မြန်မာ့ဓလေ့ ဆေးမင်ထိုးတယ်… ဆိုရာမှာလိုက်နာရ မယ့် စည်းမျဉ်း စည်းကမ်းတွေ ရှိနေပါသေးတယ်။
ဆေးမင်ထိုးမယ်လို့ စပြီး ပြင်ဆင်ကြပြီဆိုတဲ့အခါ… ဦးစီး ပြုလုပ်သူ
မင်ကြောင်ဆရာက သတ်မှတ်ထား တဲ့ နေရာတစ်ဝိုက်ကို အရင်ဆုံး ပရိတ်ရေ ဖြန်း၊ ဆန်မန်း ပေါက်ပေါက် ကြဲပြီး မန္တာန်တွေ ရွတ်ဆိုရ ပါတယ်။
ပတ်ပတ်လည်မှ ရာဇမတ် ကာပြီး ပရိတ်သဲဖြူတွေ ခင်း လို့ ထောင့် လေးထောင့်မှာ ငှက်ပျောပင်တွေ စိုက်၊ ဂြိုဟ်ရှစ်လုံး နေ့နံသင့်ပန်းတွေ၊ အညွန့်အခက်တွေကို … အမိုး ပတ်ပတ်လည် မှာ ဆွဲချိတ်ထားရပါတယ်။
အမိုး အတွက်ကတော့…နေ့နံသင့် အပျိုတစ်ယောက် တည်းက ရက်လုပ်ထားတဲ့ … ဖျင်ထည် အဖြူ မှာ ပထမံ စမရုပ်တွေ၊ အင်းတွေကို ဟင်္သာ ပြဒါး နဲ့ ရေးခြယ်ပြီး မိုး ပါတယ်။
ဘေးပတ်ပတ်လည်မှာ နေ့နံသင့် အပျိုလေးတွေ … ရက်လုပ်တဲ့ တင်းတိမ်စောင်တွေကို ပရိတ်ချည်တွေ တွဲပြီး ကာရံ ရပါတယ်။
မြေပေါ်မှာတော့ … အလယ်ကြော ခွာထားပြီးတဲ့ … ငှက်ပျောရွက်တွေကို … ဆီမန်း လိမ်းပြီး ခင်းထားရ ပါတယ်။ ဒါကို … “မှောင်ခန်း” လို့ခေါ်ပါတယ်။
ဆေးမင်ထိုးမယ့် ကာလသားက မှောင်ခန်းထဲ မဝင်ခင် ရေမိုးသန့်စင်ပြီး ခေါင်းဖြီးလို့ ပုဆိုးအသစ် စည်းထားရ ပါတယ်။
အချိန်ကျလို့ မှောင်ခန်းထဲ ဝင်မယ့်အခါ… မှောင်ခန်းမှာ…ဝဲပေါက် ၊ယာပေါက်…ရှိသည့်အလျှောက် ဝဲပေါက်က ဝင်သူကို…”ဝဲမှောင်”၊ ယာပေါက်မှ ဝင်သူကို “ယာမှောင်” လို့ ခေါ်ပါတယ်။
“ယာမှောင်”…ဆိုတာကတော့ ဆေးတွေ အင်းတွေ… မပါ ဘဲ…အလှအပ အတွက်သာထိုးခြင်းဖြစ်ပါတယ်။
ဒီလိုထိုးမယ်ဆိုရင် ဦးစီးမင်ကြောင်ဆရာက…သုံးကွက်၊ ငါးကွက်၊ ကိုးကွက် အစရှိသဖြင့် ထိုးပေးပြီးရင် ကျန်တဲ့ အကွက်တွေအတွက် လက်ထောက်တပည့် နှစ်ယောက် က တစ်ပြိုင်တည်း ဖြည့်ထိုးပေးပါတယ်။
ဒီနှစ်ယောက် ညောင်းလာရင် ကျန်တဲ့ နှစ်ယောက်က အစားဝင်ပြီး အလွယ်တကူ ထိုးပေးနိုင်လို့…
ယာမှောင်သမား တစ်ယောက်ကို အချိန် တစ်နာရီ၊ နှစ်နာရီလောက်သာ ကြာပါတယ်။
“ဝဲမှောင်” မှာတော့ ဒီလိုလုပ်လို့ မရတော့ပါဘူး။
သူ့ ကို တော့ ဦးစီးဆရာနဲ့ နေ့သင့်နံသင့် ရွေးထားတဲ့… မင်ကြောင်ဆရာ နှစ်ယောက် စုစုပေါင်း သုံးယောက် က သာ ထိုးပေးနိုင်ပါတယ်။
တစ်ကြိမ်ထိုးရာမှာလည်း ဆရာ တစ်ယောက်သာ ထိုးပေးရပါတယ်။
သတ်မှတ်ထားတဲ့… မင်သေ့ကွက်(မင်ကြောင်ကွက်)တွေကို အစီအစဉ် အတိုင်း သာ လှည့်ပတ်ထိုးပေးရပါတယ်။
