“ အဲဒီတော့လဲ စစ်အင်ပါယာကျွန်တွေ ဆက်လုပ်ကြပေါ့ “
သံတမန်ရေးအရ ဒေါက်တာအောင်မိုးညို တို့ဘက်က မလွန်။ မွန်ပါတီ ရဲ့ သံခင်းတမန်ခင်း ညံ့ဖျင်းမှု လို့ ကျနော်က မြင်သဗျ။ဆိုပါတော့ ကိုရီးယားအစိုးရထိပ်ပိုင်းတာဝန်ရှိသူတွေက မြန်မာပြည်ကို လာမယ်။ စ စ ချင်းတွေ့ဆုံမှုကို မြန်မာပြည်ကိုရီးယားသံရုံးမှာပဲ စ လုပ်ချင်တယ် ဆိုပါတော့၊ မြန်မာပြည်က တာဝန်ရှ်ိသူတွေက ခင်ဗျာ့တို့သံရုံးမှာဆိုရင်တော့ နိုးပါ ဆိုပြီး ငြင်းလိုက်တဲ့သဘော။
သံတမန်သဘောအရ အန်အယ်လ်ဒီက မြို့ခံမဟုတ်ဘူး၊ မွန်ပါတီရုံးစိုက်ရာမြို့ကို တကူးတက လာခဲ့ပြီ။ အန်အယ်လ်ဒီဆွေးနွေးပွဲတက်သူတွေ မြို့ကို ရောက်လာတော့ မွန်ပါတီက ခရီးဦးတောင် ကြိုခဲ့ပါလေစ။
မကြိုသင့်ဘူးလား၊ ကြိုလိုက်ရင် ပိုခင်မင်ရင်းနှီး ပိုလုံးထွေး ပိုအပြန်အလှန်ချစ်ခင်ယုံကြည်မှုတွေတိုးလာပြီး အပြန်အလှန်နားလည်မှုတွေနဲ့ အလုပ်လုပ်ကြရမှာ မဟုတ်ဘူးလား။
ဗမာတွေ၊ ဗမာပါတီ ငတို့မွန်တွေ ငတို့မွန်ပါတီ နဲ့ တဂဲဂဲရန်စောင်ပြီး ခုလိုဖြစ်တော့ ဘာအကျိုးရှိသလဲ။
ခင်ဗျားတို့ နိုင်ငံရေးလုပ်နေကြတာ မဟုတ်ဘူးလား၊
သံခင်းတမန်ခင်းနဲ့ အကျိုးအမြတ်ရအောင် မယူတတ် မလုပ်တတ်ဘူးလား။
လက်နက်ကိုင်တိုက်မှ
အမုန်းအာဃာတတွေပွါးပြီး မှ
ရယူစရာ အောင့်မေ့နေလား။
အမုန်းအာဃာတအငြှိုးတွေ ကို ကိုယ်တိုင်လည်းမွေး၊ လူငယ်တွေကိုလည်း လက်ဆင့်ကမ်းနေတဲ့ ခေါင်းဆောင်တွေဆို ပါတီတာဝန်တွေက နှုတ်ထွက်သင့်ပြီ။
သမိုင်းသစ် နိုင်ငံရေးသစ်မှာ မပါသင့်တော့ဘူး။
တိုက်မှ ခိုက်မှ မုန်းတီး ရန်စောင်မှ နိုင်ငံရေးအောင့်မေ့နေရင် သမိုင်းသစ်နိုင်ငံရေး ခေတ်သစ်နိုင်ငံရေး နဲ့ ခင်ဗျား အံဝင်ခွင်ကျ မဖြစ်တော့ဘူး မှတ်ပါလေ။
ပြောစရာရှိတာ အားမနာတမ်းပြောပါဦးမယ်။
တိုင်းရင်းသားမို့လို့ အခွင့်အရေး ပို ရသင့်တယ် ဆိုတာ မဆလ က သွင်းခဲ့တဲ့ စိတ်ဓါတ်ဗျ။
ဗမာမို့လို့ အပြစ်ရှိသလိုလို ဆက်ဆံစရာလည်း အကြောင်းမရှ်ိသလို၊
တိုင်းရင်းသားဖြစ်လို့ အခွင့်ထူး ပိုခံစရာလည်း အကြောင်းမရှိပါလေ။
ခင်ဗျာ့တို့ “မဟာဗမာလူမျိုးကြီးဝါဒ” ကိုချည်းပဲ လက်ညှိုးထိုး မနေပါနဲ့၊
တိုင်းရင်းသားတွေမှာ ခရိုမာ ရနေတဲ့ “ဗမာမုန်းလူမျိုးရေးကျဉ်းမြောင်းစိတ်” ဟာလည်း
