လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ က ကြောက်မက်ဖွယ်ရာ “ပဲခူးမြေငလျင်ကြီး” လှုပ်သည့်အကြောင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ က ကြောက်မက်ဖွယ်ရာ “ပဲခူးမြေငလျင်ကြီး” လှုပ်သည့်အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကျွန်ုပ်တို့သည် ပဲခူးမြို့သို့ မတ်လ ၄ ရက်နေ့တွင် ပြောင်းရွှေ့ လာကြ၍ မေလ ၅ ရက်နေ့တွင် မြန်မာပြည်၌ အကြီးဆုံးငလျင်ကြီးဟု အသိအမှတ်ပြုကြသည့် ပဲခူးငလျင်ကြီးလှုပ်ခြင်းကို ကြုံရ၏။ မန်ကျည်းတုံရွာမှ ဆွေမျိုးများနှင့် မိခင်သည် ကျွန်ုပ်ရှိသော ပဲခူးမြို့သို့ လာရောက်ကြ၍ ဘုရားပုထိုး ဖူးမြော်ပြီးနောက် ဆွေမျိုးများ ပြန်သွားကြသော်လည်း မိခင်မှာ ကျွန်ုပ်နှင့်အတူ နေရစ်သေးသည်ဖြစ်၍ ဆွေမျိုးများက အမေကြီးကား သေချင်၍ ချန်ရစ်နေခဲ့သည်ဟု နောင်တွင် ပြောကြသေးသည်။
ထိုည၌ မိခင်နှင့် မစိုးတို့သည် လမ်းလျှောက်ထွက်သွားရာမှ ပြန်ရောက်လာကြ၍ အိမ်ရှေ့တွင် ထိုင်နေကြစဉ် ကျွန်ုပ်မှာ တစ်နေ့လုံး အလွန်ပူလောင်ခဲ့ရာမှ အလွန်အိုက်သောည ဖြစ်လာသည်နှင့် မှန်အိမ်ကိုဆွဲလျက် ရေချိုးခန်းထဲသို့ ရေချိုးရန် ဝင်သွား၏။ မှန်အိမ်ကို သံချောင်းတွင်ချိတ်၍ ရေခွက်ကို လှမ်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သံချောင်းတွင် ချိတ်ထားသည့် မှန်အိမ်မှာ ယိမ်းထိုးလာ၍ ကျွန်ုပ်ကိုယ်တိုင်လည်း မိုက်ခနဲ ဖြစ်သွားသည် ထင်လိုက်၏။
ဤအတောအတွင်း တစ်အိမ်လုံးမှာ ဂျိုးဂျိုးဂျုံးဂျုံး မြည်လျက် အိမ်အပေါ်ထပ်၌နေသော ကုလားမ ဆရာကတော်၏ အလန့်တကြား အော်ဟစ်သောအသံကို ကြားလိုက်ရ၏။ ထိုအခါတွင် ကျွန်ုပ်မှာ မြေငလျင်လှုပ်ခြင်းဖြစ်သည်ဟု ရုတ်တရက် မတွေးမိသေးဘဲ ထူးဆန်းလှပါတကားဟုသာ အောက်မေ့၍ အိမ်ရှေ့သို့ ကတိုက်ကရိုက် ထွက်လာရာ အိမ်သူအိမ်သားများလည်း ပြူးတူးပြာတာ ဖြစ်နေသည်ကို တွေ့ရ၏။ ကျွန်ုပ်တို့၏နေအိမ်၌ ဇနီးအပြင် ယောက်ဖ အောင်မြနှင့် တပည့် မောင်စံလှိုင်တို့ ရှိကြလေသည်။
“ငလျင်လှုပ်တာတဲ့ ငလျင် ငလျင်”ဟူသော အသံများသည် တစ်ရပ်လုံး ဆူညံလျက်ရှိရာ အိမ်ရှေ့သို့ ကျွန်ုပ်ထွက်လာသောအခါ၌ ဇနီးသည် မိခင်ကိုဆွဲလျက် အိမ်ရှေ့လှေကားမှ ဆင်းနေလေပြီ။ ယောက်ဖကလေးကမူကား ဝရန်တာကို ခွလျက် ကြောင်တောင်ကြီး ကြည့်နေရာ “ဟဲ့ကောင်လေး ဆင်းလေ” ဟု ကျွန်ုပ်ပြောလိုက်မှ အိမ်ရှေ့သို့ ဖုတ်ခနဲ ခုန်ချလိုက်သည်။