တစ်ဘက်တည်းမှာ အပြည့်ထိုးပြီးမှ အခြားနောက် တစ်ဘက်ကို ကူးထိုးလို့ မရပါ။
ဆေးထိုးစဉ်မှာ မန္တာန် ကျူးရပါသေးတယ်။
မင်သေ့ကွက်တိုင်းကို ဆေးအင်း အစီအရင်တွေအတိုင်း နက္ခတ်သင့်သည့်အတိုင်း ထိုးပေး ရပါတယ်။
ဆိုလိုတာက…မင်ကြောင် ထိုးတဲ့အခါ ဘယ်မင်သေ့ကွက်ကို ဘယ်နက္ခတ် သင့်တဲ့အချိန်မှာ ထိုးရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေပါတယ်။
ဝဲမှောင်မှာထိုးမယ့် ကာလသားကလည်း မင်သေ့ မထိုး ခင် ဆေးစင်ကို ထိခြင်းငါးပါးနဲ့ ရှိခိုးရပြီး နောက်မှာ ငါးပါး သီလခံယူရပါတယ်။
ပြီးရင် စည်းထားတဲ့ ပုဆိုးကို ချွတ်ပြီး ကိုယ်လုံးတီးနဲ့ မင်သေ့ဆရာတွေကို ရှိခိုး ရ ပါတယ်။
ပြီးရင်တော့ အနာကြီး၊အိုင်းအနာ ၊ပွေး စတဲ့ ရောဂါတွေ မရှိကြောင်း၊ယောက်ျားစင်စစ် ဖြစ်ကြောင်း စသဖြင့် ခန္တာကိုယ်ကို သုံးပတ်လှည့်ပြီး စစ်ဆေးခံ၊ မေးမြန်း ခံရပါတယ်။
ပြီးရင်တော့ မန္တာန်စုပ်လို့ နံ့သာ ဖြန်းပြီးတဲ့နောက်မှာ ဆေးမင်ထိုးဖို့ လဲလျောင်းပြီး အချုပ် ခံရပါတယ်။
ဆေးမင်ထိုးမယ့်သူကို ချုပ်မယ့်သူ လေးယောက် ရှိ ပါတယ်။
ဒီလေးယောက်ကလည်း ဆေးမင်ထိုးမယ့် သူနဲ့ နေ့နံသင့်သူများသာ ဖြစ်ရပြီး ပုဆိုးအသစ် စည်းထားတဲ့ သူတွေသာ ဖြစ်ရပါတယ်။
ဦးစီးမင်သေ့ဆရာကြီးက သတ်မှတ်ထားတဲ့နေရာတွေ မှာ ဂြိုဟ်ကြီးရှစ်လုံးရုပ်၊ ကုမ္ဘာဏ်ရုပ်၊ ဇော်ရုပ်၊ ဂဝံရုပ်၊ ဝက်ကုန်းရုပ်၊ ကြောင်ရုပ် စတာတွေကိုထိုးပြီးမှ ကျန်တဲ့ အဖြည့်ရုပ်တွေကို လက်ထောက် မင်သေ့ဆရာတွေကို ထိုးခိုင်းလေ့ရှိပါတယ်။
ဒီလိုနဲ့ ခါးကိုပတ်ပြီး မင်သေ့ထိုး၊ ခါးကနေ ပေါင်ကိုဆက်၊ ပေါင်ကမှ ဒူးကို ဆက်ပြီး ထိုးနှံ ရပါတယ်။
ဆေးနီ၊ ဆေးနက် နှစ်မျိုးရှိသည့်အတိုင်း… နှစ်မျိုးလုံး ထိုးမယ် ဆိုရင်တော့ ဆေးနီကို အရင် ထိုးရ ပြီး နောက်မှ ဆေးနက်ကို ကိုင်ရပါတယ်။
ဆေးနီ ထိုး ထားတဲ့ စုက် နဲ့ ဆေးနက် ကို မထိုးနှံရပါဘူး။
ဆေးမင်ထိုးပေးပြီးတဲ့အခါမှာ …
၁–ဝါးကပ် နဲ့ ထမ်းယူရသူ၊
၂–သူငယ်ချင်း နှစ်ယောက်(သို့)တစ်ယောက်နဲ့ တွဲ ထုတ်ရသူ၊
၃–ကိုယ်ကိုယ်တိုင် အကူအညီ မပါဘဲ ထွက်နိုင် ထနိုင်သူ … ဆိုပြီး ၃ မျိုးခွဲပါတယ်။
မင်ကြောင်ထိုးပြီးလို့ တင်းတိမ်အပြင်ကို ရောက်တာ နဲ့ လက်ပန်းပေါင်း အနည်းဆုံး ၃ ချက်စေ့အောင် ခတ်ကြ ရတဲ့ အလေ့တစ်ခု ရှိပါတယ်။
