နားတစ်စုံကို အုပ်ထားတဲ့လက်များ

Sports

ကျွန်တော့်ဇာတ်ကြောင်း ပြောရကြေးဆို အစ်ကိုကတော့ မပါမဖြစ်ပဲဗျ။ ပိုဆိုးတာက သူက ဘာကာဖန်ဒီတော့ သူ့အကြောင်း ဟာသလေးတွေကနေ စပြောလိုက်ရအောင်လား။

အသက်ချင်း ၅ နှစ်လောက်ကွာတဲ့ ညီအစ်ကိုနှစ်ယောက် အတူကြီးပြင်းလာရတာဆိုတော့ ကျွန်တော်တို့ကြားမှာ ရယ်စရာလေးတွေ ရှိတယ်ဗျ။ ကလေးတုန်းကတော့ တစ်ခန်းတည်းအတူအိပ်လာတာ ဘာမှမဖြစ်ပေမယ့် အစ်ကို ၁၅၊ ၁၆ နှစ်သားအရွယ် ရောက်လာတော့ ပြသနာစတက်တယ်။ သူက ဘော်ဒါတွေကို အိမ်လည်ခေါ်ချင်တယ်၊ ကျွန်တော်က ဟိုပြေးဒီပြေး နဲ့ လူပျိုတွေကြား သွားသွားရှုပ်တယ်ပေါ့ဗျာ။ ဒီတော့ဘရူနိုမင်းအပြင်မှာ သွားကစားနေစမ်းကွာလို့ နှင်လွှတ်ခံလာရတယ်ပေါ့။

ဒီလိုနဲ့ ဘောလုံးကပဲ ကျွန်တော့် ကစားဖော်၊ ကျွန်တော့် ကျောင်းသွားဖော်၊ ငယ်ဘဝမှတ်ဉာဏ်အားလုံးဟာ ဘောလုံးပိုက်လျက်သား ဖြစ်လာတော့တာပါပဲ။ တခြားနေရာတွေမှာ ဘယ်လိုလဲ မပြောတတ်ပေမယ့် ပေါ်တူဂီမှာအထူးသဖြင့် ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ကစားသမားကောင်းတွေ ပေါ်ထွက်ခဲ့တဲ့ ယူရို ၂၀၀၄ ခေတ်မှာဘောလုံးကို တကယ်ရူးသွပ်သူတိုင်း ဒီစိတ်တစ်ခုတည်းနဲ့ အသက်ရှင်ကြတာမျိုးဗျ။

အဲဒီတုန်းက မက်ဆီ နဲ့ ရော်နယ်ဒို ဆိုတာ လူငယ်လေးတွေ၊ ရော်နယ်ဒင်ဟို ရဲ့ အထွန်းတောက်ဆုံး ကာလတွေပေါ့။ ဘယ်နေရာသွားသွားဘယ်ကစားသမားက အကောင်းဆုံးဆိုတဲ့အကြောင်း ကလေးတွေ ငြင်းခုန်နေကြတာ ခင်ဗျား တွေ့ရလိမ့်မယ်။ ကျွန်တော် နဲ့ အစ်ကို့ကြားမှာလည်း ဒီလိုပဲ။ ဒီနှစ် ဘယ်သူ Ballon d’Or ရမလဲ ငြင်းတယ်၊ ဘယ်သူ့သွင်းဂိုးက ပိုလှကြောင်း ငြင်းတယ်၊ ဘယ်သူကဖြင့် တကယ့် GOAT ဆိုတဲ့အကြောင်း ငြင်းခုန်ကြတယ်။