မိခင်နှင့် ဇနီးမှာ အိမ်ရှေ့သို့ ရောက်နေကြပြီဖြစ်၍ ကျွန်ုပ် လှေခါးမှ ဆင်းပြေးရာ လှေခါးမှာ သုံးထစ်မျှသာရှိသော်လည်း ချောမောစွာ မဆင်းနိုင်ဘဲ အလယ်ထစ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဟပ်ထိုးကြီး လွင့်သွား၍ အိမ်ရှေ့တွင် လေးဘက်ထောက်လျက်သား ပုံလဲနေတော့သည်။ ထိုအချိန်၌ မည်သူ့ကိုမျှ သတိမရနိုင်တော့ဘဲ ထိုနေရာသည် အိမ်ဥပစာအတွင်းရှိသေး၍ မတော်မဆ အိမ်ပြိုခဲ့လျှင် ပိနိုင်သည်ဟူ၍သာ သတိရသည်နှင့် လမ်းပေါ်သို့ ဝမ်းလျားထိုး တွားသွားရတော့သည်။ မြေကြီးပေါ်၌ မတ်တတ်လျှောက်သွားရန်မူကား လုံးဝ မဖြစ်တော့ချေ။
လမ်းပေါ်သို့ရောက်၍ တောင်မျက်နှာသို့လှည့်ကာ လေးဘက်ထောက်လျက် ငေးကြည့်နေစဉ် ကောင်းကင်ယံတစ်ခုလုံး မည်းမှောင်၍ မြူမှုန်များ လွင့်တက်နေသလို မြင်ရ၏။
ထိုအခါ၌ ကျွန်ုပ်အဖို့မှာ မြေကြီးပေါ်တွင် လေးဘက်ထောက် နေရန်ပင် မဖြစ်နိုင်တော့ဘဲ ယိုင်လဲမည်စိုးသည်နှင့် ဝမ်းဗိုက်ကို မြေသို့ ကပ်၍ အလျားမှောက် နေလိုက်ရတော့သည်။
တောင်မျက်နှာ၌ကား မြူမှုန်များသည် မှောင်ကြီးမည်းမည်းထဲ၌ အလိပ်လိပ် တက်နေကြ၍ မြေမျက်နှာပြင်သည်လည်း လေထန်သော ရေပြင်သဖွယ် လှိုင်းကြီးများ တအိအိ ထကြွလျက်ရှိတော့သည်။ မျက်နှာနှင့်မြေကြီး နီးကပ်စွာ ရှိနေသောကြောင့်ပေလော မဆိုနိုင်။ မြေပြင်သည် ရေပြင်ပမာ လှိုင်းထနေသည်ကို မြင်ရခြင်းကား အမှန်ဖြစ်တော့သည်။ ထိုအချိန်ကာလ၌ ရင်ထဲတွင် စိတ်အားငယ်လိုက်ရပုံကား ပြောဖွယ်ရာ မရှိတော့ချေ။ အားငယ်ခြင်းသည် ဦးနှောက်ထဲမှမဟုတ်။ ရင်ဘတ်၌ဖြစ်သည်ဟု ကျွန်ုပ်အမှန် ပြောနိုင်၏။
အားမငယ်ဘဲ နေချည်မလော။ သတ္တဝါသည် မြေကြီးကို အခိုင်အမာထား၍ အခါခပ်သိမ်း အားကိုးအားထား ပြုနေရသည်ဖြစ်ရာ မိမိက အခိုင်အမာထားသော မြေကြီးကိုယ်တိုင်က ဤကဲ့သို့ အပြင်းအထန် လှုပ်ခါနေခြင်းကို လက်တွေ့ခံစားရသောအခါ၌ အားကိုးရာမဲ့ ဖြစ်၍ အသည်းနှလုံးနှင့် အူထဲမကျန် လွှတ်ကန်ပြီး အားငယ်မိသည်မှာ အထူးအဆန်း မဟုတ်ချေ။
