ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများအပြားရှိ စက်သုံးဆီဆီဆိုင်များတွင် ကျပ် ၅ သောင်းဖိုးအထိသာ ဆီကို အကန့်အသတ်ဖြင့်ရောင်းချပေးနေပြီး ဆီဆိုင်တချို့ မှာ အရောင်းပိတ်သိမ်းထား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများအပြားရှိ စက်သုံးဆီ ဆီဆိုင်များတွင် ကျပ် ၅ သောင်းဖိုးအထိသာ ဆီကို အကန့်အသတ်ဖြင့်ရောင်းချပေးနေပြီး ဆီဆိုင်တချို့ မှာ အရောင်းပိတ်သိမ်းထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
မြန်မာနိင်ငံသို့ ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုရပ်ဆိုင်းနေသဖြင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများအပြားရှိ စက်သုံးဆီဆိုင်များ၌ စက်သုံးဆီများကို ကျပ် ၅ သောင်းဖိုးအထိသာ အကန့်အသတ်ဖြင့် ရောင်းချပေးနေကြောင်း သတင်းရရှိသည်။
မြန်မာတနိုင်ငံလုံးသို့ စက်သုံးဆီများဖြန့်ဖြူးနေသည့် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ပြည်ပမှ စက်သုံးဆီ တင်သွင်းဝင်ရောက်မှု မရှိဘဲရပ်ဆိုင်းနေသဖြင့် Denko၊ မြတ်မေတ္တာမွန် နှင့် Asia Sun အပါအဝင် စက်သုံးဆီအဓိကတင်သွင်းနေသည့်ကုမ္ပဏီကြီး ၆ ခုမှ ပြည်တွင်းရှိဆီဆိုင်များကို စက်သုံးဆီများ လိုသလောက် မရောင်းပေးနိုင်ဘဲ အကန့်အသတ်ဖြင့်သာ လက္ကားရောင်းချပေးနေကြောင်း သိရသည်။
ယင်း၏အကျိုးဆက်အရ ရန်ကုန်နှင့် မန္တလေးမှ စက်သုံးဆီဆိုင်အများအပြားမှာ ယမန်နေ့မှစတင်၍ ဝယ်သူများကို ကားတစ်စီးလျှင် ကျပ် ၅ သောင်းဖိုးသာ အများဆုံးရောင်းချပေးနေခြင်း ဖြစ်သည်။
“မနေ့ညနေကတည်းက သန်လျှင်မှာ ဆီဝင်ထည့်တာ ၅ သောင်းဖိုးပဲ ဝယ်လို့ရတော့တယ်။ အဲ့ထက်ပိုရောင်းမပေးဘူး ပြောတယ်။ ဒီမနက်လည်း ဆိုင်တွေအကုန်လုံးနီးပါး ဆီက ၅ သောင်းဖိုးပဲ ရောင်းပေးတော့တယ်။ ဝယ်ချင်တိုင်း ဝယ်လို့မရတော့ဘူး။ တချို့ ဆိုင်တွေဆို ၅ သောင်းဖိုးတောင် မရောင်းပေးတော့ဘူး၊ ၃ သောင်းဖိုးပဲ ရောင်းတော့တာတွေ ဖြစ်နေတယ်”ဟု ရန်ကုန်မြို့မှ တက္ကစီမောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
ယနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများမှ ဆီဆိုင်အများအပြားက စက်သုံးဆီကို အကန့်အသတ်ဖြင့် ထိမ်းရောင်းပေးနေတာရှိသလို ဆိုင်တချို့မှာမူ ဆီကန်လှယ်မည်ဟု အကြောင်းပြကာ အရောင်းပိတ်သိမ်းထားကြောင်း သိရသည်။
“ကျနော်တို့ မအူပင်မှာ စက်သုံးဆီအဓိကရောင်းတဲ့ Tiger ဆီဆိုင်ဆို မြို့ထဲမှာ ဆိုင်ခွဲ ၃ ဆိုင်ရှိတယ်။ ဆီကန်လှယ်မယ်ဆိုပြီး ဒီနေ့ကစ ရက်အကန့်အသတ်မရှိ ဆီဆိုင်ပိတ်ပါတယ်ဆိုပြီး ကြေညာထားတယ်”ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်အာဏာမသိမ်းမီကာလ အရပ်သားအစိုးရလက်ထက်တွင် စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာပြည်သို့ စက်သုံးဆီများ တင်ပို့ ရောင်းချခဲ့သည်။