ကျွန်တော်ကတော့ အမြဲတမ်း ခရစ္စတီယာနို ဘက်ကပဲ။

အစ်ကိုကလည်း မက်ဆီ မှ မက်ဆီ။

ဒီလိုနဲ့ ခရစ္စမတ်နေ့တစ်နေ့မှာ အဖေအလုပ်လုပ်နေတဲ့ ဆွစ်ဇာလန်နိုင်ငံဆီ ညီအစ်ကိုနှစ်ယောက် အလည်သွားရတယ်။ အဲဒီတုန်းက ဘောလုံးဂျာစီတစ်ထည် လိုချင်ရင် အခုခေတ်လို အင်တာနက်ကနေ အလွယ်လေး မှာလို့ရတာ မဟုတ်ဘူး။ ပေါ်တူဂီမှာဆို ပရီးမီးယားလိဂ်ဂျာစီတစ်ထည်ရဖို့ အတော်လေး ခက်တယ်။ ဝယ်လို့ရရင်လည်း ဈေးကခေါင်ခိုက်လို့ပဲ။ ဒီတော့ ဆွစ်ဇာလန်ရောက်တုန်းလေး အဖေက Nike အထည်ဆိုင်ကနေ ဂျက်ကက် တစ်ယောက်တစ်ထည် ဝယ်ခွင့်ပေးတယ်ပေါ့။ ဒီအခွင့်အရေးကြီးက ကျွန်တော်တို့အတွက် အတော်လေး ဆုံးဖြတ်ရခက်ခက်ဆိုတာ ခင်ဗျားလည်း သိမှာပါ။

နောက်ဆုံး အစ်ကိုက သူ့အချစ်တော် မက်ဆီ ကြောင့် အဝါရောင်ဘာကာဂျက်ကက် တစ်ထည် ယူလိုက်တယ်။ ဂုဏ်ဖော်ပြီး ပြောရရင် ကျွန်တော်က အဲဒီကတည်းက အကောင်းကြိုက်တတ်တာဗျယူနိုက်တက်ဂျက်ကက်ပဲ ရွေးဖြစ်ခဲ့တယ်။ အပြာသားပေါ်မှာ အဖြူစင်း တစ်ခုရယ်၊ အနီနည်းနည်းရယ်။ အဲဒီအင်္ကျီလေးကို အခုထိ မျက်လုံးထဲ စွဲနေတုန်းပဲဗျ။ ရော်နယ်ဒိုကြောင့်ပဲ ထင်ပါရဲ့ ကလေးဘဝ အင်္ဂလန်ကလပ်တွေထဲမှာ ယူနိုက်တက်က ကျွန်တော့် အိပ်မက်ပါပဲ။

ကျောင်းက ဆရာတွေက ပြောတယ်ဘရူနိုရေဘောလုံးဆိုတာ လက်တွေ့မဆန်ပါဘူးကွာ။ အရမ်းအပြိုင်အဆိုင်များတာ ကိုယ့်စာပဲကိုယ်လုပ်စမ်းပါတဲ့။ ကျွန်တော်ကတော့ဟုတ်ကဲ့ ကျွန်တော် ဒီထက်ပိုကြိုးစားပါ့မယ်လို့ပဲ ပြန်ဖြေဖြစ်တယ်။

ဟုတ်တယ်ဗျကိုယ့်အိပ်မက်အတွက် နည်းနည်းလောက်တော့ ရူးသွပ်ကြိုးစားသင့်တယ်လို့ ကျွန်တော် မြင်တယ်။ ကိုယ်တိုင်ကလည်း တွေးခေါ်ဆန်းသစ်နေဖို့ လိုတာပေါ့။ ဒီလိုနဲ့ပဲ နေရာလွတ်တွေ့ရင် ဂိုးတိုင်ထောင်၊ မြက်ခင်း၊ သဲကွင်းမရှောင် ဘောကန်ရင်း တဖြည်းဖြည်း အရွယ်ရောက်လာခဲ့တယ်။  ကျွန်တော်တို့တွေ ဘောလုံးကစားတယ်ဆိုတာ အော်ဟစ်ဆဲဆို၊ တကယ့်ကိုအတည်ဆော့တာ ဆိုပေမယ့် အချင်းချင်းကြားမှာတော့ဆွေးနွေးညှိနှိုင်းလို့ပဲ သဘောထားတယ်။