– ဝါးကပ်နဲ့ ထမ်းယူရတဲ့ သူဟာ ဝါးကပ်ပေါ်ကနေ ထူပေးထားတဲ့သူကို မှီလို့ ခတ်ခဲ့ရင်…ဒါကို … ” အဝါခတ် ” လို့ခေါ်ပါတယ်။
– တွဲပေးတဲ့သူနဲ့ ထွက်လာပြီး… တွဲပေးသူကို မှီလို့ ခတ်ခဲ့ရင်…ဒါကိုတော့…”အမြှောင်ခတ်”…လို့ခေါ်ပြီး
–တစ်ယောက်တည်းထွက်လာနိုင်ပြီးလက်ပန်းပေါင်း မမောမချင်း ခတ်နိုင်သူကိုတော့… “ထီးထီးခတ်”… လို့ ခေါ်ပါတယ်။
ဒါတွေဟာ ယာမှောင်သမားတွေအတွက် အရေးမကြီး လှသော်လည်း… ဝဲမှောင်သမားတွေအတွက်တော့ အလွန်အရေး ပါ ပါတယ်။
ဝဲမှောင်မှ ထွက်လာတဲ့သူတွေအတွက်…အမြှောင်ထ၊ အထီးထ…ထနိုင် ထွက်နိုင်မှသာ…ကြတ္တိကာ နက္ခတ် ထွက်တဲ့ တန်ဆောင်မုန်းလ ကျီးမနိုးပွဲမှာ ဆေးထပ်ခြင်း၊ ဆေးထိုးခြင်းတို့ကို ပြုလုပ်နိုင်မှာပါ။
(စပ်မိလို့ ပြောရရင်ဖြင့်… ကျီးမနိုးပွဲ …ဆိုတာဟာလည်း ယနေ့ခေတ်လို ကြက်ခိုး၊ ဘူးသီး ခိုး၊ပစ္စည်း ခိုးပြီးပျော်ပွဲ ကျင်းပတဲ့ ပွဲတော်မဟုတ်ကြောင်းကိုလည်း ဆောင်းပါး တစ်ပုဒ် အနေဖြင့် တင်ပြ ပါဦးမည်။ )
မင်သေ့ထိုးလို့ အိမ်ပြန်လာတဲ့ ကာလသားဟာ လမ်း တစ်လျှောက်မှာ တွေ့သမျှ သူတို့က နှုတ်ဆက်သမျှ… ပြန်နှုတ်ဆက် ရပါတယ်။
ဒီနေရာမှာလည်း ယောက်ျား အချင်းချင်းတွေ့လို့ … နှုတ်ဆက်မယ် ဆိုရင်တော့…လက်ပန်းပေါင်းကို … ဖြောင်းဖြောင်းမြည်အောင်ခတ်လို့…
“ဒါမှ ယောက်ျားဟေ့”…လို့အော်ပြီး နှုတ်ဆက်ကြ ပါတယ်။
မင်ကြောင်ထိုးခဲ့သူကလည်း လက်ပန်းပေါင်းသံ ပြန် ပေးလို့ …“ယောက်ျား” လို့ ပြန်အော်ရပါတယ်။
ခေါ်သံနဲ့ လိုက်သံ…ညီအောင် ပြန်ပေးဖို့ဆိုတာ သွေး ချင်းချင်း ရဲအောင် မင်ကြောင်ထိုးထားရတဲ့သူအဖို့တော့ မလွယ် လှပါဘူး။
မိန်းကလေးတွေကတော့ အိမ်ထဲကနေ လှမ်းခေါ်ပြီး ဆေးမင် မထိုးထားတဲ့ ကျော၊ ရင်၊လက်မောင်းသား၊ ခြေသလုံး စတာတွေမှာ နံ့သာရည်နဲ့လူးပေးကြပြီး… နံ့သာခွက်ထဲက ပန်းကို ပေးရပါတယ်။
ဒီအခါ မင်ကြောင်ထိုးတဲ့ ကာလသားဟာ…မိန်းကလေး ပေးတဲ့ ပန်းကို သျှောင်မှာထိုးပြီး…ရောင် မှာ ပန်ထား လက်စ ပန်း ကို မိန်းကလေးထံ ဖြုတ်ပေး ရပါတယ်။
အိမ်ကိုရောက်တော့မှ မိခင် တိုက်တဲ့ ပရိတ်ရေကို သောက်၊ ပရိတ်ချည်တွေနဲ့ သျှောင်မှာ ဖွဲ့ရစ်ပြီးကာမှ အသင့်ပြင်ထားတဲ့ အိပ်ရာပေါ် လဲလျောင်းပြီးမှသာ… မင်ကြောင်ထိုးခြင်းကိစ္စ အဆုံးသတ်ပြီးစီးပါတော့တယ်။
မူရင်းရေးသားသူ David Ya Zar အား လေးစားစွာ ခရက်ဒစ်ပေးပါသည်။
ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်။