စစ်တပ်အာဏာသိမ်း ပြီးနောက် နိုင်ငံတကာ၏ မြန်မာစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှုများကြောင့် စင်္ကာပူနှင့် မလေးရှားတို့မှ မြန်မာနိုင်ငံသို့ စက်သုံးဆီ တိုက်ရိုက်တင်ပို့ရောင်းချခြင်း မရှိတော့ပေ။ ယင်းအခြေအနေတွင် တရုတ်ကုမ္ပဏီ များက သီရိလင်္ကာနိုင်ငံကို ကြားခံ၍ မြန်မာပြည်သို့ စက်သုံးဆီများ တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်တချို့က ပြောသည်။
တရုတ်နိုင်ငံက စက်သုံးဆီများကို သီရိလင်္ကာနိုင်ငံကို ကြားခံထား၍ ပင်လယ်ရေကြောင်းမှတဆင့် မြန်မာနိုင်ငံသို့ စက်သုံးဆီများ တင်သွင်းရောင်းချနေခြင်းဖြစ်ပြီး လက်ရှိတွင် သီရိလင်္ကာနိုင်ငံ၌ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းများ ကြီးမားစွာ ပေါ်ပေါက်နေသည့်အတွက် သီရိလင်္ကာမှ ရန်ကုန်သို့ စက်သုံးဆီများ ငွေချေရောင်းချနိုင်ခြင်းမရှိသည့်အခြေအနေ ပေါ်ပေါက်နေမှုအရ မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လတ်မှု ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံက သိရသည်။
ယခင်က သီလဝါဆိပ်ကမ်းတွင် မြန်မာနိုင်ငံအနှံ့ စက်သုံးဆီများဖြန့်ချီရန်အတွက် ဆီဂါလံ ၅ သန်းကို အရန်ဆီအဖြစ် သိုလှောင်ထားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စစ်တပ်မှ နိုင်ငံအတွက် ချန်ထားသော အရန်ဆီများထဲမှ စစ်တပ်အသုံးပြုရန်အတွက် တစ်ရက်လျှင် ဂါလံ ၁ သောင်းနှုန်း နေ့စဉ်ထုတ်ယူနေကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က ထုတ်ယူသုံးစွဲထားသော စက်သုံးဆီများကို ပြန်လည်ဖြည့်တင်းပေးမှု မရှိခြင်းနှင့် တရုတ်နိုင်ငံမှ စက်သုံးဆီကြားခံတင်ပို့နေသည့် သီရိလင်္ကာနိုင်ငံမှ မြန်မာပြည်သို့ ငွေချေရောင်းချနိုင်ခြင်းမရှိသည့်အခြေအနေကြောင့် မြန်မာပြည်၌ ပြည်တွင်းအသုံးပြုရန် ကြီးမားသည့် စက်သုံးဆီ ပြတ်လပ်မှုအခြေအနေ ပေါ်ပေါက်လာနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်တချို့က သုံးသပ် ပြောဆိုသည်။
“အခုက ပြည်ပက စက်သုံးဆီထပ်မဝင်လို့ လက်ကျန်တွေကို အကန့်အသတ်နဲ့ ထိမ်းရောင်းပေးနေတာ။ ဘယ်နှစ်ရက်ရောင်းနိုင်မလဲဆိုတာ ပြောရခက်တယ်။ အရေးပေါ်အနေနဲ့ စစ်ကောင်စီက နိုင်ငံတော်အရန်ဆီတွေ ထုတ်သုံးမလား စဥ်းစားစရာရှိတယ်။ ဒါပေမယ့် အဲ့ဆီတွေကလည်း သူတို့ စစ်တပ်က နေ့တိုင်း ယူသုံးနေတော့ ဘယ်လောက်ကျန်လဲ မသိရဘူး။ လက်ရှိ စက်သုံးဆီအကြပ်အတည်းကို စစ်ကောင်စီ မရှင်းနိုင်ရင် တိုင်းပြည်မှာ ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်”ဟု ရန်ကုန်မြို့မှ လုပ်သက်ရင့် သတင်းထောက်တစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့်နီးစပ်သည့် စက်သုံးလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးပိုင်ဆိုင်သည့် မြတ်မေတ္တာမွန်ဆီဆိုင်များမှာလည်း မနက်ကတည်းကပင် ဆီရောင်းချမူကိုရပ်တန့်ထားသည်။
ထိုအပြင်စစ်ကောင်စီနှင့်နီးစပ်မှုရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီက ၎င်းအရောင်းဆိုင်ခွဲအချို့တွင် စက်သုံးဆီကန်သန့်ရှင်းရေးနှင့် ဆိုင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် ဆိုင်ခွဲအချို့အား ခေတ္တယာယီ ပိတ်ထားမည်ဖြစ်သည်ဟုဆိုကာ ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။