ပြောနေရင်း လင်ဒီလော့ နဲ့ ကတောက်ကဆဖြစ်ခဲ့တဲ့ အမှတ်တရလေးကိုတောင် သွားသတိရမိတယ်ဗျ။ ယူရိုပါလိဂ်ဆီးမီးဖိုင်နယ်တုန်းကလေကျွန်တော်တို့ချင်းကတော့ဆွေးနွေးညှိနှိုင်းဆိုပေမယ့် ဂျာနယ်တွေပေါ်ရောက်တော့ အတော်လေး ရုပ်ပေါက်သွားတယ်။ ကျွန်တော့်အတွက်ကတော့ ကလေးဘဝ မိုင်ယာမှာ ဘောလုံးကစားနေသလိုမျိုးပါပဲ။ ပေါ်တူဂီမှာ ဒီလိုပဲ ကစားကြ၊ ပြောကြဆိုကြတာ မဟုတ်လား။ ကွင်းထဲမှာ ခင်ဗျားတလွဲလုပ်ရင်လည်း ကျွန်တော် ထောက်ပြနေဦးမှာပဲ။ ကျွန်တော်ကတော့ ဘောလုံးကစားရင် ရင်ထဲကျန်အောင်ပဲ ကစားတယ်။ ဒါပေမယ့် ကွင်းထဲကကိစ္စ ကွင်းထဲမှာပဲ ထားခဲ့မှာ၊ မနက်ဖြန်ရောက်ရင် ပခုံးချင်းဖက်၊ အားလုံးသူငယ်ချင်းတွေပဲ မဟုတ်လားဗျ။

အမှန်အတိုင်း ဝန်ခံရရင် ဝေဖန်ခံရတာကို ပိုတောင်ကြိုက်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ဝေဖန်မှုတွေက ကိုယ့်ကိုယ်ကိုယ် နားလည်စေတယ်၊ မှိန်းမနေဘဲ ဒီထက်ပိုတိုးတက်လိုစိတ် ဖြစ်စေတယ်။ ခင်ဗျားလည်း သိသားနဲ့၊ တစ်ချို့ဆို ကိုယ့်ဘေးနားမှာဟုတ်ကဲ့တစ်လုံး ပြောတတ်သူတွေချည်း ရွေးထားတတ်တာမျိုး၊ ကျွန်တော်ကတော့ အဲဒီလို လူစားမျိုး မဟုတ်ဘူး။ ကွင်းထဲမှာ ကိုယ့်ကိုမရှိန်ဘဲ ဘယ်နေရာ၊ ဘာမှားနေလဲ လက်ညှိုးထိုးပြရဲတဲ့ သူငယ်ချင်းမျိုးပဲ လိုချင်တယ်။

ပွဲပြီးလို အိမ်ပြန်ရောက်ချိန်တိုင်းမှာလည်းမင်းကိုတော့ ခင်ပါတယ်၊ ဒါပေမယ့် ဒီနေ့ မင်း ဂိုးသွင်းနိုင်ခဲ့သင့်တယ်။ Passing ‌တွေကတော့ ကောင်းပါရဲ့၊ မင်း ဖြုန်းလိုက်တဲ့ အခွင့်အရေးတွေလည်း မနည်းဘူးဆိုတာမျိုးပဲ ကြားချင်တယ်။

တစ်ခါတလေ ဒီလိုစကားမျိုးကို ကျွန်တော့် သမီး မတယ်ဒီ ဆီက ကြားရတတ်တယ်ဗျ။ ၃ နှစ်သမီး အရွယ်လေးဆီကနော်။ သူ့ ဝေဖန်ပုံက နည်းနည်းတော့ ဆန်းတာပေါ့။ သမီး ပေါက်စလေးတုန်းကဆို ကျွန်တော် နဲ့ ကျွန်တော့်ဇနီးကို သိပ်ဒုက္ခပေးတာ။အဲဒီအရုပ်တွေ မကိုင်နဲ့၊ ချထားလို့ ပြောရင် နားနှစ်ဖက်ကို လက်နဲ့အုပ်ပြီး မကြားချင်ဟန်ဆောင်နေတတ်တာမျိုး။မသိဘူး မသိဘူးသမီး မကြားဘူးဆိုတဲ့ အထာမျိုးပေါ့ဗျာ။

