လက်ရှိချန်ပီယံပြင်သစ် ဆီးမီးဖိုင်နယ်တက်ရောက် ပင်နယ်တီနှစ်လုံးရသော်လည်း အင်္ဂလန်အသင်း အိမ်ပြန်ရ

Sports

လက်ရှိချန်ပီယံပြင်သစ် ဆီးမီးဖိုင်နယ်တက်ရောက်
ပင်နယ်တီနှစ်လုံးရသော်လည်း အင်္ဂလန်အသင်း အိမ်ပြန်ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့လက်ရှိချန်ပီယံပြင်သစ် ဆီးမီးဖိုင်နယ်တက်ရောက် ပင်နယ်တီနှစ်လုံးရသော်လည်း အင်္ဂလန်အသင်း အိမ်ပြန်ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားပွဲ၏ နောက်ဆုံးကွာတားဖိုင်နယ်ပွဲစဉ်တွင် လက်ရှိချန်ပီယံပြင်သစ်က အင်္ဂလန် အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိကာ ဆီးမီးဖိုင်နယ်တက်ရောက်သွားသည်။ နှစ်သင်းစလုံးမှာ ဗိုလ်စွဲရန် ရေပန်းစားနေသည့် အသင်းများဖြစ်သည်နှင့်အညီ ပွဲစဉ်တလျှောက် ပြိုင်ဆိုင်မှုပြင်းထန် ခဲ့သည်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းနှင့် ပြင်သစ်အသင်းသားများ

ပထမပိုင်းအစကတည်းက အင်္ဂလန်အသင်းရှေ့တန်းက ထိုးဖောက်ဂိုးသွင်းရန် ကြိုးပမ်းခဲ့သော်လည်း ဘောလုံးဆုံးရှံးမှုများရှိခဲ့သည်။ လျင်မြန်သည့် ပြင်သစ်အသင်း၏ တန်ပြန်တိုက်စစ်က အင်္ဂလန်အသင်းကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ပွဲချိန် ၁၇ မိနစ်တွင်ရရှိသည့်ဂိုးဖြင့် ပထမပိုင်းအပြီးတွင် ပြင်သစ်အသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။​

 

 

ပြင်သစ်ရှေ့တန်းမှ မတ်ပေ အင်္ဂလန်နောက်ခံလူကို ကျော်ဖြတ်နေစဉ်

ဒုတိယပိုင်း ၅၄ မိနစ်တွင် ဆာကာကြောင့်ရရှိသည့် ပင်နယ်တီကို အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အမှားအယွင်းမရှိသွင်းယူကာ အင်္ဂလန်အသင်း ချေပဂိုးရရှိခဲ့သည်။ သို့သော် ပွဲချိန် ၇၈ မိနစ်တွင် ဂျရူးက ပြင်သစ်အတွက် ဒုတိယဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူသည်။ မိနစ်ပိုင်းအကြာတွင် အင်္ဂလန်အသင်း ဒုတိယအကြိမ် ပင်နယ်တီရသော်လည်း ဟယ်ရီကိန်းပင် ကန်သွင်းရာ လွဲချော်သွားခဲ့သည်။ အင်္ဂလန်အသင်းက မရပ်မနားတိုက်စစ်ဆင် ကစားသော်လည်း ပြင်သစ်အသင်းက အတည်ငြိမ်ဆုံး ခုခံနိုင်ပြီး နှစ်ဂိုးတစ်ဂိုးရလဒ်ဖြင့်သာ ပွဲပြီးသွားခဲ့သည်။

အင်္ဂလန်အသင်းမှ ဘယ်လင်ဂန် ကွင်းလယ်ဒိုင်ကို စောဒက တက်နေစဉ်

အင်္ဂလန်အသင်းမှာ ကမ္ဘာ့ဖလားပွဲတိုင်းတွင် ရေပန်းစားလေ့ရှိသော်လည်း အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၁၉၆၆ ခုနှစ်တွင်သာ ချန်ပီယံဖြစ်ခဲ့ဖူးသည်။ ၁၉၉၀ နှင့်၂၀၁၈ ကမ္ဘာ့ဖလားတွင် စတုတ္ထနေရာအထိ တက်ရောက်နိုင်ခဲ့သော်လည်း ကျန်ကမ္ဘာ့ဖလားပွဲများတွင် ကွာတားဖိုင်နယ်အဆင့်မှ လှည့်ပြန်ရသည်သာများသည်။

ဗိုလ်လုပွဲသုံးကြိမ်ရောက်ဖူးကာ နှစ်ကြိမ်ဗိုလ်စွဲထားသည့် လက်ရှိချန်ပီယံ ပြင်သစ်မှာ ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မော်ရိုကိုအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်တက်ရောက်လာသည့် အာဖရိကအသင်းမှာ နာမည်ကြီး အသင်းကြီးများဖြစ်သော ဘယ်လ်ဂျီယံ၊ စပိန်နှင့် ပေါ်တူဂီတို့ ဖြုတ်ချကာ ဗိုလ်လုပွဲနှင့် လက်တကမ်း အလိုရောက်လာခြင်းဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...