“ဖက်ဒရယ်ပြည်ထောင်စုစနစ်”နဲ့ အဆင်မပြေနိုင်ဘူး၊
“ယဉ်ကျေးသော ဒီမိုကရေစီလူ့ဘောင်”နဲ့ မသင့်လျော်ဘူး ဆိုတာ သိဖို့လိုပါတယ်။
ပြောရရင် အဲဒီ”တိုင်းရင်းသား” ဆိုတဲ့ ဝေါဟာရ ကိုက သောက်တလွဲဝေါဟာရပါ။
တိုင်းရင်းသားမို့၊ ဗမာမို့ လုပ်နေကြတော့၊ ဒီတိုင်းပြည်မှာ ရာစုချီနေထိုင်၊ အေးအတူပူအမျှပေးဆပ်ခဲ့တဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာတည်မြဲရေးတွေအတွက် အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ တရုတ်တွေ၊ ကုလားတွေကျတော့ ဘယ်သွားထားကြမလဲ။ သူတို့ကကော တရုတ်မို့၊ ကုလားမို့ တဆင့်နိမ့်ပေးရဦးမလား။
အဲဒီ ပြည်ထောင်စုစနစ်၊ အဲဒီ တိုင်းရင်းသား သွေးချင်း ဆိုတာတွေက မဆလရဲ့ဂျင်းတွေ။
နောက် ဘာသွေးမှလဲ မချင်းဘူး။
မွန်၊ ရှမ်း ဆိုတာ ဗမာနဲ့စာရင် ထိုင်းနဲ့ ပိုသွေးနီးတယ်။
ကချင်မျ်ိုးစုတွေဟာလည်း တရုတ်မှာ တဝက်လောက်နေကြတာ။ တရုတ်နဲ့လည်း ပိုဆွေမျိုးစပ်တယ်။ ချင်းဆိုတာ အိန္ဒိယ က အမျိုးတွေ။
ဒီတော့ ဗမာနဲ့ ဘာသွေးသားညီအကိုများမှ မဟုတ်ဘူး။
ဗမာဘုရင်တွေ၊ ဗမာနိုင်ငံရေးသမားတွေ နယ်မြေပိုင်စိုးချင်လို့ ဇွတ်တိုင်းရင်းသား လုပ်နေတာ။
ပြောချင်တာ “လူ” ကိုပဲ အခြေခံရမှာ။ လူမျိုးတွေ ဘာသာတွေ အခြေခံနေတာလည်း အလွဲကြီးပါ။
ဘာပဲပြောပြော အင်္ဂလိပ်ကြီးကျေးဇူးနဲ့ ဒီကနေ့ မြေပုံအတိုင်း “မြန်မာပြည်” ရယ်လို့ ဖြစ်လာတာ။ အင်္ဂလိပ်သာ မသိမ်းခဲ့ရင် မြန်မာပြည်နယ်နမိတ်ထဲ ကယားတို့ ချင်းတို့ ကချင်တို့ ပါလာစရာမရှိ။
ဘယ်လိုနည်းနဲ့ပါလာ ပါလာ ပြန်ပေးမယ့်လမ်းတော့မမြင်လေ။
အထူးသဖြင့် ရှမ်းကချင်ကယားတွေက ပင်လုံနဲ့ အရေးဆိုနိုင်စရာရှိသေးတယ်၊
မွန်၊ ရခိုင်တွေဟာ စစ်ရှုံးထားတဲ့ သူတွေ၊ စစ်ရှုံးပြီး ဗမာကိုလိုနီအနေနဲ့ အင်္ဂလိပ်က သီးသန့်တိုင်းရင်းသား စာရင်းထဲတောင် မထည့်ခဲ့တဲ့သူတွေ။
ဒီနေရာမှာ ဖို့ဝိန်းက မွန်ဘုန်းကြီး သမိုင်းပြန်လှန် ဇာတ်မနာနာအောင် ခင်းနေတာတွေကိုလည်း ထောက်ပြချင်ပါသေးတယ်။
သမိုင်းမှာ သထုံမနူဟာကို ပုဂံအနော်ရထာ တိုက်ပြီး ပဋိကပ်လုတဲ့ ကိစ္စမှာ ပုဂံသားတွေ အလွန်မဟုတ်။
ဖြစ်စဉ်ကို သေချာကြည့်လိုက်ရင် ပုဂံသားတွေက သံတမန်လွှတ် ပိဋိကပ်ကို အလှူခံ ခဲ့တယ်။
