုဝေးတောင်းဆိုမှုတခု ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများက မိုးကုတ်မြို့လူထုအပေါ် တရားဥပဒေမဲ့ ပြုကျင့်နေသော TNLA (တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်) နှင့် လက်နက်ကိုင်သောင်းကျန်းသူများ အလိုမရှိ၊ ဖုန်းဆက်၊ စာပို့၊ အသက်အန္တရာယ် ခြိမ်းခြောက် ငွေတောင်းခံမှုများ ချက်ချင်းရပ် စသည့် ဆိုင်းဘုတ်များဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယခုဆန္ဒထုတ်ဖော်ပွဲအတွက် တရားဝင်ခွင့်ပြုမိန့်တောင်းခံထားသော်လည်း သက်ဆိုင်ရာက ကိုဗစ်ရောဂါ အကြောင်းပြချက်ဖြင့် ခွင့်မပြုခဲ့သော်လည်း တရားဝင်ဆန္ဒထုတ်ဖော်ခွင့်ရရှိရန် မနက် ၁၀ နာရီအထိ စုဝေးစောင့်ဆိုင်းခဲ့ကြ ကြောင်း ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးစိုးမြင့် က ပြောသည်။

ဦးစိုးမြင့် က “မိုးကုတ်က ပိုးတွေ့တဲ့ ဧရိယာလည်း မဟုတ်ဘူး။ တိုင်းအစိုးရက ဘာလို့ခွင့်မပြုပေးတာလည်းတော့ မသိဘူး။ မနေ့ညကဆိုရင် မိုးကုတ်မှာ ဖုန်းဆက်ခြိမ်းခြောက်မှုတခု ထပ်ဖြစ်တယ်။ ပိုက်ဆံမပေးရင် အိမ်ကိုမိုင်းလာခွဲမယ်လို့ ခြိမ်းခြောက်တာ။ ခြိမ်းခြောက်မှုတွေက ဒီမှာဆက်တိုက်ရှိနေတုန်းပဲ” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို တရားဝင်ပြုလုပ်ခွင့် မရရှိခဲ့သည့်အတွက် တောင်းဆိုချက်များရေးသားထားသည့်ဗီနှိုင်းများကို စုရပ်၌ ချခင်းထားပြီး မြို့ခံတချို့က မိနစ်အနည်းငယ်အကြာ ရင်တွင်းခံစားချက်များ ဟောပြောခဲ့ကြသည်။

၄င်း တောင်းဆိုချက် ၅ ချက်မှာ မိုးကုတ်လူထုအပေါ် ဥပဒေမဲ့ပြုကျင့်နေသော TNLA နှင့် လက်နက်ကိုင်အဖွဲ့များ အလိုမရှိကြောင်း၊ ပြန်ပေးဆွဲထားသူများကို ချက်ချင်းပြန်လွတ်ပေးရန်၊ ဖုန်းဆက် စာပို့ပြီး အသက်အန္တရာယ် ခြိမ်းခြောက် ငွေတောင်းခံနေမှုများ ချက်ချင်းရပ်ပေးရန်၊ မိုးကုတ်မြို့လုံခြုံရေးအတွက် တာဝန်ရှိသူများ အကာအကွယ်ပေးရန် နှင့် မိုးကုတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောက်ယှက်ဖျက်ဆီးနေသူများ အလိုမရှိကြောင်း တောင်းဆိုထားသည်။

ဒီဇင်ဘာလ ၄ ရက်နေ့က TNLA ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည့် မိုးကုတ်မြို့ စံပြမုန့်တိုက် နှင့် ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်ဝင်း လည်း ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

မိုးကုတ်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ကစပြီး TNLA က ဆက်ကြေးတောင်း ပြန်ပေးဆွဲငွေတောင်းမှုများကို ဆက်တိုက်ဆိုသလို ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းရှင်များအပြင် စျေးသည်၊ ဆိုင်ကယ်ပြင်ဆိုင်၊ နွားနို့ပို့သူအထိ ငွေကြေးသတ်မှတ် တောင်းခံနေသည့်အတွက် ဒေသခံများက အသက်အန္တရာယ် စိုးရိမ်မှုကြောင့် ပေးဆောင်နေကြရကြောင်း အမည်မဖော်လိုသည့် မိုးကုတ်မြို့ခံ စျေးသည်တဦးက ပြောသည်။

ယနေ့ ဆန္ဒထုတ်ဖော်ပွဲကို မိုးကုတ်မြို့နယ် သံဃနာယကအဖွဲ့၊ စိမ်းလန်းမိုးကုတ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူဓမ္မ အဖွဲ့ချုပ်၊ မိုးကုတ်မြို့ လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီ၊ မိုးကုတ်မြို့ ချင်း ယဉ်ကျေးမှုအဖွဲ့ စသည့် လူမှုရေးအသင်းဖွဲ့ ၁၀ ဖွဲ့က မိုးကုတ်ရပ်မိရပ်ဖများနှင့် ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...