သူ အဲဒီလိုလေး လုပ်ပြတိုင်း ကျွန်တော့်မှာ ရယ်နေရတယ်။ ဒါကြောင့်ပဲ ဂိုးသွင်းတိုင်း လက်နှစ်ဖက်ကို နားမှာအုပ်ပြီး အောင်ပွဲခံတာပါ။ ဒီလိုနဲ့ ကျွန်တော့်ပွဲတွေ ထိုင်ကြည့်နေတတ်တဲ့ သမီးလေးက ဒီအမူအရာကို သတိထားမိလာတယ်။ သူ့အဖေ လုပ်နေသမျှဟာ သူ့အတွက်ပဲ ဆိုတာ နားလည်လာတယ်ပေါ့။ အခုဆိုရင် ကျွန်တော် နားအုပ်ဖို့ မေ့သွားတာ ဖြစ်ဖြစ်၊ ကင်မရာတွေ ကျော်သွားတာဖြစ်ဖြစ်၊ ဂိုးသွင်းပြီးလို့ ဒီအမူအရာကို သူမမြင်လိုက်ရရင် အိမ်ရောက်တာနဲ့ ပြသနာရှာခံရတော့တာပဲ။ဖေဖေဘာလို့ နားမအုပ်ထားတာလဲတဲ့။

ဟားဟားကျွန်တော့် ဒုက္ခကို ခင်ဗျားတို့ မြင်ပြီမဟုတ်လား။

ဒါကြောင့်ပဲ ကျွန်တော် အမြဲတမ်း သင်ယူချင်နေတယ်၊ တိုးတက်ချင်နေတယ်၊ ဒီထက်ပိုကောင်းတဲ့ ဘရူနို ဖြစ်ချင်နေတာဗျ။

ပြောရရင် ဒီလိုစိတ်ဓာတ်မျိုးက ကျွန်တော့်မိသားစုကနေ လာတာပါ။ ဘောလုံးစကန်ချိန် ကတည်းက ကျွန်တော် ဂိုးဘယ်လောက် သွင်းနိုင်သလဲ၊ ပေးပို့မှု ဘယ်လောက်လုပ်နိုင်သလဲ အဖေ စိတ်မဝင်စားဘူး။ ဒါပေမယ့် အမှားဘယ်လောက် လုပ်လာလဲ၊ အသင်းအတွက် ဘယ်လိုကောင်းအောင် လုပ်ပေးနိုင်ခဲ့သင့်သလဲ ဆိုတာတော့ သူ တစ်ခုမှ မမေ့ဘူး။

မှတ်မှတ်ရရ Boavista ကလပ် ၁၅ နှစ်အောက်အသင်းမှာ ကစားခဲ့တုန်းက ပေါ်တိုနဲ့ ထိပ်တိုက်တွေ့တဲ့ နေ့ပေါ့။ ပေါ်တူဂီရဲ့ အင်အားအကြီးဆုံးကလပ်၊ ကျွန်တော့်ထက် လူကောင်ပိုထွား၊ ပိုမြန်တဲ့ ပြိုင်ဘက်တွေကို ယှဉ်ထိန်းရင်း ခံစစ်နေရာမှာ ကျွန်တော် အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ၁၀ နဲ့ ရှုံးသွားသည့်တိုင် အားလုံးက ကျွန်တော့်ကို ဝိုင်းချီးကျူးရတဲ့ ပွဲပေါ့။

ပေါ်တိုနည်းပြကိုယ်တိုင်ဒီကောင်လေး တစ်နေ့ ဘောလုံးသမား ဖြစ်လာမှာကွလို့ ပြောလာတော့ ဘာပြောကောင်းမလဲ၊ ဘဝင်တွေမြင့်သွားချက်များ လပေါ်ထိရောက်မယ်။

ဒါပေမယ့် အဖေကတော့ အဲလိုမမြင်ဘူး။ဟိုဘက် ပေါ်တိုဂိုးပေါက်တောင် မင်းမြင်ခဲ့လို့လား။ မင်းသာ အဲဒီလောက် Deep မကစားခဲ့ရင် သူတို့တွေ Cross Pass လုပ်ဖို့ အဲ့လောက် လွယ်ခဲ့မလားတဲ့။

