အလှူအတွက် လူ(၁၀၀)စာ မုန့်ဟင်းခါး အိုးကြီးချက်နည်းပါ

Cooking & Baking

အလှူအတွက် လူ(၁၀၀)စာ မုန့်ဟင်းခါး အိုးကြီးချက်နည်းပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် ဟင်းချက်နည်းလေးကတော့ အလှူအတွက် လူ(၁၀၀)စာ မုန့်ဟင်းခါး အိုးကြီးချက်နည်းပါ ဆိုတဲ့ဟင်းချက်နည်းလေးပဲ ဖြစ်ပါတယ်။

လူ(၁၀၀)စာ မုန့်ဟင်းခါး အိုးကြီးချက်နည်းပါ။

လမ်းထဲ ရပ်ကွက်ထဲ စတုဒီသာအလှူလုပ်ချင်တဲ့အခါ လူအနည်းစာတော့ ချက်တတ်ကြပေမယ့် အများကြီးစာအတွက်ဆို ပါဝင်ပစ္စည်းအချိုးသိပ်မချိုးတတ်ကြတာမျိုး ကြုံလေ့ရှိတတ်ကြလို့ပါ။ တနိုင်တပိုင် ကိုယ့်လမ်းလေးထဲမှာပဲအလှူလုပ်ချင်တဲ့အခါ ကိုယ်တိုင်ဝယ်ပြီးချက်တတ်အောင်လို့ပါ။

ပါဝင်ပစ္စည်းအချိုးအစားတွေကတော့ လူ(၁၀၀)စာဆိုရင်
မုန့်ဖတ် အချိန် (၃၀)ပိသာ၊ ငါး (၁၂)ပိသာ၊ ဆီ (၅)ပိသာ၊ အချိုမှုန့် (၁)ထုပ်၊ ကြက်သွန်နီ (၅)ပိသာ၊ ကြက်သွန်ဖြူ (၇၅)ကျပ်သား၊ ဂျင်း (၅၀)သား ၊ ငရုတ်ပွ (၂၅)သား၊ ငရုတ်စိမ်းမှုန့်(အရောင်တင်မှုန့်) (၂၅)သား၊ ကုလားပဲဆန် (၂)ပိသာ၊ ဆန်မှုန့် (၁)ပိသာ၊ စပါးလင် (၁၀)ပင်၊ ငှက်ပျောပင် (၄)ပင်ခန့်၊ ဘဲဥ (၅၀)လုံး၊ နံနံပင် (၁)ပိသာ၊ ရှောက်သီး (၁၀)လုံးခန့်၊ ငံပြာရည် (၁)ပုလင်း၊ ဆား (၃)ထုပ်ခန့် စသည်တို့ပဲဖြစ်ပါတယ်။

ပထမဆုံး ငါးတွေကို ခေါင်းတွေဖယ် ခုတ်ထစ်ပြီး ဆားများများ ငံပြာရည် အချိုမှုန့် နနွင်းမှုန့် စတာတွေနဲ့ နယ်ပြီနှပ်ထားပါမယ်။ ပြီရင် အိုးကြီးတစ်လုံးအောက်ခြေမှာ စပါးလင်၅ပင်ခန့်ဖြန့်ခင်း ပြိးရင် ငရုတ်အပွတောင့်တွေရေဆေးပြီး စပါးလင်ပေါ်ဖြန့်ခင်းရပါမယ်။

အဲဒါတွအပေါ်မှာငါးတွေကိုစီထည့်ပြီး ပြုတ်ပါမယ်။ အရိုးနူးပြတ်ရင်တော့ပိုကောင်းပေမယ့် အချိန်ကြာမှာဖြစ်လို့ အိုးထဲကနေ စပါးလင် ငရုတ်သီးအနံ့နဲ့ငါးပြုတ် ငံပြာရည်အနံ့တွေလှိုင်တက်လာအောင်ပြုတ်ပါမယ်။

ငါးပြုတ်အသားကျက်ပြီး မာမာတင်းတင်းဖြစ်သွားရင် လူများများနဲ့အရိုးဝိုင်းနွင်ကြပါမယ်။ အရိုးနွင်တဲ့အခါ ငါးအသားတွေကို နနွင်းမှုန့် နဲ့နယ်ပြီး အနည်းငယ်စီလုံးပြီး အရိုးရှာရပါမယ်။

နနွင်းဝါဝါကြားမှာ အရိုးဖြူဖြူလေးတွေမို့လို့ နွင်လိူ့လွယ်ပါတယ်။ တစ်ဖက်မှာလည်း ငါးပြုတ်ပြီးရင် ပဲဆန်တွေကိုနူးအိနေအောင်ပြုတ်ထားရပါမယ်။

နူးသွားရင် လက်ဆုံနဲ့ပဲထောင်းထောင်း ဇကာနဲ့ပဲတိုက်တိုက်အဆင်ပြေသလို အနှစ်ရအောင်လုပ်ထားပါမယ်။ ငါးပြုတ်အိုးထဲက ငရုတ်ပွတောင့်တွေကို ညက်နေအောင်ထောင်းရပါမယ်။ ငါးပြုတ်ရည်တွေကိုလည်း အိုးတစ်လုံးထဲသေချာစစ်ထည့်ထားရပါမယ်။