ကျွန်ုပ်သည် မြေကြီးနှင့်ဝမ်းဗိုက် ကပ်လျက် အလျားမှောက်ကာ မြေကြီးလှိုင်းများ ထကြွနေခြင်းကို ကြည့်နေစဉ် ကမ္ဘာပျက်ခြင်းဆိုသည်မှာ ဤအခြင်းအရာပင် ဖြစ်တန်ရာသည်ဟု စဉ်းစားမိသည်။ သို့သော် ထိတ်လန့်တုန်လှုပ်သည်ဟူ၍ကား မဆိုနိုင်။ စိတ်အားငယ်ခြင်းကြီးမက ငယ်လှ၍ အူတူတူ ယောင်ချာချာ ဖြစ်နေသည်ဟူ၍သာ ဆိုချင်ပေသည်။ ထိုအခိုက်အတန့်၌ အတိတ်၊ အနာဂတ်လည်းကောင်း၊ မည်သူမည်ဝါကို လည်းကောင်း ဘာကိုမျှ သတိမရ။ ကမ္ဘာပျက်ခြင်းဖြစ်သည်ဟူသော အမှတ်သညာတစ်ခုသာလျှင် စွဲကပ်လျက် ရှိပါတော့သည်။
လမ်းပေါ်၌ မှောက်နေရသော အချိန်ကာလအပိုင်းအခြားမှာ မည်မျှလောက် ကြာရှည်သည် မပြောတတ်။ ကျွန်ုပ်စိတ်ထဲ၌ကား နာရီဝက်ထက်မနည်း ရှိလိမ့်မည်ထင်မိသည်။
လှုပ်ရှားခါစ၌ လူသံများ ဆူညံသော်လည်း အပြင်းအထန် လှုပ်ရှားခိုက်တွင် ဝေးလံသောအရပ်မှ တဝီဝီမြည်သော အသံများမှတစ်ပါး အနီးအပါးတွင် တိတ်ဆိတ်လျက်ရှိ၏။ ထို့နောက် ငလျင်ရပ်စဲခြင်းနှင့်အတူ ဘယ်သူရေ ဘယ်ဝါရေ စသောအသံများလည်း ပေါ်ထွက်လာပေရာ ကျွန်ုပ်သည် အလျားမှောက်ရာမှထ၍ အိမ်သူအိမ်သားအခြေအနေကို စစ်ဆေးတော့သည်။ တစ်စုံတစ်ရာ အထိအခိုက် အပျက်အစီး မရှိခြင်းကို သိရသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်သည် ယောက်ဖလေးကို အိမ်စောင့်ထားခဲ့၍ တပည့်မောင်စံလှိုင်နှင့်အတူ မြို့ကို လှည့်လည်ကြည့်ရှုကြလေသည်။
ဈေးကြီးဘက်ဆီမှ မီးအကြီးအကျယ် လောင်လျှက်ရှိသော်လည်း ကျွန်ုပ်တို့၏နေအိမ်မှာ ချောင်းတစ်ခုလုံးခြားနေသည်နှင့် စိတ်ချရသည်ဆိုကာ မြို့ထဲသို့ အနှံ့အပြား လှည့်လည်ကြသည်။
မီးနှင့်ကပ်သော အိမ်များတွင် ပစ္စည်းများသိမ်းကြရွှေ့ကြသော အသံများ၏ ဆူညံခြင်းထက် နှလုံးမသာယာဖွယ်သောအသံများ ပေါ်ထွက်လာသည်မှာကား တိုက်ပြို၍ ပိပြား thayဆုံးကြရသောနေရာများမှ ကျန်ရစ်သူဒုက္ခသည်များ၏ ငိုကြွေး မြည်တမ်းကြသော အသံများပင်ဖြစ်သည်။ ထိုအသံများမှာ ကျွန်ုပ်တို့ရောက်လေရာ နေရာအနှံ့အပြား၌ ကြားရ၍ လူစုစုမြင်တိုင်း ဝင်ကြည့်ရာတွင် အချို့မှာ ဖော်ထုတ်ပြီးခါစ အလောင်းများကိုလည်းကောင်း၊ အချို့မှာ ဖော်တုန်းဖော်ဆဲရှိနေကြခြင်းကို လည်းကောင်း၊ အချို့မှာ ဖော်ထုတ်ရန်ပင် မတတ်နိုင်သေးဘဲ လက်မှိုင်ချကာ ဟစ်အော် တမ်းတနေကြခြင်းကိုလည်းကောင်း တွေ့ကြရသည်။