အဖေ ပြောမှ ပေါ်တိုဂိုးပေါက်အကြောင်း ကျွန်တော် စဉ်းစားမိတယ်။ အမှန်အတိုင်း ပြောရရင် ကိုယ့်အသင်း Build-up ကစားနေချိန်မှာတောင် ကျွန်တော် ဝင်မပါခဲ့ဘူး။ တစ်ပွဲလုံး ကွင်းတစ်ဖက်ခြမ်းမှာပဲ ကစားနေမိခဲ့တာလေ။ ဒါပေမယ့် အဖေ ပြောစကားတွေကြောင့် ကျွန်တော် စိုးရိမ်တတ်လာတယ်။ စိုးရိမ်လာတာနဲ့အမျှ ပွဲပြီးသွားတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တတ်လာတယ်။ ရှုံးလာပြီဆိုရင် ဘာကြောင့် ရှုံးရသလဲ အဖြေရှာတတ်လာတယ်။ အစားလည်း မစားနိုင်၊ အခန်းထဲ ခွေပြီး စဉ်းစားနေတော့တာပဲ။ လက်ရှိ ခင်ဗျားတို့ မြင်နေရတဲ့ ကျွန်တော့်စိတ်ဓာတ်ဆိုတာ တခြားသူတွေအတွက် ပြင်းထန်ကောင်း ပြင်းထန်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒါက ပိုအလုပ်ဖြစ်တယ်ဗျ။

ဘောလုံးသမားတစ်ယောက်အဖြစ် ရှင်သန်ရေးမှာ ဒီစိတ်ဓာတ်က အဓိကကျခဲ့ပါတယ်။ ကျွန်တော် ၁၄/၁၅ နှစ်သားအရွယ် ရောက်လာတော့ အရာရာ ပြောင်းလဲသွားတယ်။ ကိုယ့်မှာ ပါရမီ ရှိနေရုံ၊ ကြိုးစားနေရုံ ဒါမှမဟုတ် စိတ်အားထက်သန်နေရုံနဲ့ မရတော့ဘူး။ ရှိသမျှအရာအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်တတ်ဖို့ လိုလာတယ်။ ဘောလုံးတစ်ခုတည်းအတွက် ရှင်သန်ရဖို့ဖြစ်လာတယ်ပေါ့။

သိပ်မကြာခင်မှာပဲ အီတလီမှာ ထွက်ကစားရတယ်။ စမ်းသပ်ခံရတယ်ဆိုတာ ဒါမျိုးကိုးဗျ။ အသက် ၁၇ နှစ်နဲ့ နိုင်ငံရပ်ခြားမှာ ကျွန်တော် တစ်ယောက်တည်း၊ သူတို့စကားလည်း မပြောတတ်၊ အပေါင်းအသင်းလည်း မရှိ၊ သိပ်ကို ခက်ခဲခဲ့တာပေါ့ဗျာ။ ဒီကြားထဲ အထီးကျန်တဲ့ ဝေဒနာကိုပါ ခံစားလာရတယ်။ငါ ဘောလုံး မကစားတော့ဘူးကွာဆိုပြီး လက်မြှောက်အရှုံးပေးပစ်ချင်စိတ်တွေ ပေါက်ခဲ့ဖူးပါတယ်။

တကယ်လို့သာ ငယ်ငယ်လေးကတည်းက အဖေ ကျွန်တော့်ကို ဒီစိတ်ဓာတ်တွေ ရိုက်မသွင်းပေးခဲ့ရင် အီတလီမြေမှာ ကျွန်တော် ရှင်သန်နိုင်ခဲ့မယ် မထင်ဘူး။ တကယ်လို့ အဖေသာအေး ငါ့သား မင်းကစားတာ အရမ်းကောင်းတာပဲဆိုတဲ့ လူစားမျိုး ဖြစ်ခဲ့ရင်၊ ပွဲပြီးချိန်တိုင်း တဖွဖွချီးကျူးနေခဲ့ရင် ကျွန်တော် ဒီနေ့လို ဘောလုံးသမားတစ်ယောက် ဖြစ်နေမယ် မထင်ဘူးဗျ။