ပြီးရင်တော့ ကြက်သွန်နီ ၃ပိသာခန့်လှီးထားပါမယ် ။ ကြက်သွန်ဖြူကိုလည်း အခွံခွာပြီးကြိတ်ထားရပါမယ်။ ဂျင်းလည်းအခွံနွာပြီးထောင်းထားရပါမယ်။ စပါးလင် ၅ပင်ခန့်လည်း ပါးပါးလှီးပြီးထောင်းအထားပါ။

အားလုံးပြီးရင်တော့ ငါးဆီသတ်ပါမယ်။ ဒယ်တစ်ခုထဲကို ဆီများများထည့်ပြီး ငရုတ်သီးထောင်းထားတာရော ငရုတ်အရောင်တင်မှုန့်ရေဖျော်တာရော
ထည့်ပြီးဆီသတ်ပါမယ် ။

ငရုတ်သီးကျက်လောက်ရင် ကြက်သွန်နီ ဖြူ ဂျင်း စပါးလင် ထည့်ကြော်ပါမယ်။ ခဏကြော်လို့အနံ့မွှေးလာရင် ငါးအရိုးထွငိပြီး သိပ်ထားတာတွေထည့်ကြော်ပြီး ဆီသတ်ရပါမယ်။ ငါးဆီသတ်တာ အဓိကပါ အိုးမကပ်အောင် မပြတ်မွှေပေးနေရပြီးတော့ ငါးအသားတွေနဲ့ ဆီ ငရုတ်သီး ကြက်သွန်တွေ လုံးပြီး အနံ့တွေမွှေးကြိုင်လာပြီဆို ချလို့ရပါပြီ။

ဆီသတ်ကြော်တာနည်းရင် မုန့်ဟင်းရည်က ငါးပြုတ်အနံ့ကြီးထွက်ပြီး သိပ်မမွှေးသလို ကြော်တာများသွားရင်လည်း မုန့်ဟင်းရည်ထဲမှာ ကြက်သွန်ကြော်ဖတ်တွေကမပျော်သွားဘဲ ပေါလောပေါ်နေတတ်တယ်။

အဲဒါကြောင့် အကြော်များလို့မရသိလို နည်းလို့လည်းမရပါ ငါးအသားတွေလုံးပြီး ကြက်သွန်ဖတ်တွေလည်းအိနေပြီးတော့ ငါးဆီသတ်အနံ့မွှေးလာတဲ့အချိန်ကို ချိန်ဆပြီးချရပါမယ်။ အဲဒီမွှေးကြိုင်နေတဲ့ငါးဆီသတ်က မုန့်ဟင်းခါးရဲ့အသက်ပါ။ (ကျွန်တော်ဆို သပ်သပ်ဖယ်ထားပြီး မုန့်ဖတ်သုပ်စားလေ့ရှိတယ်)

ပြီးရင်တော့ ဟင်းရည်စချက်လို့ရပါပြီ။ ရေထမ်းပုံး ၄ပုံးလောက်ဆံ့တဲ့ ဒန်အိုးကြီး ရေ ၃ပုံးခွဲခန့် ထည့်ပြီးကျိုထားပါ။ ဆူလာရင် ငါးပြုတ်အိုးထဲမှာကျန်ခဲ့တဲ့ ငါးပြုတ်ရည် ရယ် ပဲဆန်ထောင်းထားတာရယ် ဆန်မှုန့်ရယ်ထည့်ပြီးမွှေပေးနေရပါမယ်။ ဆန်မှုန့်က ကပ်တတ်လို့ အောက်ခြေခြစ်ပြီးမွှေပေးပါ ။

ခဏကြာလာရင်တော့ ငါးဆီသတ်ထားတာတွေလောင်းထည့်ပြီး ခဏမွှေပြီး အဖုံးအုပ်ထားပါ။ မွှေးကြိုင်နေတဲ့ မုန့်ဟင်းရည်အနံ့စရပါပြီဗျ။ ဘဲဥပြုတ်ပြီး စိတ်ထည့်ပါ။ ဟင်းရည် အပျစ် အကျဲ အပေါ့ အချို အငံ လိုသလိုညှိပါမယ်။

ကြာကြာတည်ထားမှ ငါးဆီသတ်အသားရော ဆန်မှုန့်ရော ပွလာပြီး ဟင်းရည်က ခပ်ပျစ်ပျစ်လေးဖြစ်လာမှာပါ။ ချခါနီးရင်တော့ ငှက်ပျောပင်လှီးထည့် ကြက်သွန်နီ အလုံးလိုက်(၁)ပိသာလောက်ထည့်ပါ။

ဟင်းရည်လည်း အနေတော် ကြက်သွန်နီ ငှက်ပျောပင် တွေလည်း နူးလာပြီး ဂျင်း စပါးလင် အနံ့တွေနဲ့ မွှေးကြိုင်နေတဲ့ မုန့်ဟင်းခါး ကောင်းကောင်း တစ်အိုးရပါပြီဗျ။

ကြက်သွန်နီ ၁ပိသာလောက်ကျန်တာကို ဆီချက်လေးချက် နံနံပင် ငရုတ်သီးမှုန့်စပ်စပ်လေးနဲ့ ဆွဲလိုက်ရရင်တော့ဖြင့် အားလုံးစားကောင်း ကျန်းမာပြီး အလှူဒါနများ ဆထက်ထမ်းပိုးပြုနိုင်ကြပါစေ။

မူရင်းရေးသားသူ ပို့စ့်ပိုင်ရှင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုဟင်းချက်နည်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။