စစ်ကောင်စီီ၏ ယုတ်မာမှုကြောင့် မန္တလေးမှ CDM ခွဲစိတ်အထူးကုဆရာဝန်ကြီး ကွယ်လွန်

Local News

စစ်ကောင်စီမှ ကိုဗစ်ကူးစက်ခံစေပြီး ဆေးမကုပေးသောကြောင့် မန္တလေးမှ CDM ခွဲစိတ်အထူးကုဆရာဝန်ကြီး ကွယ်လွန်

မန္တလေး၊ သြဂုတ် ၈

စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် မန္တလေးဆေးရုံကြီးမှ CDM ခွဲစိတ်ဆရာဝန် ဒေါက်တာမောင်မောင်ငြိမ်းထွန်း (၄၅)နှစ် သည် ထောင်တွင်း၌ ကိုဗစ်ကူးစက်ခံခဲ့ရပြီး မန္တလေးဆေးရုံကြီး၌ ဆေးကုသမှုခံယူစဉ် ကွယ်လွန်သွားကြောင်း မန္တလေးမြို့ရှိ ဆရာဝန်များက ဆိုသည်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်း၏ မိခင်ဖြစ်သူ ဒေါက်တာ မမမေကလည်း ဒေါက်တာမောင်မောင်ငြိမ်းထွန်း ယနေ့နံနက် ၆း၃၈ မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးတင်ခဲ့သည်။

“သားကြီးဒေါက်တာမောင်မောင်ငြိမ်းထွန်း အသက် ၄၅ နှစ်သည် ဒီနေ့ ၈.၈.၂၀၂၁ နံနက် ၆နာရီ ၃၈ မိနစ် မှာကိုဗစ် ပြင်းထန် ဝေဒနာများမှလွတ်မြောက်ပြီးကောင်းမွန်ရာ ဘုံဘဝတပါးသို့ငြိမ်းချမ်းစွာ ကူးပြောင်းသွားပါပြီ” ဟု မိခင်ဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်လူသတ်စစ်ကောင်စီက မန္တလေးဆေးရုံကြီးမှ CDM ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းနှင့် ဒေါက်တာဆွေဇင်ဦးတို့ကို CRPH/NUG တွင် ပါဝင်သည်ဟုဆိုကာ မတရားအသင်းဥပဒေပုဒ်မ ၁၇/၁ ဖြင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီး အရေးယူခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင်နေထိုင်သည့် ခွဲစိတ်ဆရာဝန် ဒေါက်တာမောင်မောင်ငြိမ်းထွန်းသည် မြန်မာ့စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် CDM တွင်ပါဝင်ခဲ့သည်။

၎င်းသည် သီတဂူဆေးရုံတွင်လည်း ဆေးကုသမှုပေးနေသူဖြစ်ပြီး CDM ပြုလုပ်နေသည့်အချိန်တွင် ဆင်းရဲချို့တဲ့သည့် ပြင်ပမှလူနာများကို အခမဲ့ခွဲစိတ်မှုများပြုလုပ်ပေးခဲ့သူဖြစ်သည်။

၎င်းသည် CRPH/NUG တို့ဖြင့် ဆက်သွယ်ကာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သလို ကူညီထောက်ပံ့ခြင်းများပြုလုပ်သူအဖြစ် စစ်ကောင်စီ၏ စွပ်စွဲခြင်းကို ခံခဲ့ရပြီးနောက် ဇူလိုင် ၁၉ ရက်တွင် ၎င်း၏အမျိုးသမီးဖြစ်သူ ဒေါက်တာဆွေဇင်ဦးနှင့် အတူနေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်းနှင့် ဇနီးတို့ဖမ်းဆီးခံရပြီးနောက် နန်းတွင်းစစ်ကြောရေးစခန်းသို့ ခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး ထိုမှတစ်ဆင့် မန္တလေးဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့သည်။

ထို့သို့ထိန်းသိမ်းခံထားရစဉ် ကိုဗစ်ကူးစက်ခံရပြီး မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ပြီး ဆယ်ရက်ခန့်အကြာတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

“ဆရာက အင်မတန်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်။ စကစက ဖမ်းဆီးချုပ်နှောင်ထားလို့ ကိုဗစ်ကူးစက်ခံရပြီး အသက်ဆုံးရှုံးသွားရတာပေါ့။ စကစ မဖမ်းဘူးဆိုရင်ဆရာလည်း ရောဂါပိုးကူးစက်ခံရချင်မှခံရမှာပေါ့လေ။ အဓိက ကတော့ ဆရာမောင်မောင်ငြိမ်းထွန်းကို သတ်တဲ့သူက စစ်ကောင်စီပါပဲ” ဟု မန္တလေးမြို့မှ CDM ဆရာဝန်တစ်ဦးက ဆိုသည်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်း၏ ဇနီးဖြစ်သူ ဒေါက်တာဆွေဇင်ဦးလည်း ထောင်တွင်း၌ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသည်။

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော မန္တလေးမှ CDMခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း အကျဉ်းထောင်တွင် ကွယ်လွန်

ရန်ကုန်၊ ဩဂုတ် ၈

အကြမ်းဖက် လူသတ်စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော မန္တလေးမှ CDM ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာမောင်မောင်ငြိမ်းသည် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၈ မိနစ်တွင် ကိုဗစ်ရောဂါဖြင့် မန္တလေး အကျဉ်းထောင်တွင် ကွယ်လွန်သွားကြောင်း မိသားစုက တရားဝင် သတင်းထုတ်ပြန်သည်။

Burma Associated Press လေးစားစွာဖြင့် မှီငြမ်းပါသည်

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...