ကျွန်ုပ်၏တစ်သက်တာတွင် ဤမျှလောက် ဒုက္ခမီးပူလောင်ခြင်း အမြောက်အမြားကို စုပုံမြင်တွေ့ရသည့်အချိန် တစ်နာရီဆို၍ မကြုံခဲ့ရဖူးအောင် ရှိပါတော့သည်။
နေအိမ်သို့ပြန်၍ အိမ်နီးနားချင်းများနှင့် စကားပြောနေကြသဖြင့် သန်းခေါင်ကျော်မှ အိပ်ရာသို့ ဝင်ကြသော်လည်း အိပ်ရေးဝအောင် အိပ်ရတော့မည်မဟုတ်ချေ။ တစ်နာရီခန့်မျှ အိပ်ရသေးသည်မထင်မီ “ဆရာတို့ ထကြလေ၊ မီးလောင်ကုန်ပြီ”ဟု တစ်စုံတစ်ယောက်က အိမ်ရှေ့မှ နှိုးပြောသည်နှင့် ကတိုက်ကရိုက် ထကြည့်လိုက်ရာတွင် ကျွန်ုပ်တို့၏အိမ်နှင့် ကိုက် ၁ဝဝ ခန့်သာဝေးသော သုံးထပ်တိုက်ကြီးအပေါ်မှ မီးခိုးများ အူထွက်နေသည်ကို မြင်ရတော့သည်။ ယမန်ညက စိတ်ပန်းရုံသာရှိ၍ လူမမောရသော်လည်း ယခုမှာ အိမ်နီးကပ်သောမီးဖြစ်၍ ဝစ္စည်းများ သယ်ထုတ်ရသည်နှင့် တစ်အိမ်သားလုံး ဖတ်ဖတ်မောကြရသည်။
ပစ္စည်းများကို အိမ်မြောက်ဘက်ရှိမြောင်းကြီး တံတားဦးတွင် စုပုံထားရာ တစ်ရပ်လုံးမှာလည်း ပတ်ဝန်းကျင်တစ်ဝိုက်၌ ပစ္စည်းများစုပုံ၍ စောင့်နေကြရသဖြင့် ရွာကလေးသဖွယ် ဖြစ်နေတော့သည်။
မီးမှာ တိုက်ကြီးကို ကျွမ်းအောင်မလောင်ရမီ ငြိမ်းသတ်နိုင်ကြသော်လည်း ပဲခူးတစ်မြို့လုံးမှာ မီးအတွက်ကြောင့် စိုးရိမ်ပူပန်လျက်ရှိကြသည်နှင့် ကျွန်ုပ်တို့ အရပ်သူ အရပ်သားများသည် ပစ္စည်းများကို အိမ်ထဲသို့ တစ်ဖန် သယ်ယူသွတ်သွင်းခြင်းမပြုတော့ဘဲ တံတားဦး၌ပင် သူ့အစု ကိုယ့်အစု ဖွဲ့စည်းကာ နှစ်ရက် သုံးရက် နေကြသေးသည်။ တိုက်ပိthayဆုံးသူများ၊ အိမ်ကို မီးလောင်သူများသည် ကိုယ့်အပူနှင့်ကိုယ် ဒုက္ခရောက်ရှာကြသော်လည်း ကျွန်ုပ်တို့လူစုမူကား တံတားဦးတွင် ချက်ပြုတ် စားသောက်ကြရသည်မှာ ဘုရားပွဲကဲ့သို့ ရှိ၍ ပျော်သည်ဟူ၍ပင် မှတ်ထင်မိသည်။ အချို့လူများသည် ဒုက္ခတစ်ခုတွေ့သည့်အခါ အအိပ်အနေ အစားအသောက် ဆင်းရဲသည်ဆို၍ စိတ်ညစ်ညူးတတ်ကြပေရာ ကျွန်ုပ်၏ဝါသနာတစ်ခုကား အပြောင်းအလဲဆိုလျှင် (အဆိုးဘက်သို့ ပြောင်းလဲရခြင်းပင် ဖြစ်စေကာမူ) ပျော်သလိုရှိတော့သည်။
ထို့ကြောင့်လည်း စစ်ကြီးအတွင်း၌ အချို့လူများ ညည်းတွားကြသလောက် ကျွန်ုပ်အဖို့၌ မဆင်းရဲလှချေ။
ရေးသားသူ – Old Burma ရှေးရှေးတုန်းကဗမာပြည်
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။