“ မိတ်ဆွေတို့ ကိုးကွယ်တဲ့သာသနာ ကျနော်တို့လည်း ကိုးကွယ်ချင်လို့ ကျမ်းစာတွေ တကော်ပီလောက် မျှပါ” လို့ တောင်းခဲ့တာ။
ဒီတော့ မနူဟာ က “မင်းတို့လို အညာသားအရိုင်းအစိုင်းတွေနဲ့ ဒီသာသနာ တန်သလား “ လို့ ချေလွှတ်လိုက်တာ။
ဒါနဲ့ စစ် က ဖြစ်ရတာ။
ပြောရရင် ပုဂံသားတွေဟာ ဗမာတွေသာပြောတာပါ၊ မွန်၊ ပျူ၊ ရှမ်း၊ ကုလား ပေါင်းစုံနေရာ သွေးနှောရာ မြို့ပြသစ်ပါ။
သထုံကလည်း ပျူပါပဲ။ သထုံပျူ နဲ့ ပုဂံပျူ တိုက်ကြတာပါပဲ၊ ဒါကို ဇာတ်မနာနာအောင် ဇွတ် ဗမာ လုပ်ချင်လုပ်ပါ။
တကယ်တော့ မွန် ဆိုတာ အဲဒီဗမာနဲ့ ပုခုံးချင်းယှဉ် အင်အားကြီးခဲ့တဲ့ လူမျိုးပါ။
အင်းဝမင်းခေါင်နဲ့ ဟံသာဝတီရာဇဓိရာဇ်နှစ်လေးဆယ်စစ်ခင်းခဲ့တယ်။ နောက်အင်းဝ က ရှမ်းတိုက်လို့ပျက်၊ ဟံသာဝတီက တောင်ငူတပင်ရွှေထီးဘုရင့်နောင်အောက်ရောက်။
ဘယ်မလဲဗမာ၊ ဘယ်မလဲမွန်။
ကျနော်တော့ ပဒေသရာဇ်တွေပဲ မြင်တယ်။
ပုဂံသားတွေဟာ ဗမာတွေ ဆိုရင် တောင်ငူသားတွေက ဘာတွေလဲ။
သမိုင်းကို ဇွတ် ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံလို့ လုပ်ပစ်တော့ လုံးချာလိုက် လူမျိုးစုတွေအကြား ဗမာကပဲ ပိုစွာသလိုလို ဖြစ်သွားတယ်။
တောင်ငူတွေက ရှမ်းဆက်၊ ကရင်ဆက်တွေ မဟုတ်ဘူးလား။
ဘယ်နှယ့် ဒုတိယမြန်မာနိုင်ငံလုပ်ပစ်သလဲ။
အဲဒီတောင်ငူလည်း ရခိုင်လာတိုက်တော့ပျက်တာပါပဲ။
သည့်နောက် ဒုတိယအင်းဝမင်းဆက် ပြန် စ၊ နောက် ဟံသာဝတီ မွန်တွေ၊ ကွေ့ရှမ်းအုပ်စုတွေ ဝိုင်းတိုက်ပြီး အင်းဝ ပျက်ပြန်။
အဲဒီဟံသာဝတီ ကို မုဆိုးဖိုရွာသားတွေ နိုင်ငံသစ်ထူထောင်ပြီး ပြန်တိုက်လို့ ပျက်ရပြန်။
သမိုင်းကို သင်ပုံမကျတော့ ဗမာစွဲ၊ မွန်စွဲ ရှမ်းစွဲ စွဲပြီး ခုထိ မအေးနိုင်ကြဘူး။
ကျနော်တော့ Qin Dynasty ကြည့်ပြီး ပုဂံ၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ၊ ဓညဝတီ တွေကို ဝေ တို့၊ ကျောက်တို့၊ လျူ တို့ နိုင်ငံတွေ လိုပဲ မြင်လာတယ်။
ခေတ်သစ်မြန်မာပြည်သားတယောက်အနေနဲ့ သမိုင်းကိုဖတ်ပြီ ဟံသာဝတီ သူရဲကောင်းတွေလည်း သဘောကျရ၊ ရှမ်းစော်ဘွားတွေ ရခိုင်ဘုရင်တွေလည်းကြိုက်ရ ဖြစ်တယ်။