ဘာကြောင့်လဲဆိုတော့ လက်တွေ့ဘဝက ပန်းခင်းလမ်းမှ မဟုတ်ဘဲ။

လက်တွေ့ကမ္ဘာမှာ ပွဲတစ်ပွဲပြီးသွားတိုင်းမင်း သိပ်ကောင်းတာပဲလို့ ဘယ်သူကမှ ချီးမွမ်းနေမှာ မဟုတ်ဘူး။

အဲဒီအစားသောက်သုံးမကျလိုက်တာဆိုတဲ့ ဝေဖန်သံတွေပဲ ခင်ဗျားကြားရလိမ့်မယ်။ ဘောလုံးဆိုတာ ဒါပဲဗျ။ ခင်ဗျား လုပ်ရမှာက ဝေဖန်သံတွေကို ပြုံးပြုံးလေး နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် မညှာတမ်း ဆန်းစစ်ရမှာ။ ပြီးတော့ စိတ်ခွန်အားအဖြစ် ပြန်အသုံးချပစ်ရမှာ။

ကျွန်တော့် မိသားစုကတော့ အမြဲတမ်း အမှန်တရားကိုပဲ ပြောတယ်။ ဒီတော့ စိတ်ပျက်လာချိန်တိုင်း သူတို့ပြောတာတွေကိုပဲ ကျွန်တော် နားထောင်တယ်။ဘရူနိုမင်း အရှုံးပေးလိုက်လို့ မရဘူး၊ ဒါက မင်းအိပ်မက်၊ မင်း ဆက်လှမ်းကို လှမ်းရမယ်လို့ သူတို့ အားပေးကြတယ်။ ခင်ဗျား နားလည်မလားတော့ မသိဘူး။ ဒီစကားတွေက ကျွန်တော့်အတွက် သိပ်ကိုခွန်အားဖြစ်စေခဲ့တယ်။ ဒါကြောင့် ကျွန်တော် ဆက်လှမ်းတယ်၊ ဆက်ကြိုးစားတယ်။

ဒီလိုနဲ့ မယုံနိုင်စရာကောင်းတဲ့ ဖြစ်ရပ်ကြီး တစ်ခု ဖြစ်ခဲ့ပါလေရောလား။

အဲဒီနေ့က ၂၀၁၇၊ ဩဂုတ်လ ၂၈ ရက်ပေါ်တူဂီလက်ရွေးစင်အသင်းကြီးမှာ ကစားဖို့ ကျွန်တော် အခေါ်ခံရတယ်။ ဖာရိုး နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲပေါ့။ ကိုယ့်နိုင်ငံအတွက် ကိုယ်စားပြုကစားရတဲ့ ဘယ်အခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ သိပ်ကြီးမားတဲ့ ချီးမြှောက်ခံရမှုပါပဲ။

ဒါပေမယ့် ခင်ဗျား စဉ်းစားကြည့်ပါဦး။ လွန်ခဲ့တဲ့ ၁၃ နှစ်၊ အခုလိုအချိန်က ပေါ်တူဂီအသင်း အဝတ်လဲခန်းထဲ ကျွန်တော် ရောက်ခဲ့ဖူးတယ်။ ယူရို ၂၀၀၄ ဖိုင်နယ်၊ ဂရိနဲ့တွေ့တဲ့ ပွဲပေါ့။ မျက်နှာမှာ ဆေးတွေခြယ်၊ ပေါ်တူဂီအလံကို ဝှေ့ရင်း အိမ်သားတွေနဲ့အတူ အားပေးနေခဲ့တာလေ။ အဲဒီနှစ်ကစပြီး ဘောလုံးလောကမှာ ခရစ္စတီယာနို တစ်ရှိန်ထိုး အောင်မြင်သွားလိုက်တာ၊ ပေါ်တူဂီသားတိုင်းအတွက် မမေ့နိုင်စရာပါပဲ။ ဒါပေမယ့် ကျွန်တော်က ၉ နှစ်သားအရွယ် ချာတိတ်၊ အရာရာတိုင်းက ခမ်းနားလွန်းနေခဲ့တယ်။ အဲဒီနေ့က ဂရိကို ရှုံးခဲ့ပါတယ်။ ကျွန်တော် အများဆုံးမှတ်မိနေတာကတော့ ပွဲသိမ်းခရာမှုတ်ချိန်မှာ ယိုစီးကျလာတဲ့ အားလုံးရဲ့ မျက်ရည်တွေပါပဲ။

