အလုပ်ရှင်နဲ့ ညှိနှိုင်းတာ အဆင်မပြေသေးဘူးလို့ အလုပ်ထုတ်ခံရတဲ့ မြန်မာပေါင်ချိန် စက်ရုံအလုပ်သမားတွေပြေ

Local News

အလုပ်ရှင်နဲ့ ညှိနှိုင်းတာ အဆင်မပြေသေးဘူးလို့ အလုပ်ထုတ်ခံရတဲ့ မြန်မာပေါင်ချိန် စက်ရုံအလုပ်သမားတွေပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အလုပ်ရှင်နဲ့ ညှိနှိုင်းတာ အဆင်မပြေသေးဘူးလို့ အလုပ်ထုတ်ခံရတဲ့ မြန်မာပေါင်ချိန် စက်ရုံအလုပ်သမားတွေပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လစာတိုးမြှင့်ပေးဖို့ စက်ရုံအတွင်း ဆန္ဒထုတ်ဖော်ရာကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတချို့ဟာ မြန်မာပေါင်ချိန်စက်ရုံက တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ တွေ့ဆုံခဲ့ကြပေမဲ့ အဆင်ပြေမှုမရခဲ့ဘူးလို့ သွားရောက်တွေ့ဆုံခဲ့တဲ့ အလုပ်သမားတွေက ပြောပါတယ်။

အဲဒီနေ့တွေ့ဆုံရာမှာ အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေ အလုပ်ပြန်ရရေး ၊ အငြင်းပွားမှုဖြစ်နေတဲ့ ကာလတွေအတွင်း လုပ်ခလစာပေးဖို့ ဆိုတဲ့အတိုင်း နိုဝင်ဘာနဲ့ ဒီဇင်ဘာလစာပေးဖို့ Adidas ကုမ္ပဏီ ဘက်က တိုက်တွန်းထားပေမဲ့ စက်ရုံဘက်က သဘောမတူသေးဘူးလို့ အလုပ်သမားတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ရက်က လုပ်ခလစာတိုးပေးဖို့ အလုပ်သမားတွေဆန္ဒထုတ်ဖော်ခဲ့စဉ်။

“အလုပ်သမားသမဂ္ဂက EC ၇ ယောက်သွားတွေ့တော့ ၂၆ယောက်လုံးမပါတာကြောင့် ကျွန်မတို့က ကိုယ်စားပြုမဟုတ်ဘူးလို့ပြောတယ်။ ကိုယ်စားလှယ်လွှဲစာပါမှရမယ်တဲ့။ ကျွန်မတို့ကို ရေရှည်အတွက် ဘာလုပ်ချင်လဲ လျော်ကြေးယူမလား၊ ဦးစီးမှာ ဆုံးဖြတ်ချက်ထွက်ခဲ့သလို တရားစွဲမယ်ဆိုလည်း စွဲလို့ပြောတယ်။ ကျွန်မတို့က တရားလည်းမစွဲချင်ဘူး၊ အလုပ်ပဲပြန်လိုချင်တာ” လို့ မြန်မာပေါင်ချိန်စက်ရုံတာဝန်ရှိသူတွေနဲ့ ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တဲ့ စက်ရုံအလုပ်သမားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီနေ့နောက်ပိုင်း စက်ရုံဘက်ကနေ တစ်ဦးချင်းကို ဆက်သွယ်ပြီး လုပ်ငန်းခွင်ပြန်မဝင်ဘဲ လျော်ကြေးငွေယူဖို့ ညှိနှိုင်းမှုတွေရှိတာကြောင့် အလုပ်သမား ငါးဦးခန့်ဟာ လျော်ကြေးငွေယူ ခဲ့ကြပေမဲ့ ကျန်တဲ့အလုပ်သမားတွေကတော့ လုပ်ငန်းခွင် ပြန်ဝင်ရရေးကိုသာ ဆက်တောင်းဆိုနေမယ်လို့ ဆိုပါတယ်။

အခုအငြင်းပွားမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်ရုံဆက်ဆံရေးဦးစီးဌာနရော အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ပါ အလုပ်ပြန်ခန့်ရေး ညှိနှိုင်းခဲ့ပေမဲ့ အဆင်မပြေခဲ့ဘဲ နစ်နာသူတွေအနေနဲ့ တရားစွဲဆိုနိုင်တယ်လို့သာ တုံ့ပြန်ခဲ့တယ်လို့‌ အလုပ်သမားတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာပေါင်ချိန်စက်ရုံကို ဒီကနေ့ ဒီဇင်ဘာ ၂၃ရက်မနက်ပိုင်းမှာပဲ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ပေါင်ချိန်စက်ရုံဟာ ကမ္ဘာကျော် Adidas ဖိနပ်ကို အဓိကထားချုပ်လုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့တုန်းက လုပ်ခလစာကို မြန်မာငွေ ၄၈၀၀ ကျပ်ကနေ ၈၀၀၀ အထိ တိုးပေးရေးအပါအဝင် ဆန္ဒထုတ်ဖော်ခဲ့ရာကနေ အခုလိုအလုပ်သမား ၂၆ ဦး အလုပ်ထုတ်ခဲ့ရတဲ့ အခြေအနေဖြစ်လာတာလို့ သိရပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...