ခင်ဗျားတို့ လူကြီးတွေ ခုထိ မရင့်ကျက်နိုင် သမိုင်းကို သောက်တလွဲသင် မျိုးဆက်သစ်လူငယ်တွေကို ကျဉ်းမြောင်းစိတ်နဲ့ အမုန်းတွေ လက်ဆင့်ကမ်းနေသရွေ့ ဘယ်တော့မှ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုဖြစ်လာမှာ မဟုတ်ဘူး။
အားနာနာနဲ့ ပြောပါဦးမယ်။
လူတွေက နှစ်ယောက်တပိုင်းနဲ့ ပါတီတွေထောင်၊ ကိုယ့်ပြည်နယ်ထဲမှာတောင် ရာနှုန်းပြည့်ထောက်ခံမှုမရ၊ ပါးစပ်သုံးလေးပေါက်က “အမျိုးသားရေး” “လူမျိုးစုရေး” အော်နေရုံသက်သက်ပဲ။
ဒီမိုကရေစီစနစ်ပါ။ လူတကိုယ်မဲတပြားစီ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့် ရှိစွာ ရွေးချယ်ရာမှာ ခင်ဗျားတို့ကို ပြည်သူက မယုံလို မကြိုက်လို့ မရွေးတာပေါ့။
ကြိုက်လို့ ထောက်ခံထားတဲ့သူတွေ ပါတီတွေဟာ ပြည်သူကို ကိုယ်စားပြုပါတယ်။
အရင် ဓါးမိုးတဲ့ စစ်အစိုးရ၊ မဆလအစိုးရ နဲ့ မတူ၊ ဒီပါတီ ဒီအစိုးရဟာ ပြည်သူကိုယ်စားပြုတယ် ဆိုတာ နားလည် လက်ခံဖို့ လိုတယ်။
အာဏာခွဲဝေရေးမှာ တိုင်းရင်းသားပါတီဖြစ်ရုံနဲ့ အာဏာကို ရော့အင့်ပေးရအောင် ပြည်သူတွေ ရဲ့ ရွေးချယ်တင်မြှောက်မှု ကို ပစ္စလက္ခတ် လုပ်စရာကျလို့။
ဒီတော့ ဒီအရေးကို ရှမ်းပါတီခေါင်းဆောင်တဦးက “သူတို့ဘယ်လောက်အင်အားကြီးကြီး ငတို့တိုင်းရင်းသားတွေ မပါဘဲ ဘာမှ လုပ်လို့မရဘူး “ လို့ ကျဉ်းမြောင်းစွာ ဆွမ်းကြီး ဝင်လောင်းပြန်တယ်။
ရလို့ မဆလ၊ နဝတ၊ နအဖ စစ်အင်ပါယာကြီးဆီမှာ တွေ့ရာအညာသား ရှမ်း၊ ကချင် ချင်း ဆိုင်းဘုတ်ကိုင်ခိုင်းပြီး၊ ပြည်ထောင်စုအတုနဲ့ ကျွန်ပြုခံခဲ့ကြရတာ မှတ်ကြသေးဟန်မတူလေ။ အဲလိုကျ ခင်ဗျားတို့ ဘာသံ ထွက်ခဲ့ကြရသတုန်း။
အန်အယ်လ်ဒီ က တိုင်းရင်းသားရေး ဆွေးနွေးဖို့ လက်ကမ်းလာတာကို စစ်အင်ပါယာခေတ်အမြင်၊ ဟိုးသမိုင်းအဆွေးအမြေ့အမြင်တွေ လက်ဆုပ်ကိုင်ထားပြီး ပုတ်ချနေတာဟာ သထုံမနူဟာ ထက် ဖျင်းတဲ့ သံတမန်ရေးပါပဲ။
ပါးပါးနပ်နပ် အန်အယ်လ်ဒီကိုပေါင်းပြီး ကိုယ်လိုချင်တာ ရအောင် လုပ်ရမှာပါ။
ပြည်သူရွေးချယ်တင်မြှောက်မှုကို အခြေခံပြီး အပြန်အလှန် ယုံကြည်မှုတည်ဆောက် အပေးအယူမျှတစွာ အလုပ်လုပ်သွားကြရမှာ။
တနည်းအားဖြင့် အပြန်အလှန် ပိုချစ်ခင်လာအောင် အားထုတ်ကြရမှာ။
မလုပ်နိုင်ရင် ခင်ဗျားတို့ပထွေးတွေရဲ့ စစ်အင်ပါယာစနစ်နဲ့ပဲ နေကြ။
ချိုတူးဇော်
(ငါ ဗမာ လည်း မဟုတ်သလို၊ ဘာလူမျိုးစွဲမှလည်း ရှိသူ မဟုတ်ပါလေ)