ဒီလိုနဲ့ ၁၃ နှစ်တာ ကြာသွားပြီးတဲ့နောက် ဒီအဝတ်လဲခန်းထဲ ကျွန်တော် နောက်တစ်ခေါက် ခြေချခွင့် ရခဲ့ပြီ။ နိုင်ငံ့လက်ရွေးစင်အဖြစ် ပါဝင်ကစားခွင်ရခဲ့ပြီ။ ဒီတစ်ခါမှာတော့ သိပ်ကို ပျော်စရာကောင်းနေပြန်ရော။ ခရစ္စတီယာနို အခန်းထဲ ဝင်လာချိန်တုန်းကဆို မျက်နှာမထားတတ်အောင် ရှက်နေမိခဲ့တာပေါ့။ စိတ်တွေ အရမ်းလှုပ်ရှားနေခဲ့တာဗျ။

ခရစ္စတီယာနို လို ကစားသမားမျိုးနဲ့ တွဲကစားရမယ့်အပြင် ကျွန်တော့်ဘေးမှာ အရမ်းကောင်းတဲ့ ပေါ်တူဂီကစားသမားတွေ ရှိနေတယ်ဆိုတာ သိပ်ကို ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ နောက်ပြီး မျက်နှာပေါ် ဆေးခြယ်ထားတဲ့ ကိုးနှစ်အရွယ် ကလေးတွေ ကျွန်တော်တို့ကို ငေးကြည့်နေတာလည်း မြင်နေရတယ်။ အမှန်အတိုင်း ပြောရရင် နောက်လာမယ့် မျိုးဆက်အတွက် တွန်းအားတစ်ခုခု ပေးချင်ခဲ့တယ်။ငါတော့ ဘရူနို လို ဖြစ်လာမှာ မဟုတ်ပါဘူးလို့များ သူတို့လေးတွေ တွေးမိခဲ့ရင်နိုး နိုး ငါလည်း မင်းတို့လိုပါပဲ၊ တစ်ချိန်က ငါလည်း ခရစ္စတီယာနိုကို ငေးကြည့်ခဲ့ဖူးတယ်၊ အိပ်မက်တွေ မက်ခဲ့ဖူးတယ်၊ အခုမင်းတို့လိုမျိုးပေါ့ဆိုတာမျိုး ပြောချင်တယ်။ ကျွန်တော့် ဇာတ်ကြောင်းတစ်ခုလုံးကို တစ်ခုမကျန် အမှန်အတိုင်း ပြောပြချင်တယ်ဗျာ။

မန်ချက်စတာယူနိုက်တက် နဲ့ စာချုပ်ချုပ်ရတာကတော့ ကျွန်တော့်ဘဝအိပ်မက်ရဲ့ အထွတ်အထိပ်လို့ပဲ ပြောရမှာပေါ့။ အပြောင်းအရွှေ့တွေ တကယ်ဖြစ်နေမှန်း အေးဂျင့်ဆီက ကျွန်တော်ကြားရတော့ ဆွစ်ဇာလန်မှာ ဂျက်ကက် ရွေးခဲ့ရချိန်လေးကို ပထမဆုံး ပြေးမြင်မိတယ်။ ဒီနေရာထိရောက်အောင် ကျွန်တော် ဘယ်လောက် ဖြတ်သန်းခဲ့ရကြောင်း၊ ကျွန်တော့် မိသားစုကလွဲပြီး ကျန်တဲ့သူ နားမလည်နိုင်တဲ့အကြောင်းတွေပေါ့။

