ဖရဲသီးဆိုတာ ? (Watermelon)

Local News

ဖရဲသီးဆိုတာ?
ဖရဲသီး (Watermelon)

တောင်အာဖရိကမျိုးရင်းပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ဝန်းကျင်က အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းမှာ စတင်စိုက်ပျိုးနေပြီဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဖရဲသီးကို ကမ္ဘာတလွှားမှာစိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ ဖရဲသီးက အခွံစိမ်းပြီး အတွင်းသားက အနီရောင်ရှိသလို အဝါရောင်လည်းရှိပါတယ်။ အရည်ရွှမ်းပြီး စားရတာချိုပါတယ်။ အစိမ်းစားလို့ရတဲ့ သစ်သီးတစ်မျိုးပါ။ နွားနို့၊သကြားတို့နဲ့လည်းဖျော်သောက်လို့ရပါတယ်။ ဖရဲသီးက မှည့်လာလေလေ Beta-carotene နဲ့ lycopene တို့ပါဝင်မှုများလေလေပါ။

ဖရဲသီးက ဘယ်လိုအာဟာရတွေရရှိနိုင်လဲ
ဖရဲသီးမှာ ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အာဟာရဓါတ်တွေ၊ ဗီတာမင်တွေ၊သတ္တုဓါတ်တွေနဲ့အော်ဂဲနစ်ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ဖရဲသီးမှာ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓါတ်၊ ပရိုတင်း နဲ့ ပိုတက်ဆီယမ်တု့ိပါဝင်နေပါတယ်။ ဒါ့အပြင် ဖရဲသီးမှာ ဗီတာမင် A၊ ဗီတာမင် B6၊ နီကာဆင်၊ သီရာမင်းနဲ့ ကာရိုတီးနွိုက်တို့လည်းပါဝင်နေပါတယ်။

ဖရဲသီးကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ
ဖရဲသီးက အချိုတည်းဖို့သက်သက်ပဲအသုံးဝင်တာမဟုတ်ဘဲ ခန္ဓါကိုယ်ကျန်းမာဖို့အတွက်လည်းတော်တော်လေးအသုံးဝင်ပါတယ်။ ဖရဲသီးစားရင် ခန္ဓါကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိလဲဆိုတာကိုတော့အောက်မှာဆက်ကြည့်လိုက်ရအောင်ပါ။

ကျောက်ကပ်ဝေဒနာကို သက်သာစေနိုင်ပါတယ်

ဖရဲသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အထောက်အကူပြုပေးပါတယ်။ သွေးထဲမှာ ယူရစ်အက်ဆစ်ပါဝင်မှုကိုလျှော့ချပေးနိုင်တာကြောင့်ကျောက်ကပ် ပျက်စီးနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ဖရဲသီးက ဆီးရွှင်စေနိုင်တာကြောင့်ကျောက်ကပ်ထဲကအဆိပ်အတောက်တွေကိုဆီးကနေတဆင့် ခန္ဓါကိုယ်ပြင်ပကိုစွန့်ထုတ်ပေးပါတယ်။ ဖရဲသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့်ကျောက်ကပ်တွေကို ကျန်းမာစေနိုင်ပါတယ်။

အပူလျှပ်ခြင်း

ဖရဲသီးက ခန္ဓါကိုယ်အပူချိန်ကို ကျဆင်းစေနိုင်သလိုသွေးပေါင်ချိန်ကိုလည်းကျဆင်းစေနိုင်ပါတယ်။ အပူပိုင်းဒေသတွေမှာဆိုရင်နွေရာသီလိုပူပြင်းတဲ့နေခင်းဘက်တွေမှာ အပူလျှပ်တာမျိုးမဖြစ်စေဖို့ ဖရဲသီးကိုစားသုံးကြပါတယ်။ ဖရဲသီးမှာရေဓါတ်များစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကိုလည်းရေဓါတ်ပြည့်ဝနေစေမှာပါ။

သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်

ဖရဲသီးမှာ ပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ကသွေးလွှတ်ကြောတွေနဲ့သွေးပြန်ကြောတွေအပေါ်မှာ သက်ရောက်နေတဲ့ တင်းအားတွေကိုလျော့ပါးသက်သာစေနိုင်ပြီးသွေးတွေစီးဆင်းအောင်လှုံ့ဆော်ပေးနိုင်တာကြောင့် နှလုံးသွေးကြောစနစ်ပေါ်သက်ရောက်တဲ့ ဖိအားတွေကိုလျော့ပါးသက်သာစေပါတယ်။ ဖရဲသီးမှာပါတဲ့ ကာရိုတီးနွိုက်ကသွေးကြောနံရံတွေတောင့်တင်းတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်သလိုသွေးတိုးတာနဲ့သွေးခဲတာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

ဖရဲသီးမှာ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ lycopene နဲ့ carotenoid phytonutrientsဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ lycopene က ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ နဲ့ သားအိမ်ကင်ဆာတွေဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။

ဆီးချိုကို ထိန်းညှိပေးနိုင်တယ်

အချိုဓါတ်၊ကစီဓါတ်တို့နဲ့မတည့်တဲ့ ဆီးချိုသမားတွေအနေနဲ့ ဖရဲသီးစားသုံးပေးနိုင်ပါတယ်။ ဖရဲသီးက ချိုပေမယ့် ကယ်လိုရီပါဝင်မှုကတော်တော်လေးနည်းပါတယ်။ ဖရဲသီးမှာ အဓိကပါဝင်ဖွဲ့စည်းထားတာကရေဓါတ်ဖြစ်တာကြောင့် ဆီးချိုသမားတွေစားသုံးဖို့ သင့်တော်တဲ့အစားအသောက်ပါ။ ဒါ့အပြင် ဖရဲသီးမှာပါတဲ့ ပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ် တို့လိုမျိုး ဗီတာမင်တွေ သတ္တုဓါတ်တွေက အင်ဆူလင်ကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပေးပါတယ်။

နှလုံးကျန်းမာစေတယ်

ဖရဲသီးမှာပါတဲ့ lypocene ကနှလုံးလုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့အရွယ်မတိုင်ခင်အိုမင်းတာကို တိုက်ဖျက်ပေးနိုင်တဲ့ Beta-carotene က ငယ်ရွယ်တဲ့အရွယ်မှာ နှလုံးကျန်းမာစေနိုင်သလို အသက်အရွယ်ရလာတာကြောင့်ဖြစ်လာတဲ့ နှလုံးပြဿနာတွေကိုလည်းလျော့ပါးသက်သာစေ နိုင်ပါတယ်။ ဖရဲသီးမှာပါတဲ့ ဗီတာမင် C၊ ကာရိုတီးနွိုက် နဲ့ ပိုတက်ဆီယမ်တို့ကသွေးတွင်းကိုလက်စထရောကိုလျော့ကျစေပြီး ရုတ်တရက် နှလုံးဖောက်တာတွေမဖြစ်အောင်ကာကွယ်ပေးပါသေးတယ်။

အမြင်အာရုံပျက်စီးမှုကို ကာကွယ်ပေးတယ်

ဖရဲသီးစားပေးရင် မျက်လုံးကျန်းမာရေးနဲ့ အမြင်အာရုံထိခိုက်မှာကို စိုးရိမ်စရာသိပ်မလိုတော့ပါဘူး။ ဖရဲသီးမှာပါတဲ့ beta-carotene၊ ဗီတာမင် C၊ lutein နဲ့ zeaxanthin တို့ကမျက်လုံးနဲ့အမြင်အာရုံထိခိုက်ပျက်စီးတာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံထိခိုက်ပျက်စီးတာနဲ့ မျက်လုံးရေတိမ်ဖြစ်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

ရောင်ရမ်းတာတွေကိုလျော့ပါးသက်သာစေပြီးOxidative Stressတွေကိုလျော့ကျစေပါတယ်

ရောင်ရမ်းမှုတွေက နာတာရှည်ရောဂါတော်တော်များများကိုဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းပါ။ ဖရဲသီးက နာကျင်ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်ပြီးoxidative damageဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။

ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်

ဖရဲသီးမှာပါတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ Citrulline က ကြွက်သားနာကျင်မှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

အားကစားသမားတွေအနေနဲ့လည်း ဖရဲသီးဖျော်ရည်သောက်သုံးပေးမယ်ဆိုရင် ကြွက်သားနာကျင်တာကိုသက်သာစေနိုင်မှာဖြစ်သလို နှလုံးခုန်မြန်တာကိုလျော့ပါးသက်သာစေမှာဖြစ်ပါတယ်။

အသားအရေနဲ့ဆံသားကိုကောင်းမွန်စေပါတယ်

ဖရဲသီးမှာပါတဲ့ ဗီတာမင်တွေဖြစ်ကြတဲ့ ဗီတာမင် A နဲ့ ဗီတာမင် C ကအရေပြားနဲ့ဆံသားကျန်းမာရေးအတွက် အရေးပါပါတယ်။ ဗီတာမင် C ကခန္ဓါကိုယ်ကကော်လာဂျင်တွေထွက်လာအောင်လုပ်ဆောင်ပေးပြီး အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ ဖရဲသီးမှာပါတဲ့ ဗီတာမင် A က အသားအရေခြောက်သွေ့တာတွေ အဖတ်လန်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။နေလောင်ဒဏ်ကြောင့်အရေပြားပျက်စီးတာကိုလည်း သက်သာစေနိုင်ပါတယ်။

အစာကြေစေနိုင်တယ်

ဖရဲသီးမှာရေဓါတ်ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓါတ်လည်းပါဝင်နေပါတယ်။ ဒီဓါတ်နှစ်ခုစလုံးက ကျန်းမာတဲ့ အစာချေစနစ်ဖြစ်ဖို့အတွက် အရေးပါတဲ့ ဓါတ်တွေပါ။ အမျှင်ဓါတ်က ဝမ်းပျော့ပျော့သွားစေနိုင်သလို အစာချေလမ်းကြောင်း လှုပ်ရှားမှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်။

ခန္ဓါကိုယ်အဆီကိုလျော့ကျစေနိုင်ပါတယ်

ဖရဲသီးမှာပါတဲ့citrulline ကခန္ဓါကိုယ်ရဲ့ အဆီဆဲလ်တွေထဲမှာ အဆီတွေစုပုံနေမှုကိုလျှော့ချပေးနိုင်ပါတယ်။citrulline က အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီးကျောက်ကပ်တွေကိုလည်း ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ ဒါတင်မကပါဘူးcitrulline ကခန္ဓါကိုယ်ရဲ့ အဆီဆဲလ်တွေကို အဆီထုတ်လုပ်မှုနည်းသွားအောင်လုပ်ဆောင်ပေးပြီး ကိုယ်တွင်းမှာအဆီစုပုံတာတွေမဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

သတိထားရမယ့်အချက်တွေ
ဖရဲသီးက ကျန်းမာရေးအတွက်တော်တော်လေးကောင်းတယ်ဆိုပေမယ့် အများကြီးစားရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ အချို့သောဗီတာမင်တွေအရမ်းများလာတဲ့အခါနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဗီတာမင် C ကိုအများကြီးစားသုံးမိမယ်ဆိုရင် ဝမ်းလျှောတာ၊ အစာအိမ်အူလမ်းကြောင်းမှာ မအီမသာဖြစ်တာတွေကိုဖြစ်စေနိုင်ပါတယ်။

ဖရဲသီးကိုအများကြီးစားမယ်ဆိုရင် ခန္ဓါကိုယ်ထဲမှာ ပိုက်ဆီယမ် နဲ့ lycopene အရမ်းများပြီး မအီမသာဖြစ်တာ၊ ဝမ်းလျှောတာ၊ အစာမကြေတာနဲ့လေပွတာတွေဖြစ်နိုင်ပါတယ်။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...