ဆွမ်းဆန်စိမ်းလောင်းပွဲကို ကြွရောက်မယ့်သံဃာအရေအတွက်မပြည့်လို့ မဘသ၊ ပျူစောထီးနဲ့ရဲတပ်ဖွဲ့ဝင်များကို ဒုလ္လဘဝတ်ခိုင်းခဲ့တဲ့ စစ်ကောင်စီ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆွမ်းဆန်စိမ်းလောင်းပွဲကို ကြွရောက်မယ့်သံဃာအရေအတွက်မပြည့်လို့ မဘသ၊ ပျူစောထီးနဲ့ရဲတပ်ဖွဲ့ဝင်များကို ဒုလ္လဘဝတ်ခိုင်းခဲ့တဲ့ စစ်ကောင်စီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
မန္တလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီက မေလ ၁၄ ရက်နေ့ (ကဆုန်လပြည့်နေ့)မှာ ပြုလုပ်မယ့် သံဃာ ၁ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကြွရောက်မယ့် သံဃာအရေအတွက်မပြည့်တာကြောင့် မဘသအဖွဲ့ဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကို ဒုလ္လဘဝတ်ခိုင်းပြီး ထည့်သွင်းကြွခိုင်းဖို့စီစဥ်နေတယ်လို့ မန္တလေးမြို့က သံဃာအသိုင်းအဝိုင်းထံက သိရပါတယ်။
မန္တလေးမြို့ပေါ်က မဘသ၊ ပျူစောထီးနဲ့ ယာဥ်ထိန်းရဲတွေကို မေလ ၁၂ ရက် မနေ့ကစလို့ ဘုန်းကြီးကျောင်းတချို့မှာ ဒုလ္လဘဝတ် သင်္ကန်းစီးပေးနေတာဖြစ်တယ်လို့ မန္တလေးသံဃာ့သမ္မဂက မိန့်ပါတယ်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စစ်ကောင်စီက သံဃာအပါးရေ ၁ သောင်း ပင့်ဖိတ်ထားတာဖြစ်ပြီး ကြွရောက်မယ့်သံဃာ မပြည့်မီတာကြောင့် အခုလို ဒုလ္လဘရဟန်းတွေ ဝတ်ခိုင်းပြီး ကြွခိုင်းဖို့ ပြုလုပ်နေတာလို့ သိရပါတယ်။
”စစ်ကောင်စီက ပင့်ထားတဲ့သံဃာတသောင်းကျော် မပြည့်တဲ့အတွက် ရဟန်းအတုအယောင်တွေ ဒုလ္လဘစီးပေးနေတယ်ဆိုတာ သိရတယ်။ ဦးဇင်းတို့ လိုက်ပြီးစုံစမ်းတော့ မဘသတွေ၊ ပျူစောထီးတွေ၊ ယာဥ်ထိန်းရဲတွေဖြစ်နေတယ်ဆိုတာ သိရတယ်။
သူတို့ဘက်ကအားသွန်ခွန်စိုက်လုပ်ထားတဲ့ ဒီအခမ်း အနားမှာ အရှက်တကွဲမဖြစ်အောင်လို့ ဒီလိုသူတို့လူတွေကို ဒုလ္လဘစီးပြီး ဆွမ်းဆန်စိမ်းဝင်ခံဖို့ပြင်ဆင်လာတာ”လို့ မန္တလေးသံဃာ့သမ္မဂဆရာတော်တပါးက ဧရာဝတီတိုင်းမ်ကို မိန့်ပါတယ်။
မန္တလေး သံဃာသမ္မဂအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် သံဃာတစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မပါဝင်ဘဲ သပိတ် မှောက်ကြဖို့ မန္တလေးသံဃာထုကို မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
မန္တလေးမြို့ဟာ ရဟန်းငယ်များ စာပေလေ့လာသင်ယူတဲ့စာသင်တိုက် အများအပြားတည်ရှိတဲ့မြို့ဖြစ်ပြီး သံဃာအရေအတွက် သိန်းနဲ့ချီရှိတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်။
ရေးသားသူ – Ayeyarwaddy Times
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။