ယူနိုက်တက်ဆီ တကယ်ပြောင်းရမယ် သေချာသွားချိန်မှာ ကျွန်တော့် မိန်းမ နဲ့ သမီးလေးဆီ ဖုန်းဆက်တယ်။ ပြောနေရင်းတန်းလန်း ကျွန်တော် မျက်ရည်တွေနဲ့ ငိုနေမိခဲ့တယ်ဗျ။

ပျော်လို့ကျတဲ့ မျက်ရည်၊ ဝမ်းသာလို့ကျတဲ့ မျက်ရည်၊ အတိတ်အဖြစ်အပျက်တွေကြောင့်ကျတဲ့ မျက်ရည်တွေပါပဲ။

ကျွန်တော့်ဇနီး နဲ့ ချစ်သူဘဝတုန်း အီတလီကနေ သူ့ဆီ ဖုန်းဆက်ပြီး အရှုံးပေးချင်တဲ့အကြောင်းတွေ ပြောပြတော့မဟုတ်သေးဘူး ဘရူနို၊ ဒါက မင်းအိပ်မက်ပဲ၊ အရှုံးမပေးလိုက်စမ်းနဲ့ဆိုတဲ့ အားပေးစကားတွေ ပြန်ကြားယောင်လာတယ်။

အဲဒီနောက် ကျွန်တော့်အစ်ကိုဆီ ဖုန်းထပ်ဆက်တယ်။ ဒီတစ်ခါလည်း ငိုတာပါပဲ။ ကျွန်တော်တို့ ညီအစ်ကိုကြား အပြိုင်အဆိုငြင်းခဲ့ကြတဲ့ဘယ်သူက GOAT”ဘယ်အသင်းက ချန်ပီယံလိဂ်ရမှာဒီနှစ် ယူနိုက်တက်ဆီ ဘယ်သူရောက်မှာဆိုတဲ့ စကားတွေ ပြန်သတိရနေမိတယ်။ အစ်ကိုလည်း ငိုနေမယ် ထင်ပါရဲ့။

နောက်ဆုံး အဖေ့ဆီ ကျွန်တော် ဖုန်းဆက်တယ်။ ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေမှာတောင် အိပ်မက်နောက်လိုက်ဖို့ ခွန်အားတွေ ပေးခဲ့သူ၊ ကျွန်တော့်ကို မညှာတမ်း ဝေဖန်ခဲ့သူ၊ မိသားစုအတွက် နိုင်ငံခြားမှာ တစ်ယောက်တည်း အလုပ်ထွက်လုပ်ရင်း အရာရာပေးဆပ်ခဲ့သူကြီးဆီကိုပေါ့။

ဒီတစ်ခေါက်တော့ အဖေ ငိုနေခဲ့တယ်ဗျ။

အဖေ့နားကပ်ပြီး ဖုန်းနားထောင်နေမယ့် ကျွန်တော့်အမေ နဲ့ ကျွန်တော့် ညီမလေးလည်း အပျော်မျက်ရည်တွေ ကျနေခဲ့မယ် ထင်ပါတယ်။

အခုဆို ယူနိုက်တက်အတွက် ကျွန်တော် ကစားပေးနေရပြီ။ အဖေလည်း အရင်ကလောက် မဝေဖန်တော့ဘူး။ ဝေဖန်စရာရှိရင်တောင် နောက်တစ်နေ့ကူးတဲ့အထိ စောင့်ပေးတတ်လာပြီ။ ၂၄ နာရီ အနားပေးတယ်ပဲ ဆိုပါတော့။

တစ်နေ့ကျရင်ပေါ့ဗျာကျွန်တော် ကမ္ဘာ့ဖလားကြီး မြှောက်နိုင်တဲ့တစ်နေ့၊ ဂိုးသွင်းပြီးလို့ နားနှစ်ဖက်ကို လက်နဲ့အုပ်ဖို့ မမေ့တဲ့တစ်နေ့ကျရင်ပေါ့၊ အဲဒီတစ်နေ့ကျ ၄၈ နာရီလောက်တော့ ကျွန်တော် အနားရမယ် ထင်ပါတယ်။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...